သြဂုတ် ၂၉၊ ၂၀၁၄
M-Media
လမင်း
ရန်ကုန်။ ။ရန်ကုန်တိုင်းဆေးရုံကြီးတွင် အရေးပေါ်လူနာတွေနှင့် အတွင်းလူနာများအတွက် ကျန်းမာရေးအထောက်အပံ့ပစ္စည်းများကို ရရှိတော့မည်ဖြစ်ကြောင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ သြဂုတ်လ ၂၈ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့သည်။
စက်တင်ဘာ ၁ရက်နေ့မှစတင်ကာ အရေးပေါ်လူနာများအတွက် အခြေခံဓာတ်ခွဲစမ်းသပ်မှုများ၊ Digital X-Ray ရိုက်ကူးမှုတွေနဲ့ Ultrasound ရိုက်ကူးမှုများကို အခမဲ့ဆောင်ရွက်ပေးမည်ဖြစ်ပြီး အတွင်းလူနာများအတွက် အချို့သော စမ်းသပ်မှုများကို အခမဲ့စစ်ဆေးမှုများ၊ အခြေခံဆေးဝါးများ၊ ခွဲစိတ်ခန်းသုံး ပစ္စည်းများကို ထောက်ပံ့ပေး သွားမည်ဆိုပြီး ထုတ်ပြန်ကြေငြာထားပါသည်။
ယခု သြဂုတ်လ ၁ ရက်နေ့မှစတင်ကာ အတွင်းလူနာများအား သွေးသွင်းမှုများကို အခမဲ့ လုပ်ဆောင်ပေးနေသည်ဖြစ်ပြီး ပြင်ပ လူနာများအတွက် ဆေးမှတ်တမ်းစာ အုပ်များကိုလည်း အခမဲ့ပြုလုပ်ပေးလျက်ရှိသည်။
“ယခင်က ဆေးရုံလာပြရင် ပိုက်ဆံကုန်တယ်။ မတတ်နိုင်လို့ ဆေးရုံကြီးမှာလာပြရတာလေ။ အခုတော့ နောက်လကနေစပြီး အခမဲ့တွေရတော့မယ် ဆိုတော့ တော်တော် အဆင်ပြေသွားမယ် ထင်ပါတယ်။ အခုလို သတ်မှတ်ပေးတဲ့ သက်ဆိုင်ရာက လူတွေကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ရန်ကုန်ဆေးရုံကြီးတွင် လာရောက်ပြသနေသူ အဘွားအိုတစ်ဦးက ပြောသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေနှင့် အသုံးစရိတ်ကို နှစ်ဆတိုးမြှင့်သုံးစွဲလာသည်ဖြစ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ကုသသော လူနာများအတွက် လိုအပ်သော ပစ္စည်းများ ၀ယ်ယူသုံးစွဲနိုင်ရေးအတွက်လည်း ရန်ပုံငွေအား တိုးမြှင့်ချထားပေးဖြစ်ပါတယ်ဟု ယင်းထုတ်ပြန်ချက်တွင် ပါရှိပါသည်။
Comments