သြဂုတ် ၂၃ ၊ ၂၀၁၄
M-Media
– ဆွဇ်ဇာလန်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် နိုင်ငံတကာ သိပ္ပံဆိုင်ရာညီလာခံတွင် မိန့်ခွန်းပြောကြားမည့် သူများ စာရင်းအတွက် ဆော်ဒီ ရှူရာကောင်စီမှ မွတ်စလင် အမျိုးသမီး သိပ္ပံပညာရှင် တစ်ဦးအား ဆွဇ်ဇာလန် သိပ္ပံဖောင်ဒေးရှင်း တစ်ခုက ရွေးချယ်လိုက်သည်ဟု သိရသည်။
အဆိုပါ ညီလာခံကို TEDxCERN ခေါင်းစဉ်ဖြင့် စက်တင်ဘာ ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြိး သိပ္ပံဆိုင်ရာ တွေ့ရှိချက်အဖြေများ တင်ပြခြင်း၊ နိုင်ငံတကာတွင် ကြုံတွေ့နေ ရသည့် ပြဿနာများကို ရှင်းလင်းခြင်း၊ သုတေသနကိစ္စရပ်များ၊ တီထွင်မှုများ၊ ကျန်းမာရေး သဘာဝပတ်ဝန်းကျင်နှင့် ပညာရေးရေးနယ်ပယ်များတွင် ကြုံတွေ့နေရသော စိန်ခေါ်မှုများအား ကျော်လွှားရန်အတွက် သိပ္ပံပညာရပ်ကို အရှိန်အဟုန်မြင့်စေရန် ဆောင်ရွက်မည့် ပရောဂျက်များ အကြောင်းကိုလည်း ဆွေးနွေးသွားမည်ဖြစ်သည်။
ထိုညီလာခံ၏ ကြွေးကြော်သံမှာ “ရှေ့သို့ – အနာဂတ်ကို သိပ္ပံဖြင့် ပုံဖော်ကြပါစို့” ဖြစ်ပြီး ထိုညီလာခံတွင် မိန့်ခွန်းပြောကြားမည့် ဆော်ဒီ သိပ္ပံပညာရှင်အမျိုးသမီးမှာ ဇီဝနည်းပညာရှင် ဟာယတ် စင်ဒီဖြစ်သည်။
“သိပ္ပံပညာဆိုတာ စိတ်ကူးယဉ်နယ်ပယ်အလွန် ကမ္ဘာကြီးကို ရှာဖွေခြင်းနဲ့ နေ့စဉ်ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ယနေ့တွေ့ကြုံရတာနဲ့ အနာဂတ်မှာ တွေ့ကြုံရမယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်ရာမှာလည်း အရေးပါတဲ့ အရာတွေထဲက တစ်ခုဖြစ်ပါတယ်။ TEDxCERN ဟာ လေးစားလောက်တဲ့ ပုဂ္ဂိုလ်တွေဆီကနေ သိပ္ပံဆိုင်ရာ ရှေ့ပြေး အတွေးအခေါ်တွေကို ပြသမယ့် ညီလာခံတစ်ခုဖြစ်ပါတယ်” ဟု ပွဲစီစဉ်ကျင်းပသူ Brian Cox က ပြောကြားခဲ့သည်။
အဆိုပါ ညီလာခံတွင် စင်ဒီနှင့်အတူ မျိုးရိုးဗီဇနှင့် မော်လီကျူးဆိုင်ရာ ဇီဝပညာရှင် နီနာ ဖီဒိုရော့ဖ်၊ သိပ္ပံပညာရှင် ဒန်နီယဲလ်လီ ဖောင်၊ နာနိုနည်းပညာဆိုင်ရာ သုတေသနပညာရှင် ဂျူလီယာ ဂရီယာနှင့် သင်္ချာနှင့် ဒဿနိကဗေဒပညာရှင် ဂျွန် မိုက်တန်တို့လည်း မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
“ဒေါက်တာစင်ဒီဟာ အရှေ့အလယ်ပိုင်းမှာရှိတဲ့ အမျိုးသမီးတွေ အတွက် သိပ္ပံဆိုင်ရာ အခွင့်အလမ်းနဲ့ ကျန်းမာရေး ဆိုင်ရာ စောင့်ရှောက်မှုတွေကို ဆောင်ရွက်ပေးပါတယ်။ ဒါဟာ အနာဂတ်အစီအစဉ်နဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် သိပ္ပံဆိုင်ရာဆန်းသစ်တီထွင်မှုတွေကို အရှိန်အဟုန်မြင့်စေပါတယ်” ဟု ညီလာခံကျင်းပရေး မန်နေဂျာ ကလော်ဒီယာ မာဆယ်လိုနီက ပြောကြားခဲ့သည်။
ဒေါက်တာ ဟာယတ် ဘင်သီ ဆူလိုင်မန် ဘင် ဟာဆန် စင်ဒီကို ၁၉၆၇ ခုနှစ်တွင် မက္ကာ မြို့၌ မွေးဖွားခဲ့သည်။ ခြေခံပညာများကို ဆော်ဒီ၌ပင် သင်ကြားခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် ယူကေရှိ လန်ဒန်ဘုရင့်ကောလိပ်တွင် ပညာသင်ကြားခဲ့ကာ ၁၉၉၅ခုနှစ်တွင် ဆေးဝါးပညာ ဘာသာရပ်ဖြင့် ဘွဲ့ရခဲ့သည်။
တက္ကသိုလ်တက်နေရသည့် ကာလအတွင်း စင်ဒီ၏ ဘာသာရေးဆိုင်ရာ လိုက်နာမှုတစ်ခုဖြစ်သည့် ဦးခေါင်းအား ဖုံးအုပ်ခြင်းကို စွန့်လွှတ်ရန် ဖိအားပေးမှုများရှိခဲ့သော်လည်း စင်ဒီမှာ ကြံ့ကြံ့ခံ ကျော်လွှားနိုင်ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ကိန်းဘရစ်ခ်ျ တက္ကသိုလ်မှ ဇီဝနည်းပညာ ဘာသာရပ်ဖြင့် ဒေါက်တာဘွဲ့ရခဲ့သည်။
စင်ဒီမှာ လက်ရှိတွင် ဆေးပညာဆိုင်ရာ သုတေသနလုပ်ငန်းများကိုဆောင်ရွက်နေပြီး ဆော်ဒီအစိုးရ အတိုင်ပင်ခံကောင်စီ (ရှူရာကောင်စီ) တွင်လည်း တာဝန်ထမ်းဆောင်နေသည်။
ref_Arab news
Comments