ဇူလိုင် ၁၀၊ ၂၀၁၄
M-Media
– ယနေ့နံနက်က နယ်သာလန်အသင်းအား ပယ်နယ်တီတွင် အနိုင်ယူပြီး ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းက သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့ခြင်းဖြစ်သည်ဟု အာဂျင်တီးနားနည်းပြ အလက်ဂျန်ဒရို စဘယ်လာက ပြောကြားလိုက်သည်။
“အကြောင်းအရာ တော်တော်များများတွက် ကျွန်တော် ပျော်ရွှင်မိပါတယ်။ ကျွန်တော် ဒီလိုလုပ်ပေးတာဟာ ကျွန်တော့်မိသားစုအတွက်၊ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်အတွက်၊ အာဂျင်တီးနားပြည်သူတွေအတွက်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့တာဖြစ်ပြီး နောက်ဆုံးဗိုလ်လုပွဲကိုလည်း ရောက်ခဲ့ပါပြီ” ဟု ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် စဘယ်လာက ပြောကြားခဲ့သည်။
အာဂျင်တီးနားအသင်းမှာ ထိုပွဲ၌ ပွဲချိန်အတွင်း အခွင့်အရေးတစ်ချို့ရခဲ့သော်လည်း အသုံးမချနိုင်ခဲ့ဘဲ ပယ်နယ်တီအထိ ရောက်ရှိခဲ့ကာ ဂိုးသမား ရိုမီရို၏ လက်စွမ်းပြမှုကြောင့် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
အသက် ၅၉ နှစ်အရွယ်ရှိ စဘယ်လာက ထိုပွဲတွင် အသင်း၏ နောက်တန်းမှာ ထိပ်တန်းအဆင့်တွင် ရှိခဲ့သည်ဟုဆိုပြီး ကစားသမားများကိုလည်း ချီးကျူးခဲ့သည်။ ထို့ပြင် ဗိုလ်လုပွဲတွင် တွေ့ဆုံရမည့် ဂျာမနီအသင်းအား လေးစားကြောင်းလည်း ပြောကြားခဲ့သည်။
“ဘောလုံးလောကရဲ့ ရှုထောင့်ကဆိုရင် ကျွန်တော်လေးစားတဲ့ အသင်း ၂ သင်းရှိပြီး ဘရာဇီးလ်နဲ့ ဂျာမနီတို့ပါပဲ။ ဂျာမနီဟာ ကြံ့ခိုင်းမှုပိုင်း၊ နည်းစနစ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာတွေမှာ တောင့်တင်းတယ်ဆိုတာကို အမြဲတမ်းပြသခဲ့ပါတယ်။ သူတို့မှာ ဘက်ကင်ဘောင်ဝါ၊ ရမ်မီနစ်ဂီတို့လို လက်ဖျားခါလောက်အောင်ကောင်းတဲ့ ကစားသမားတွေ ရှိခဲ့ဖူးပါတယ်”
Comments