6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၂၄ ၊ ၂၀၁၄
M-Media

ကျွန်ုပ်တို့၏ အမျိုးသားရေး ရည်မှန်းချက်ပန်းတိုင် (၁) ဖတ်ရန်

E အကန့်ဝင်များ

ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ကြည့်မယ်ဆိုရင် E အကန့်ဝင်တွေက အရေအတွက်များပါတယ်။ ဒီတော့ …   ဒီနေရာမှာ ကျွန်တော်မျှဝေချင်တာက E အကန့်ထဲမှာပါနေတဲ့ အချို့သော လက်လုပ်လက်စား ဆင်းရဲသားတွေ အကြောင်းပါပဲ။ လုပ်ငန်းအကြီးကြီးတွေမှာ ကျွမ်းကျင်ပညာရှင်အဆင့်အနေနဲ့ အလုပ်လုပ်နေကြတဲ့ ပညာရှင်တွေအနေနဲ့ကတော့ အဆင်ပြေကြပြီး ဝင်ငွေတွေလည်းကောင်းကြပေမယ့် ရိုးရိုးသာမန် လက်လုပ်လက်စား ဆင်းရဲသားတွေရဲ့ဘဝတွေကတော့ မလွယ်လှပါဘူး။ ကျွန်တော်ဆိုရင်လည်း E အကန့်ဝင် တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်နိုင်ငံခြားသွားပြီး အလုပ် လုပ်ခဲ့ဖူးတယ်။ ၁၉၉၉ -၂ဝဝဝ​ ခုနှစ်က မလေးရှားမှာ သွားအလုပ်လုပ်ခဲ့တာပါ။ ပညာရှင်အနေနဲ့ မဟုတ်ပါဘူး။ အထွေထွေလုပ်သား၊ General Worker ပါပဲ။ မလေးရှားနိုင်ငံမှာ ကျွန်တော်နေထိုင်ခဲ့စဉ် ကာလမှာ ကျွန်တော်တွေ့ကြုံခဲ့တာလေးတွေကို ဖောက်သည် ချချင်ပါသေးတယ်။

ကျွန်တော့်ရဲ့ မလေးရှားအတွေ့အကြုံ

malay

ကျွန်တော်တို့ မြန်မာအချင်းချင်းကို မလေးရှားမှာ ရွှေ လို့ ခေါ်ကြပါတယ်။ ငါတို့တွေက ရွှေညီအစ်ကို တွေ အစရှိသည်ဖြင့်လည်း ပြောကြ ပါသေးတယ်။ ရွှေ ထဲမှာလည်း ကောင်းတဲ့လူ ရှိသလို မကောင်းတဲ့လူလည်း ရှိပါတယ်။ ရွှေ အချင်းချင်း ပိုက်ဆံတွေလိမ်သွားတယ် ဆိုတာတွေလည်း ကြား သိနေရပါတယ်။ မလေးရှားမှာ ကျွန်တော်တို့နဲ့အလုပ် အတူတူလုပ်ခဲ့ဖူးတဲ့မန်နေဂျာကြီးက Chinese ပါ။

သူက ရွှေ တွေနဲ့အလုပ်အတူတူလုပ် ရတာ ပျော်ဖို့ကောင်းတယ်လို့ မကြာခဏပြောပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့စားသောက်ဆိုင် အလုပ်တွေထဲမှာ ပိုက်ဆံကောင်တာ cashier မှာနေပြီး ကျသင့်ငွေကိုတွက်ချက်၊ ပြီးရင် customer ဆီက ငွေယူရတဲ့အလုပ်ဟာ တော်တော်လေးလူသက်သာပါတယ်။ ဂရုစိုက်ဖို့တော့လိုတာပေါ့။ ကျွန်တော်တို့မြန်မာ တွေကတော့ ကျွန်တော်တို့ရဲ့မန်နေဂျာအန်ကယ်ကြီးက အသက် ၅ဝ ဝန်းကျင်ဆိုတော့ သူ့ကို အဲဒီ cashier မှာပဲအလုပ်လုပ်စေပါတယ်။ ကျန်တဲ့ပင်ပန်းတဲ့အလုပ်တွေကို ကျွန်တော်တို့လူငယ်တွေလုပ်ကြပါတယ်။ ကျွန် တော်တို့ဆိုင်မှာက မန်နေဂျာဆိုပြီး အင်္ကျီအဖြူလေးဝတ် ၊ necktie လေးစီးပြီး ကျော့ကျော့လေးလုပ်ရတာ မျိုး မဟုတ်ပါဘူး။ သူကိုယ်တိုင်အများနည်းတူ အလုပ်ဝင်လုပ်ရပါတယ်။ ဒါပေမယ့် အဲဒီအန်ကယ်ကြီးကိုတော့ ကျွန်တော်တို့က စောစောကပြောသလို အလုပ် လုပ်ရတာသက်သာတဲ့နေရာမှာလုပ်စေပါတယ်။ အဲဒီတော့ အန်ကယ်ကြီးက မြန်မာတွေနဲ့အလုပ်လုပ်ရတာတော်တော်သဘောကျပါတယ်။ အဲဒါနဲ့ မြန်မာ စိတ်ဓါတ်ကို သူ သိပ်ချစ်ခင်လေးစား သွားတာပါပဲ။

အလားတူပဲ ဘတ်စ်ကားတွေလိုင်းကားတွေစီးလို့ အသက်ကြီးရွယ်ကြီးတွေ ကားပေါ်တက်လာတယ်။ သူတို့ထိုင်ဖို့နေရာမရှိတော့ရင် ကျွန်တော်တို့က နေရာဖယ်ပေးလိုက်ပါတယ်။ သူတို့ကကျွန်တော်တို့ကို ကျေးဇူးတင်လို့ “Thank you, where are your from?” လို့မေးရင် “I’m from Myanmar.”လို့ဖြေရတာ တော်တော်ကို ပျော်ရွှင်ကြည်နူးခဲ့ရတဲ့အဖြစ်ပါ။ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားတွေ၊ ပညာရှင်ကြီးတွေလို မျိုးတော့ လူသိထင်ရှားကြီးကျယ်တဲ့ဂုဏ်မျိုးမဆောင်နိုင်ခဲ့ပေမယ့် နိုင်ငံတော်ရဲ့ဂုဏ်သိက္ခာ အတွက်တော့ “ငါ မြန်မာနိုင်ငံသား ဆိုတဲ့စိတ်နဲ့ ကိုယ်စွမ်းသလောက်လုပ်ခဲ့တာပါပဲ”။          ကိုယ့် ရွှေ အချင်းချင်းမှာလည်း သင့်တင့်လျောက်ပတ်တဲ့ ဆက်ဆံရေးရှိခဲ့ပါတယ်။ ဒီလိုနဲ့ပဲ မလေးရှားမှာအလုပ်လုပ်ခဲ့ရတဲ့ အချိန်တွေမှာ တစ်ခါတလေတော့လည်း စိတ်အခန့်မသင့်ဖြစ်တာလေးတွေ ရှိတာပေါ့လေ။ အများအားဖြင့်တော့ ပျော်ရွှင်စွာ ကုန်ဆုံးခဲ့ပါတယ်။

ဒီလိုနဲ့ပဲ နိုင်ငံခြားရောက်မြန်မာတွေဟာ ”ခင်ရာဆွေမျိုး၊ မြိန်ရာဟင်းကောင်း”ဆိုသလို ရွှေ အချင်းချင်းလည်း တွေ့ရင် စကြ၊ နောက်ကြ၊ စားကြသောက်ကြနဲ့ (သြော်..လက်ဖက်ရည်သောက်ပြီး မုန့်စားတာကိုပြောတာပါ။ဟဲ..ဟဲ) ပျော်ရွှင်စွာနေခဲ့ဖူးပါတယ်။ ဒီလိုအခြေအနေမျိုးတွေဟာ ယခုအချိန်အထိရော မလေးရှားက ရွှေ အချင်းချင်း ကြားထဲမှာရှိပါသေးရဲ့လား။ စိတ်ပူမိပါတယ်။ မလေးရှားရောက်နေတဲ့ ရွှေ တွေအားလုံးအတွက် စိတ်ပူမိသလို စောစောကပြောသလို ရွှေ အချင်းချင်းကြားမှာရှိတဲ့ ချစ်ခင်ပျော်ရွှင်စရာကောင်းတဲ့ဓလေ့လေးတွေလည်း နေဝင် ပျောက်ကွယ်သွားမှာကို စိုးမိပါတယ်။ ဒီလိုချစ်ခင်ပျော်ရွှင်စရာကောင်းတဲ့ ဓလေ့လေးတွေကို အဓွန့်ရှည်စေချင်ပါတယ်။ အားလုံးအဆင်ပြေကြပါ စေလို့လည်း ဆုတောင်းဆန္ဒပြု အပ်ပါတယ်။

မြန်မာပြည်မှာအဆင်မပြေလို့ ကိုယ့်ဘဝတိုးတက်ရာ တိုးတက် ကြောင်း အတွက် နိုင်ငံခြားသွားရတယ်ဆိုတာ တော်တန်ရုံ ဘယ်သူမှမလုပ်ချင်ကြပါဘူး။ ကိုယ်မိသားစု၊ ကိုယ့်တိုင်းပြည်ကို ဘယ်သူကမှ နှစ်ရှည်လများ ခွဲမသွားချင်ပါဘူး။ သွားရပြန်တော့လည်း နိုင်ငံခြားမှာ အလုပ်သွားလုပ်တဲ့ မြန်မာပြည်က အလုပ်သမားတွေဟာ ဘယ်လိုအခြေအနေမျိုးတွေနဲ့ ရင်ဆိုင်ရတတ်သလဲ၊ အရမ်းကြီးပျော်စရာမကောင်းတာတော့အမှန်ပါ။ နဂိုကတည်းက အဆင်မပြေလို့ စိတ်ညစ်ခံပြီး စွန့်စွန့်စားစားနဲ့ နိုင်ငံခြား ထွက်လာပါတယ်ဆိုမှ အဲဒီနိုင်ငံခြားမှာ ထပ်ပြီးစိတ်ပူစရာ၊ ဒေါသဖြစ်စရာတွေ ကြုံနေရဦးမယ် ဆိုရင်တော့ “မြွေပူရာကင်းမှောင့်” တာပါပဲ။ စာရေးဆရာညီမင်းညိုက မလေးရှား စာပေဟောပြောပွဲ တစ်ခှုမှာ ပြောသွားတာလေး heart ထိပါတယ်။ ”နှလုံးသားဖြူစင်တဲ့လူတွေဟာ သူတို့ရဲ့ ဖြူစင်တဲ့နှလုံးသား အချင်းချင်း ဆက်သွယ်ပြီးတော့ ကမ္ဘာပတ်လို့ရတယ်”တဲ့။

ဆရာညီမင်းညိုဟောသလိုပဲ နိုင်ငံခြားရောက် ရွှေ မြန်မာများ နှလုံးသားဖြူစင်တဲ့လူအချင်းချင်းတွေ့ဆုံကြပြီးတော့ အဆင်ပြေကြပါစေလို့လည်း ထပ်ဆင့် ဆုတောင်းဆန္ဒပြု အပ်ပါတယ်။

ဒီလိုပါပဲ၊ ကျွန်တော်လို E အကန့်ဝင်တွေကတော့ ကိုယ်ဘဝတိုးတက်ရေး အတွက် အမျိုးမျိုးကြိုးစားနေကြ ပါတယ်။ နိုင်ငံရပ်ခြားတွေမှာသွားပြီး အလုပ်လုပ် ပိုက်ဆံရှာကြပါတယ်။ ကျွန်တော် လေ့လာမိသလောက် မလေးရှားမှာလည်း စီးပွားရေး လုပ်ငန်းတော်တော်များများကို တရုတ် စီးပွားရေး လုပ်ငန်းရှင်ကြီးတွေပိုင်ပါတယ်။ ဒါပေမယ့် အဲဒီ လူမျိုးခြား စီးပွားရေးလုပ်ငန်းကြီးတွေမှာ အလုပ်ဝင်လုပ်နေ ကြတဲ့ မလေးရှားနိုင်ငံသား၊ မလေးလူမျိုးတွေရဲ့ရပိုင်ခွင့်တွေ၊ အထွေထွေခံစားခွင့်တွေ အတွက် သူတို့မလေး အစိုးရက ဥပဒေရေးဆွဲပြီး စနစ်တကျအကာအကွယ်ပေးထားပါတယ်။ လူမျိုးခြားစီးပွားရေးလုပ်ငန်းရှင်ကြီး တွေဆီမှာ အလုပ် လုပ်ရလို့ သူ့နိုင်ငံသားတွေမျက်နှာမငယ်အောင်၊ အောက်မကျို့အောင်၊ အခွင့်အရေးတွေ ခေါင်းပုံဖြတ်မခံရအောင် ဥပဒေတွေရေးဆွဲပြဌာန်းပြီး သေသေချာချာကို အကာအကွယ်ပေးထားပါတယ်။ အဲဒီတော့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကလည်း သူတို့လုပ်ငန်းလိုအပ်ချက်အရရော၊ သူတို့တိုင်းပြည်ရဲ့ဥပဒေ တွေအရရော ကျွန်တော်တို့လို နိုင်ငံခြားအလုပ် သမားတွေကို သူတို့လုပ်ငန်းတွေမှာ ခေါ်သုံးလာကြပါတယ်။

မလေးရှားလူမျိုးတွေအနေနဲ့ကတော့ သူတို့တိုင်းပြည်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာလို့ရှိရင် သူတို့တိုင်းပြည်အတွက်ရော၊ သူတို့အတွက်ပါ အလုပ်အကိုင်နဲ့ ဝင်ငွေအခွင့်အလမ်းကောင်းတွေရလာနိုင်ပြီး နည်းပညာအထောက်အကူတွေလည်း ရလာနိုင်တာကိုသိရှိထားကြပါတယ်။ အဲဒီတော့ သူတို့က အေးအေးဆေးဆေးပါပဲ။ အခု ကျွန်တော်တို့မြန်မာပြည်မှာ အစိုးရကလည်း “ပြည်တွင်းပြည်ပမှ အတတ်ပညာနှင့်အရင်းအနှီးများ ဖိတ်ခေါ်ခြင်း”ကို စီးပွားရေး ဦးတည်ချက်တစ်ခုအနေနဲ့ပြုလုပ် ဆောင်ရွက်လာ တာကို တွေ့ရပါတယ်။ ဒီလိုလုပ်ကိုင်လာတာ တိုင်းပြည် အနာဂတ်အတွက် ကောင်းမွန်ပါတယ်။

ဒါပေမယ့် ကျွန်တော်အထက်က တင်ပြခဲ့သလို ဒီလို နိုင်ငံခြား စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ပဲဖြစ်ဖြစ်၊ ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ပဲဖြစ်ဖြစ် လုပ်ကိုင်တဲ့ နေရာမှာ တိုင်းသူပြည်သားတွေ အတွက် အလုပ် အကိုင်အခွင့်အလမ်းတွေ၊ နည်းပညာအခွင့်အလမ်း အစရှိတဲ့ ကောင်းမွန်တဲ့အကျိုးကျေးဇူးတွေ ရရှိခံစားဖို့၊ တိုင်းပြည်အတွက်လည်း ကောင်းမွန်တဲ့ အသီးအပွင့်တွေရရှိဖို့၊ ရင်းနှီးမြှုပ်နှံတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေအတွက်လည်း သင့်တင့်လျောက်ပတ်တဲ့ အမြတ်အစွန်းတွေ ရရှိဖို့အတွက်ကတော့ တရားဥပဒေစိုးမိုးရေးကအရေးကြီးပါတယ်။ အဲဒီလိုတရားဥပဒေစိုးမိုးပါမှ လူထုကြီးအနေနဲ့ကလည်း စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ အပြုသဘောဆောင်တဲ့အမြင်မျိုး၊ သဘောထားမျိုးနဲ့ ပေါင်းစည်းလုပ် ကိုင်ဖို့ အာသီသပြင်းပြလာပါလိမ့်မယ်၊ နိုင်ငံတစ်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားအတွက် Entrepreneur လို့ ခေါ်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ အမှန်တကယ်လိုအပ်လှပါတယ်။ အဲဒီတော့ အဲဒီစီးပွားရေးလုပ်ငန်းရှင်ကြီး တွေနဲ့အလုပ် လုပ်ကိုင်ရာမှာတော့ win – win theory အရ ပေါင်းစပ်လုပ်ကိုင်ဖို့ အတွက်၊ နိုင်ငံတော်နဲ့ ပြည်သူအများ အကျိုးစီးပွား တိုးတက်ဖို့ အတွက်ကတော့ တရားဥပဒေစိုးမိုးရေးက အလွန်အရေးကြီးပါတယ်။ ဒါမှသာ ရင်းနှီးမြှုပ်နှံမယ့် သူဌေးတွေအနေနဲ့လည်း အပူအပင်ကင်းကင်းနဲ့ စီးပွားရေးလုပ်နိုင်မှာဖြစ်သလို ဝန် ထမ်းတွေအနေနဲ့ကလည်း သူတို့ရဲ့လုပ်အားတွေ၊ အချိန်တွေကို ဈေးပေါပေါနဲ့ ခေါင်းပုံဖြတ်ခံရခြင်းမှ ကင်းဝေး မှာ ဖြစ်ပါတယ်။ အခုလည်းစာရေးသူတို့မြန်မာပြည်မှာ သိသာထင်ရှားတဲ့အပြောင်းအလဲတွေဖြစ်နေပါတယ်။

ဆက်သွယ်ရေးကဏ္ဍမှာဆိုလည်း တယ်လီနောတို့၊ အော်ရီဒူးတို့လို နိုင်ငံခြားဆက်သွယ်ရေးကုမ္ပဏီကြီးတွေ လာပြီးရင်းနှီးမြှုပ်နှံကြပါတယ်။ အဲဒီကုမ္ပဏီကြီးတွေလာပြီးဆက်သွယ်ရေးကဏ္ဍမှာရင်းနှီးမြှုပ်နှံပြီဆိုရင် မြန်မာ ပြည်ရဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ၊ speed (ဆက်သွယ်ရေးအမြန်နှုန်း)တွေ ပိုပြီးမြင့်တက်လာလေမလား၊ သုံးစွဲသူတွေအနေနဲ့ 3G,4G အစရှိတဲ့ ဝန်ဆောင်မှုတွေလို အဆင့်မြင့်ဝန်ဆောင်မှုတွေကို အပြည့်အဝ ရရှိခံစားနိုင်မလား? ဆိုပြီး စဉ်းစားရင်ခုန်နေကြသလို တစ်ဖက်မှာလည်း ဒီနိုင်ငံခြားကုမ္ပဏီကြီးတွေမှာ အလုပ်ဝင်လုပ်ရင် အခြေခံလစာက အဆင့်မြင့်တယ်၊ ပြည်တွင်းကုမ္ပဏီတွေမှာဒီလိုမရနိုင်ဘူးဆိုပြီး အဲဒီကုမ္ပဏီကြီးတွေမှာအလုပ်ဝင်လုပ်ဖို့ CV တင် ထားကြတဲ့သူတွေလည်းအများကြီးပါ။ စာရေးသူအထက်က ဖော်ပြသလို အဲဒီစီးပွားရေးလုပ်ငန်းကြီးတွေနဲ့ စာရေးသူတို့ ပြည်သူလူထုကြီး win-win theory အရ ဆက်ဆံနိုင်ဖို့ကတော့ တရားဥပဒေစိုးမိုးရေးနဲ့ အလုပ်သမားအခွင့်အရေးများ ခိုင်မာစွာချမှတ်ထားရှိရေး၊ တစ်ဖက်မှာလည်း လာပြီးရင်းနှီးမြှုပ်နှံမယ့်လုပ်ငန်းကြီးတွေအတွက် လုပ်ပိုင်ခွင့်နဲ့ လုံခြုံမှုရှိရေးတွေက အရေးကြီးပါတယ်။ အမှန်တကယ်ပဲ ကိုယ့်တိုင်းပြည်အတွက်၊ ကိုယ့် တိုင်းသူပြည်သားတွေအတွက် အကျိုးအမြတ်ရှိမယ့် အခွင့်အလမ်းမျိုးဆိုရင်တော့ လွဲချော်မခံသင့်ပါဘူး။

ဒီလို အခွင့်အရေးမျိုးတွေရဖို့ ကျွန်တော်တို့ ဘယ်နှစ်နှစ်စောင့်ခဲ့ရသလဲ။ အခု ဒီအစိုးရ လက်ထက်မှာ ဒါတွေရလာပြီ။ နောက်ထပ်လည်း အခုထက်ပိုကောင်းတဲ့ အခွင့်အရေးတွေရနိုင် ပါသေးတယ်။ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်ကြီးတွေပဲဖြစ်ဖြစ်၊ ပြည်ပ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေပဲဖြစ်ဖြစ်ပါ ၊ ဘယ်သူမဆို သူ့အတွက်လည်း အမြတ် ကျန်အောင်လုပ်ပါ။ တိုင်းပြည်အတွက်နဲ့ အဲဒီလုပ်ငန်းမှာ ပါဝင်ဆောင်ရွက်နေတဲ့ တိုင်းသူပြည်သားတွေ အတွက်လည်း သင့်တင့် လျောက်ပတ်တဲ့အကျိုးအမြတ်ရအောင်လုပ်ပေးနိုင်မယ်ဆိုရင် ဒါကို ကျွန်တော်တို့ကြိုဆိုရပါလိမ့်မယ်။

ဘယ်သူ မဆိုတော့ ကိုယ့်ဘဝကို လူနေမှု အဆင့်မြင့်မြင့်နဲ့ဖြတ်သန်းချင်တယ်။ ကိုယ့်ရဲ့မျိုးဆက်သစ် ကလေး တွေကိုလည်း အမွေကောင်းတွေပေးချင်တယ် မဟုတ်ပါလား။ ကျွန်တော်တို့မြန်မာပြည်သားတွေက မိသားစုနဲ့ခွဲ၊ တိုင်းပြည်နဲ့ခွဲပြီး နိုင်ငံခြား အထိအလုပ်သွားလုပ်စရာ မလိုပဲ မြန်မာပြည်မှာတင် နေထိုင်လုပ်ကိုင်လို့ ရရင်မကောင်းဘူးလား။ ဒီလို အခြေအနေမျိုးဖြစ်ဖို့ နှစ်များစွာစောင့်ခဲ့ ရသလို နောက်ထပ်လည်း လုပ်စရာတွေက အများကြီး ကျန်သေးတယ်။ အဲဒီတော့အခုအချိန်မှာ ကျွန်တော်တို့တွေဟာ “ရွှေပြည်တော် မျှော်တိုင်းဝေး” အဖြစ်မျိုး မရောက်စေဖို့ အတွက် ကျွန်တော်တို့ပါးနပ်ရပါလိမ့်မယ်။ ကြိုးစားရပါလိမ့်မယ်။ လောကသဘောအရ တစ်ဖက်မှာ တိုးတက်ဖြစ်ထွန်းမှုရှိသလို တစ်ဖက်မှာအဲဒီ တိုးတက်ဖြစ်ထွန်းမှုကို ပျက်စီးစေမယ့် အကြောင်းတရား တွေပေါ်လာတတ်ပါတယ်။

ဒါတွေကိုကျွန်တော်တို့က အသိရှိရှိ လိမ္မာ ပါးနပ်စွာနဲ့ ရှောင်ကွင်းသွားပြီး ကိုယ့်ရဲ့ ပန်းတိုင်ကိုရောက်အောင် သွားနိုင်တာကိုက ကျွန်တော်တို့အတွက်လိုအပ်တဲ့ အရည်အချင်းတစ်ရပ် မဟုတ်ပါလား။ ကျွန်တော်တို့သာ ဒီအချိန်မှာလိမ္မာပါးနပ်စွာနဲ့ ဒီစိန်ခေါ်မှုကိုဖြေရှင်းနိုင်ခဲ့မယ်၊ မှတ်ကျောက်အတင်ခံနိုင်ခဲ့မယ်ဆိုရင်တော့.. တွေးကြည့်လိုက်ပါ။

ကျွန်တော်တို့ရဲ့မျိုးဆက်သစ်လေးတွေဘဝ၊ ကျောင်းကားအကောင်းစားကြီးစီးပြီး အဆင့်မြင့် နည်းပညာတွေနဲ့နိုင်ငံတကာ အဆင့်မီ သင်ကြားပေးနေတဲ့ စာသင် ခန်းမကြီးတွေထဲမှာ စာတွေသင်လို့၊ ကျွန်တော်တို့တွေကလည်း ကျွန်တော်တို့မိသားစုနဲ့ ကိုယ်စီကိုယ်ငှ ပျော်ရွှင်နေကြပြီး နိုင်ငံကြီးသားပီသတဲ့ ၊ သဘောထားကြီးပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံကြီး သားတွေအနေနဲ့ ကမ္ဘာ့အလယ်မှာဂုဏ်တင့်လို့ ဘယ်လောက်များကောင်းလိုက်မလဲ။ မြန်မာနိုင်ငံသားဆိုရင် တတိယနိုင်ငံ(ဆင်းရဲတဲ့နိုင်ငံ)ကလို့ သတ်မှတ်ပြီး ကမ္ဘာ့နိုင်ငံကြီးတွေအလယ်မှာ မျက်နှာမငယ်ရစေဖို့ကတော့ လက်ရှိကျွန်တော်တို့မျိုးဆက်မှာတာဝန်ရှိပါတယ်။

ကျွန်တော်တို့ခေတ်မှာမှ ဒီလို နိုင်ငံရေးစနစ် ပြောင်းလဲမှုကြီးက စ ဖြစ်တာကိုး။ အဲဒီတော့ ကျွန်တော်တို့က ဒီ အပြောင်းအလဲတစ်ခုကို ပါးပါးနပ်နပ်နဲ့ ကောင်းမွန်စွာ ကျော်ဖြတ်နိုင်ခဲ့ရင်တော့ ကျွန်တော်တို့မျိုးဆက်က သမိုင်းမှာ အမည်ကောင်းနဲ့ မှတ်ကျောက် အတင်ခံနိုင်မှာဖြစ်သလို ကျွန်တော်တို့မျိုးဆက်သစ်လေးတွေကိုလည်း အမွေကောင်းတွေ ထားရစ်ခဲ့နိုင် ပါလိမ့်မယ်။ ကျွန်တော်တို့တစ်ချိန်ကမက်ခဲ့ရတဲ့ “နိုင်ငံခြားမှာ ပညာသွားသင်ဖို့၊ အလုပ်သွား လုပ်ဖို့အိပ်မက်ကို ကျွန်တော်တို့ ဒီတိုင်းပြည်မှာပဲအကောင်ထည်ဖော်ရအောင်။”

E အကန့်ဝင်မဟုတ်သေးသူများ

ဒီနေရာမှာ ထပ်မံဖေါ်ပြချင်တာကတော့ E လို့ခေါ်တဲ့ Employee အကန့်လည်းမဟုတ်၊ ဘယ်အကန့်မှာ မှလည်းမပါတဲ့ “အလုပ်အကိုင်ရရှိဖို့ အားကြိုးမာန်တက်ရှာဖွေနေသူတွေ” (တစ်နည်း) အလုပ်လက်မဲ့တွေ လည်း ကျွန်တော်တို့တိုင်းပြည်မှာ ရှိပါတယ်။ ဒီလိုလူမျိုးတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့လိုသလို မှန်ကန်တည့်မတ်တဲ့ သမ္မာအာဇီဝနည်းနဲ့ ငွေရှာချင်အောင် စိတ်ပိုင်းဆိုင်ရာကို motivation လုပ်ပေးဖို့၊ တည့်မတ် မြှင့်တင်ပေးဖို့လည်းလိုပါတယ်။ နောက်ပြီးတော့ ကျွန်တော် လေ့လာမိ သလောက်တွေ့မိတာကတော့ အထူးသဖြင့် ငွေရေးကြေးရေးလိုအပ်ချက်ရှိနေသူတွေကို Financial Education လို့ ခေါ်တဲ့ ငွေကြေးပညာကို တတ်သိနားလည်လာအောင် အကြံပေးသင့်တာအကြံပေး၊ ကူညီ သင့်တာ ကူညီဖို့ပါပဲ။

Financial ဆိုတဲ့ ဘဏ္ဍာရေးနဲ့ပတ်သက်တာတွေက အစိုးရဌာနဆိုင်ရာတွေ၊ ကုမ္ပဏီ အကြီးကြီး တွေနဲ့သာ သက်ဆိုင်တာမဟုတ်ပါဘူး။ လူတစ်ဦးချင်းစီမှာလည်း ဝင်ငွေနည်းသူက နည်းသူအလျောက်၊ များသူက များသူအလျောက် ကိုယ့်ဝင်ငွေနဲ့ ထွက်ငွေကို စီမံခန့်ခွဲနိုင်ဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့ဟာ ငွေအများကြီး မရှာနိုင်သေးရင် ငွေထွက်ပေါက်(ငွေယိုပေါက်)တွေကို သတိထားပြီးကြည့် ရမယ်။ မလိုအပ်တဲ့ ငွေထွက်ပေါက်တွေမရှိတာအကောင်းဆုံးပါပဲ။ ၂ လုံး၊ ၃ လုံး၊ ချဲထီ ၊ ဘောလုံးလောင်းကစား အစရှိတဲ့ လောင်းကစားတွေကို သက်ဆိုင်ရာက ဥပဒေတွေပြဌာန်းသတ်မှတ်ပြီး အရေးယူနေပေမယ့် လစ်ရင်လစ်သလို လုပ်နေကြတာပါပဲ။

အဲဒီမှာလည်း ထွက်ငွေတွေရှိပါတယ်။ ပြီးတော့ အပျော်အပါး ပွဲလမ်း သဘင်တွေမှာလည်း ငွေတွေထွက်ကြပါတယ်။ မပျော်ပါနဲ့လို့တော့ မပြောလိုပါ။ သို့သော် မိမိမှာငွေကြေးလိုအပ်ချက်ရှိနေတယ်။ မိမိ မိသားစုမှာငွေကြေးလိုအပ်ချက်ရှိနေတာကိုသိသိကြီးနဲ့ အပျော်အပါးနဲ့ဖျော်ဖြေရေး(Entertainment) လုပ်ငန်းတွေအတွက် ငွေအများကြီးမသုံးသင့်ပါဟု အကြံပြုလိုတာပါ။ ဖျော်ဖြေရေး လုပ်ငန်းတွေကတော့ အခုခေတ်မှာ ပိုတောင်မှ မြိုင်ဆိုင်လာပါသေးတယ်။

ဒါပေမယ့် ကိုယ့်ရဲ့ဝင်ငွေအတိုင်းအတာကို ချင့်ချိန်သင့်ပါတယ်။ ဘယ်လောက်ပဲ စားသောက်ဆိုင်ကြီးမှာ အကောင်းဆုံး စားသောက်ဖွယ်ရာတွေနဲ့ ချောမောလှပနဲ့ မိန်းကလေးတွေ ရှိနေပါစေ… မိမိရဲ့အိမ်ထောင်ဖက်သည်သာ မိမိအတွက်အသင့်လျော်ဆုံးပါ။ မိမိ သားသမီးတွေရဲ့ မျက်နှာကို ငဲ့သင့်ပါတယ်။ တစ်လင် တစ်မယားစနစ် ကျင့်သုံးတာကိုအားပေးပါတယ်။ အမှန်တကယ် တစ်လင်တစ်မယား စနစ်ဖြစ်ဖို့တော့လိုပါတယ်။ အခုလို ပွင့်လင်း လွတ်လပ်လာတဲ့ခေတ်ကြီးမှာ ကျွန်တော်တို့ရဲ့ ကိုယ်ကျင့်တရားကို စိန်ခေါ်နေတဲ့ ဖျော်ဖြေရေး လုပ်ငန်းတွေ အများကြီး ပေါ်ပေါက် လာနေပါတယ်။ ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားကို တည်ဆောက်နိုင်မယ်ဆိုရင်တော့ ကိုယ်လည်း ဂုဏ်သိက္ခာရှိ လူကြီးလူကောင်း တစ်ယောက် ဖြစ်လာမှာဖြစ်ပြီး ကိုယ့်ငွေလည်း မကုန်သင့်တာမကုန်တော့ပါ။ ကိုယ့်အိမ်ထောင်ရေးလည်း သာယာမှာဖြစ်ပြီး မိသားစုပျော်ရွှင်ချမ်းမြေ့မှုလည်းရလာပါလိမ့်မယ်။

ဒီလိုမျိုး ဝင်ငွေနည်းဝန်ထမ်းတွေ၊ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်နေသူတွေနဲ့ အလုပ် အကိုင်ရရှိဖို့တွက် အားကြိုးမာန်တက်ရှာဖွေနေ သူတွေအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက နိုဗယ်ဆုရှင်ကြီး ဒေါက်တာ မိုဟမ္မဒ်ယူနွတ်စ်လို Micro Banking System လို စနစ်မျိုးတွေ တည်ထောင်ပြီး တစ်နိုင်တစ်ပိုင် စီးပွားရေး လုပ်ငန်းတွေကိုကူညီတာ၊ ဝင်ငွေနည်းအလုပ်သမားတွေ၊ အားကြိုးမာန်တက် အလုပ်အကိုင်ရှာဖွေနေသူတွေကို ကူညီပေးတာမျိုးတွေ လုပ်ပေးနိုင်မယ်ဆိုရင် အကောင်းဆုံးပါ။ ဒါကတော့ စာရေးသူတွေးမိတာလေးပါ။ အမှန်တကယ်ပဲ ဆင်းရဲသားတွေ ဘဝကို စာနာပေးပြီး သူတို့ကို ဆင်းရဲတွင်းကနေ နည်းလမ်းကျကျ  ကယ်တယ်ပေးမယ့်၊ ကယ်တင်ပေးနိုင်တဲ့ အခြေအနေမှာလည်းရှိတဲ့ Entrepreneur လို့ ခေါ်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ လိုအပ်တာတော့အမှန်ပါပဲ။

ပြုပြင်ပြောင်းလဲခြင်းများ

နိုင်ငံတော်အစိုးရအနေနဲ့လည်း ပညာရေး၊ ကျန်းမာရေးအစရှိတဲ့ကဏ္ဍတွေမှာ အရင်ကထက်စာရင် အများကြီး ပံ့ပိုးလာတာကိုတွေ့ရပါတယ်။ ယခုစာသင်နှစ် ၂​ဝ၁၄-၂ဝ၁၅ စာသင်နှစ်အတွက် အစိုးရကျောင်းများ က ကျောင်းသားများကို လက်ခံတဲ့နေရာမှာ အစိုးရအလယ်တန်း အဆင့်အထိကို ငွေကြေးတစ်စုံတရာ ကောက် ခံခြင်းမပြုတော့ပါဘူး။ အခမဲ့ပညာရေးစနစ်ပုံစံမျိုးကို ဦးတည်ပြီးသွားနေတာကို ဝမ်းသာဖွယ်ရာတွေ့ရပါတယ်။

        အခုဆိုရင် နိုင်ငံတော်အစိုးရရဲ့ခွင့်ပြုချက်တွေနဲ့ Non-Government Organization လို့ ခေါ်တဲ့ NGOs တွေ၊ International Non-Government Organization လို့ ခေါ်တဲ့ INGOs တွေလည်း မြန်မာပြည်မှာ များပြား စွာရောက်ရှိလာနေပါပြီ။ အဲဒီ NGO လုပ်ငန်းတွေမှာပါဝင်ဆောင်ရွက်နေတဲ့ ကျွန်တော့်သူငယ်ချင်းတွေလည်း များပြားစွာရှိပါတယ်။ သူတို့အတွေ့အကြုံလေးတွေကိုလည်း ကျွန်တော် “ဗျူး”ကြည့်ပါသေးတယ်။

မြန်မာနိုင်ငံ မှာ လက်ရှိဖြစ်ပွားနေတဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုဖူလုံရေးအစရှိတဲ့အခန်းကဏ္ဍတော်တော်များများမှာ ဒီ NGO အဖွဲ့တွေဟာ ပါဝင်လှုပ်ရှားဆောင်ရွက်နေကြပါတယ်။ ကျန်းမာရေးအသိပညာပေးလုပ်ငန်းတွေလုပ်တာ (ဥပမာ… နေပူမိုးရွာမရှောင် တောထဲတောင်ထဲ အထိသွားပြီး ကျေးလက်နေပြည်သူတွေကို AIDS အသိပညာပေး၊ သားဆက်ခြားအသိပညာပေး အစရှိတဲ့ လုပ်ငန်းတွေကိုဆောင်ရွက်နေသလို တစ်ဖက်မှာလည်း လူမှုဖူလုံရေးလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်။

အလျဉ်းသင့်လို့ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့ကို စာရေးသူကိုယ်တိုင် NGO လုပ်တဲ့သူငယ်ချင်း မန္တလေးသား ကိုနိုင်အောင်မင်းနဲ့ သွားရောက်လေ့လာခဲ့တာ တွေကို ပြန်လည် မျှဝေချင်ပါသေးတယ်။) ဘ/က လို့ခေါ်တဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေနဲ့ အစိုးရကျောင်းတွေမှာ သွားရောက်ပြုလုပ်တဲ့ ပညာရေးကူညီမှုအစီအစဉ်လေးတွေပါ။ ပထမဦးစွာ ဒလမြို့ကို ရောက်သွားတော့ ဒလမြို့ရဲ့ အုပ်ချုပ်ရေးမှူးရုံးမှာ ခွင့်ပြုချက်ယူရပါတယ်။ ပြီးတော့ ပညာရေး ကိစ္စဖြစ်တဲ့အတွက် ဒလမြို့ရဲ့ ပညာရေးမှူးရုံးထံမှလည်း ခွင့်ပြုချက်ယူရပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ကလည်း အကောင်းဆုံးဖြစ်အောင်ဆောင်ရွက် ပေးပါတယ်။

ဒါတွေဟာ သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ ပြောင်းလဲဖြစ်ပေါ်လာတဲ့ အပြု သဘောဆောင်တဲ့ ဖြစ်ထွန်းမှုတွေပါ။ နောက်ပြီးတော့ ကျွန်တော်တို့ ဘ/က ကျောင်းကိုသွားတယ်။ ဘ/က ကျောင်းကဆရာတော်ကို ကလေးတွေရဲ့ ပညာရေး၊ စီးပွားရေးနောက်ခံအင်အား အစရှိတာတွေကို လျှောက်ထား မေးမြန်းတော့ ဆရာတော်ကလည်း ပြန်လည်ပြီး အသေးစိတ်ရှင်းပြ မိန့်ကြားပါတယ်။ ပြီးတော့ ဒီကလေးတွေထဲမှာ ဆင်းရဲတဲ့ကလေးတွေရှိတယ်။ သူတို့တွေကို ပညာအလကားခေါ်သင်ပေးရုံနဲ့ သူတို့က မလာပါဘူး။ ဘာဖြစ်လို့မလာတာလည်းဆိုတော့ သူတို့မိသားစုစီးပွားရေးကမကောင်းတော့ ဒီကလေးတွေက သူတို့မိသားစုကို ငွေပြန်ရှာပေးနေရတော့ ကျောင်းလာမတက်နိုင်ဘူး။ အဲဒီတော့ ဒီကလေးတွေကို ကျောင်းမှန်မှန်လာပြီး စာလာသင်နိုင်ဖို့ ဒီကလေးတွေရဲ့မိဘတွေကိုခေါ်ပြီး တစ်အိမ်ထောင်အတွက် တစ်ပတ် ကို ဆန် (၅)ပြည်၊ ဆီ(၁)ဗူး အစရှိသည်ဖြင့် အဲဒီအိမ်ထောင်မှာရှိတဲ့ မိသားစုဦးရေအပေါ်မူတည်ပြီး ထောက်ပံ့ပေးရပါတယ်။

အစိုးရကထောက်ပံ့တာတွေရှိသလို ကုမ္ပဏီကြီးတွေ၊ NGO တွေ၊ အနုပညာရှင်တွေ အစရှိသည်ဖြင့် တော်တော်များများက လာထောက်ပံ့ပါတယ်။ ထို့နောက် စာရေးသူတို့လည်း အစိုးရ မူလတန်းကျောင်းလေးဆီကို ခရီးဆက်ခဲ့ကြပါတယ်။ ကျောင်းအုပ်ဆရာမ ကြီးနဲ့လည်းတွေ့ဆုံစကားပြောခွင့် ရတော့ စာရေးသူရဲ့ထုံးစံအတိုင်း ဆရာမကြီးကို နည်းနည်း”ဗျူး”ခဲ့ပါသေးတယ်။ ဆရာမကြီးကလည်း သေချာရှင်းပြပါတယ်။ အခုဆိုရင် နိုင်ငံခြားကုမ္ပဏီတစ်ခုကလာပြီး ကလေးတွေ ဥာဏ်ရည် ထက်စေဖို့ ပြုလုပ်ထားတဲ့ နို့တွေကို ကလေးတွေကို တစ်ရက်ကိုတစ်ဗူးတိုက်တယ်။ အစိုးရက ထောက်ပံ့ပေးတာတွေလည်း ရှိတယ်။NGO တွေကလည်း လာပြီး ကျောင်းစိမ်းဝတ်စုံတွေ၊ စာရေးကိရိယာတွေ၊ လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတွေ လာလှူထားတာတွေအများကြီးရှိပါတယ်။

စာရေးသူတို့ကိုလည်း ပြပါတယ်။ နောက်နှစ်နည်းနည်းကြာရင် မြန်မာပြည်ကျောင်းတွေမှာ စာအုပ်တွေ၊ ဘောပင်တွေပျောက်ပြီး Projector နဲ့ ဆရာတွေကစာသင်၊ ကလေးတွေက Laptopလေးတွေနဲ့စာလိုက်မှတ်တဲ့ ပုံစံမျိုးတွေတောင် ဖြစ်လာနိုင်ပါတယ်။ ဖော်ပြပါအတိုင်းပဲ ကလေးတွေအတွက် ဝမ်းသာစရာသတင်းကောင်းတွေကို များစွာ တွေ့မြင်ကြားသိခဲ့ရပါတယ်။ စာရေးသူတောင် တွေးမိပါသေးတယ်။ “သြော်… ငါတို့ငယ်ငယ်တုန်း ကတော့ ဒီလိုမျိုးထောက်ပံ့ကူညီတာမျိုးတွေ မကြားပါဘူး၊ မကြုံဘူးပါဘူး၊ အခုတော့များ ကြည့်စမ်း၊ ဘယ် လောက်တောင်အဆင်ပြေသလဲ၊ ပိုက်ဆံမရှိတဲ့အိမ်က ကလေးတွေကို ကျောင်းတွေက ဆီတွေ၊ ဆန်တွေပါ ပြန်ပေးသတဲ့၊ ကျွန်တော်တို့ငယ်ငယ်တုံးကတော့ မေလအကုန် ဇွန်လအဆန်းဟာ ပိုက်ဆံချမ်းသာသူတွေ အတွက်တော့ သိပ်ပြဿနာမဟုတ်ပေမယ့် သာမန်လူတန်းစားတွေ၊ လက်လုပ်လက်စားရုန်းကန်နေရတဲ့လူတွေ အတွက်တော့ တကယ့်ပြဿနာပါပဲ။

ကလေးတွေကို ကျောင်းအပ်ရတော့မယ်။ စာအုပ်ဖိုး၊ ကျောင်းအပ်ပိုက်ဆံ၊ ကျောင်းစိမ်း ဝတ်စုံဖိုးတွေ… နောက်ပြီး ကျူရှင်လခတွေ အစရှိသည်ဖြင့်ပေါ့လေ။ ချေးရ၊ ငှားရနဲ့။ ဒီလိုပါပဲ။ အခုတော့ စာရေးသူတောင် ကလေးတွေနဲ့ရောပြီး ကျောင်းပြန်တက်ချင်စိတ်ပေါ်လာလို့ အတန်းပိုင်ဆရာမလေး ကို ခွင့်တောင်းပြီး (“ငွေသော်တာရောင်ခြည် ထိန်လင်းတော့သည် ဘုံကြိုးပြတ်တဲ့ မိုးနတ်မဒ္ဒီ”ဆိုတဲ့ သီချင်းလေးကိုဆို…. သြော်…ဆောရီး… စာရေးရင်းနဲ့ယောင်သွားပြန်ပြီ။)

ကင်မရာတစ်လုံးနဲ့ ကလေးတွေကို ဓါတ်ပုံတွေရိုက်ရင်း သူတို့လေးတွေ စာတွေအော်ဆိုနေကြတာကို ကြည့်ပြီး စာရေးသူတောင် ယောင်ပြီးလိုက်ဆို မိပါသေးတယ်။ “ပန်းကလေးများ ပွင့်တော့မည်၊ ဖူးတံဝင့်လို့ချီ၊ နေခြည်မှာရွှေရည်လောင်း၊ ငါတို့စာသင် ကျောင်း” ဆိုပြီးတော့ပေါ့။ သြော်…ကျွန်တော်လည်း ကျွန်တော်တို့ခေတ်တုန်းက မရခဲ့ဘူးတဲ့ အခွင့်အရေး ကောင်းကောင်းတွေ ရနေတဲ့ ကလေးတွေအကြောင်းကို ဝမ်းသာအားရ ပြန်လည် မျှဝေရင်းနဲ့ စာရေး နေတာတောင် ဘယ်ရောက်သွားပါလိမ့်။ အဲဒီလို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆင်းရဲမွဲတေမှုကလွတ်မြောက် ပြီး ပညာရည်တွေမြင့်မားဖို့၊ ကာယ၊ ဥာဏ စာရိတ္တ.. အစရှိတဲ့ ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ဖို့အတွက် နိုင်ငံတော်အစိုးရမှလည်း ၎င်းကိုယ်တိုင် ကူညီထောက်ပံ့နေသည့်အပြင် နိုင်ငံတကာ ကူညီ ထောက်ပံ့ရေးအစီအစဉ်များကို ခွင့်ပြုထားပြီးဖြစ်သလို ပြည်တွင်း/ပြည်ပမှ စေတနာရှင်များ၊ အဖွဲ့အစည်းများမှ လည်း အားတက်သရော ကူညီထောက်ပံ့နေတာကို ပညာရေးကဏ္ဍတွင်သာမဟုတ်ဘဲ ကျန်းမာရေး၊ စီးပွားရေးအစရှိသည့် အခြားကဏ္ဍတော်တော်များ များမှာမြင်တွေ့နေရပါတယ်။ အခုလိုမျိုး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တွေကို ကိုယ်တိုင်လက်တွေ့အကောင် အထည်ဖော် ဆောင်ရွက်နေရုံသာမက နိုင်ငံတကာကပါ ပူးပေါင်းပါဝင်ကူညီနိုင်အောင် ခွင့်ပြုချက်ပေးခဲ့တဲ့ နိုင်ငံတော် အစိုးရနှင့် တကွ သက်ဆိုင်ရာ တာဝန်ရှိအကြီးအကဲများ၊ စေတနာရှင်များ၊ ကုသိုလ်ဖြစ်အဖွဲ့အစည်းများ၊ NGOs / INGOs များ၊ ပါဝင်လှုပ်ရှားဆောင်ရွက်နေသူ ဆရာ/ဆရာမများ၊ ပညာရှင်များ၊ မိတ်ဆွေများ အားလုံးကိုလည်း စာရေးသူရဲ့ရင်ထဲက လှိုက်လှဲစွာကျေးဇူး တင်ရှိပါကြောင်းကိုလည်း ကျေးဇူးတင် စကားဆိုပါရစေ။

နိဂုံးချုပ်အားဖြင့်တော့ စာရေးသူတို့တိုင်းပြည်ရဲ့ရွှေရောင်အနာဂတ်ဟာ စာရေးသူတို့ရဲ့ ခပ်လှမ်း လှမ်းမှာ ရေးပြပြလေးတော့ တွေ့မြင်နေ ရပါပြီ။ ဒါပေမယ့် ဒီလို အချိန်အခါမျိုးမှာ ဒီဆောင်းရဲ့အစမှာ စာရေးသူဖေါ်ပြခဲ့သလိုပဲ အဖျက်အမှောင့်တွေ၊ အတားအဆီးတွေလည်း ဝင်လာတတ်ပါတယ်။ ဒါတွေကို စာရေးသူတို့က လိမ္မာပါးနပ်စွာနဲ့ ရှောင်ကွင်းသွားပြီး ကိုယ်လိုရာပန်းတိုင်ခရီးကိုရောက်အောင် သွားနိုင်ခဲ့ရင်တော့ ဒါဟာ”အမျိုးသားအောင်ပွဲ”ပါပဲ။ စာရေးသူအနေနဲ့ကတော့ မိမိမွေးဖွားရှင်သန်ရာ တိုင်းပြည် နဲ့ တိုင်းသူပြည်သားတွေ ပညာဥာဏ်ရည်တွေ၊ ဆင်ခြင်တုံတရားတွေမြင့်မားပြီး နိုင်ငံကြီးသားပီသနေတာ၊ ကြီးပွားကောင်းစားနေ တာကို မြင်ချင်တာပါပဲ။ စာရေးသူရဲ့ ပုဂ္ဂလိက အမြင်အရ စာရေးသူရဲ့အမျိုးသားရေး ရည်မှန်းချက်ကိုပြောပါ ဆိုရင်တော့ နိုဗယ်ဆုရ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒေါက်တာ မိုဟာမက်ယူနွတ်စ် ပြောသလို “ဆင်းရဲမွဲတေမှု ဆိုတာကြီးကို ပြတိုက်ထဲကိုပို့ပစ်လိုက်ချင်တာပါပဲ”လို့ မျှဝေရင်း နိဂုံးချုပ်လိုက်ပါရစေ။ ။

Ref : ၂၁ရာစုစီးပွားရေးနှင့် Robert T.Kiyosaki ၊ သန်းမြင့်(စီးပွားရေး)။

Leave a Reply