စက်တင်ဘာ ၂၊ ၂၀၁၄
-ရေးသားပြုစုသူ- ပါမောက္ခ ဒေါက်တာအောင်ဇော်
ဆရာသိန့်ကို စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မြေထူးရွာတွင် အဖ မွတ်စွလေ့ဟွတ်ဒိန် ဦးမှတ်၊ အမိ ဒေါ်အိုခေါ် ဒေါ်ငယ် တို့မှ ၁၈၉၉-ခု နိုဝင်ဘာ ၉-ရက်နေ့တွင် ဖွားမြင်သည်။ မွေးချင်းသုံးဦးအနက် အငယ်ဆုံးသား ဖြစ်သည်။ အစ်ကိုသည် ဆရာကြီး ဦးစိန်ဖြစ်ပြီး အစ်မသည် ဒေါ်အေးတုတ်ဖြစ်သည်။
ဖခင်ဦးမှတ်သည် မြေထူးရွာရှိ မင်္ဂလာဗလီ၏ ရှေ့ဆောင် ဆရာကြီး ဖြစ်သည်။ ကလေးသူငယ်များကို ဘာသာရေး အခြေခံ သင်ကြားပြသ ပေးသည်။ ဆရာသိန့်သည်ငယ်စဉ်က ဖခင်ကြီးထံတွင် ဘာသာရေး အခြေခံများ၊ မြန်မာစာပေ၊ ပါဠိစာပေများကို သင်ယူသည်။ အူရဒူ၊ ဖာရစီနှင့် အရဗီစာပေများကို ကန့်ဘလူမြို့နယ် ချင်မြစ်ကျဉ်းရွာမှ သခင်ကြီး လှထံတွင် ဆည်းပူးသည်။ ထို့နောက် ဆရာသိန့်သည် အဆင့်မြင့်ပညာရပ်များ ဆည်းပူးရန် သမိုင်းရှိ မဒရ်ဆာတဗ်လီဂီယာမှ တစ်ဆင့် ဟစ်ဂျရီ ၁၃၄၀ ရှအ်ဘန်လ ၁၂-ရက်နေ့တွင် အိန္ဒိယနိုင်ငံ ဒေယိုဘန်ကျောင်းသို့ ရောက်ရှိသွားသည်။
ငယ်စဉ်ကပင် စာအရေးအသား ၀ါသနာပါသော ဆရာသိန့်သည် ဒေယိုဘန်ကျောင်းတွင် ပညာဆည်းပူးစဉ်စာပေ များ မပြတ်ရေးသားသည်။ ထိုစဉ်က မြန်မာနိုင်ငံ၊ အိုးဝေမဂ္ဂဇင်းက ကျင်းပသည့် စာပေပြိုင်ပွဲတွင် ဆရာသိန့် ၀င်ရောက် ယှဉ်ပြိုင်သည်။ ပြိုင်ပွဲတွင် ပထမဆုရခဲ့သဖြင့် အိုးဝေ မဂ္ဂဇင်း တစ်နှစ်စာဆု ချီးမြှင့်ခြင်းခံရသည်။ သို့နှင့်အိန္ဒိယရောက် ဆရာသိန့်သည် မြန်မာပြည် အခြေအနေများကို မျက်ခြည်မပြတ်ခဲ့ပါ။ ဆရာသိန့်သည် အိန္ဒိယနိုင်ငံထုတ် သတင်းစာများ၌ လည်း အူရဒူဘာသာဖြင့် မြန်မာ မွတ်စလင်မ်သမိုင်းနှင့် မြန်မာနိုင်ငံအခြေအနေ ဆောင်းပါးများပါဝင်ရေး သားသည်။ တိုင်းရင်းမွတ်စလင်မ်တို့၏ အမျိုးဂုဏ် ဇာတိဂုဏ်ကို ဖော်ညွှန်းသော ဆောင်းပါးများဖြစ်သည်ဟု သိရသည်။ အူရဒူဘာသာနှင့် ဆောင်းပါးရေးသော ဆရာသိန့်၏ ထူးချွန်မှုကို အများက သြဘာပေးကြရသည်။
ထိုစဉ် ရန်ကုန်မြို့မှ ကျောင်းအုပ်ဆရာကြီး မောင်လာနာ ဂဖူးရ် စစ်ဒီကီက ဆရာသိန့်ကို အရှင့်အမိန့်ခံယူသွား ပြီးဖြစ်သော ဆရာသိန့်၏ ဖခင်ကြီးအတွက် ရည်စူးပြီး နမာဇ်ခန်းကျမ်းကို မြန်မာဘာသာဖြင့် ပြုစုပေးပို့ရန် စာရေးတာဝန်ပေး သည်။ မိမိဆရာ၏ တာဝန်ပေးချက်အတိုင်း ဆရာသိန့်သည် “အန္တဂျားသ် ဖီရှရ်ဟစ်စလာသ်” အမည်ရှိ ကျမ်းတစ်စောင်ကို ပြုစုပေးပို့သည်။
ဆရာသိန့်က မိမိ၏ဆရာသခင်က တိုက်တွန်းလွန်းသဖြင့် မနေသာပါ။ ဧည့်သည်ဘ၀ ပရိဒေ၀ အမျိုးမျိုးကို မျိုချပြီး သံသရာအတွက် ရည်မျှော်ပြီး ရေးသား ဆက်သပါကြောင်း၊ ပုထုဇဉ်ပီပီ အမှားမကင်းနိုင်ကြောင်း၊ အမှားတွေ့လျှင် ပြင်ဆင်ဖတ်ကြပါ။ မိမိဇာတိ မြန်မာနိုင်ငံသို့ အမြန်ပြန်စေ နိုင်ရေး၊ ဆုဒိုအာပြုကြစေလိုသည်ဟု ကျမ်းနိဂုံးတွင် ရေးစီဖော်ပြ ထားသည်မှာ-
“ဗစ်မေ့ အလ္လာဟ်တစ်ဖြာ၊ အလ်ဟမ်(ဒ်)တစ်ဖန်၊ စလ၀ပ်(တ်)စပြီးသော်၊ ကျမ်းမော်ဆုလာဘ် “ရာဟေ့နဂျားတ်”၏ သိမှတ်အဓိပ္ပာယ် ကျက်ဖွယ်ဖြာဖြာ၊ စွဲယူရာနှင့်“ဖွေကာ” ၀င်းပြောင်၊ ကျမ်းစောင်စောင်မှ၊ ထုတ်နှုတ်ပြသည်၊ က၀ိ လက္ခဏာ၊ ဤကျမ်းစာကို ကြည်ညိုလေးမှု၊ ရှေးရှုတောင်းပန်၊ သံယျောဇဉ်ကြောင့်၊ ကျမ်းဂန်ခပဲ၊ နက်နဲဂမ္ပီ၊ လောကီ လောကုတ်၊ တည်းသုတ်ဖွေရှာ၊ ရှုစာနာလျက်၊ ဘာသာဓမ္မ၊ ၀စနအား၊ မြန်မာ့ဝေါဟာ၊ အက္ခရာဖြင့်၊ သဒ္ဒါသိမ်းပိုက်၊ အစဉ်လိုက်၍၊ တိုက်ရိုက် ပညတ်၊ “ရှရီအသ်”အား၊ မွမ်းမံဖြာထွေ၊ ရေးသွင်းလေဟန်၊ အကြောင်းမှန်ကား . . . .။
ကာလံတက္ကသိုလ်၊ ခေါ်ဆိုမရိုင်း၊ သမိုင်းပြုခံ၊ ဒေယိုဘန္ဒဟု၊ ကျော်စောထင်စွာ၊ မည်သညာနှင့်၊ ၀ိဟာထူးဆန်း၊ ရှုမခန်းသာ၊ ကြငှန်းသိပ္ပံ၊ ဘုံဝေယံဝယ်၊ လေးတန်သီလ၊ ဖြူစွာ မညစ်၊ စနစ်ကျကျ၊ သင်ပြဆုံးမ၊ လမ်းညွှန်ပြခြင်း၊ သတင်း ဂုဏ်ရောင်၊ ပြောင်ပြောင်တင့်ရွှန်း၊ နေနှယ်ထွန်း၍၊ ထက်ဝန်း နှံ့စပ်၊ အရပ်ရပ်မှ၊ ဆည်းကပ်ခိုလှုံ၊ ရောက်လာတုံငြား၊ တပည့်များကို၊ တရားအမြိုက်၊ ဧစွာတိုက်လျက်၊ ပိုက်ဖက်မလစ်၊ မိုဟဒဒစ်တို့၊ ဖွင့်လှစ်မြွက်ဟ၊ ဓမ္မမည်သာ၊ တဖ်စီရ်-မအာနီ၏၊ ပညာရင်နို့၊ သောက်စို့စေရာ၊ ထိုအခါတွင်၊ သိသာ ကြည်ယုံ၊ ဥာဏ်ဟုံသင့်ဖွယ်၊ သက်ရွယ်ပျိုနု၊ စတုခြောက်လီ၊ ကျင့်စာဂီနှင့်၊ လောကီဓမ္မ၊ သိပ္ပဂုဏ်အင်၊ သတ္တိတင်ရာ၊ တိုင်း မြန်မာတွင်၊ လွန်လျှင်ထင်ပေါ်၊ သတင်းကျော်သည့်၊ ပညာတော်ရင်၊ သခင် အာစရိယ၊ မည်သတမူ၊ အဗ်ဒွလ်ဃဖူရ်၊ ဂုဏ်ထူးကြေညာ၊ မော်လနာက၊ သိမှတ်ကြစေ၊ ခွန်းချွေမိန့်ချ၊ တိုက်တွန်းရှုမျှော်၊ စေတော်မူရာ၊ မနေသာသဖြင့်၊ ဖြာဖြာသောက၊ နေရကြပ်ကြပ်၊ ပရိဒေ၀၊ မျိုသိပ်ချ၍၊ သံသရာ အကျိုး၊ မျှော်တဩကိုးစား၊ ရေးသားဆက်သ ၊ တင်ပို့ရ၍၊ အများအနည်း၊ မှားကြီးမှားငယ်၊ တိမ်းဖွယ်စကား၊ ပုထုသားမို့၊ တွေ့ငြားထင်ထင်၊ ပြစ်မတင်ဘဲ၊ ပြင်ဆင်သွတ်သွင်း၊ ဖတ်ရှုခြင်းတည်း၊ ရင်းကြီးတန်ဆာ၊ ဆင်ကြပါလေ၊ တထွေထို့ပြင်၊ စီစဉ်ရေးသား၊ တို့အစားမှာ၊ သနားပါသဖြင့်၊ မြတ်အရှင်ထံ၊ တတ်သင့်မှန်မျှ၊ မကျန်ရအောင်၊ လျင်စွာဆောင်၍ ပြည်ဘောင် မြန်မာ၊ ပြန်ပါစေသားဟု မခြားသာ၊ ဆု“ဒိုအာ”ကို၊ ပြုစေလို သည်၊ မပိုသင့်ညီ၊ ရှေးထုံးတည်း” ဟူ၍ ဖြစ်သည်။
သားတို့ဘုရင် အိန္ဒိယခြင်္သေ့ခွင်မှာ သာယာစွာ ရင့်ကျူးလိုက်သည့် မြန်မာ့ဒေါင်း အိုးဝေသံဟု ဆိုကြပါသည်။ ချီးကျူးထိုက်လှပါသည်။ ဆရာသိန့်သည် ရာဟေနဂျတ်၊ အိမ်မက်တိတ္တုံစသည်ဖြင့် ကျမ်း သုံးလေးအုပ်ထက် မနည်းပြုစုခဲ့ သေးသည်ဟု ဆိုပါသည်။
ဆရာကြီးသည် အဆိုအတီးဖြင့် ဘ၀နစ်မြော နေမည့်အစား အလ္လာ့ အသိ ရင့်သန်စေမှုသို့ ရှေ့ရှုစေရန် ကဆီဒါ လင်္ကာများကို ရေးစပ်သည်။ အလှူမင်္ဂလာပွဲများတွင် ဆရာကြီး၏ ကဆီဒါများဖြင့် မြိုင်ဆိုင်နေသည်။ ဆရာကြီး ကဆီဒါများသည် နိုင်ငံအ၀ှန်း ရေပန်းစားခဲ့သည်။
ဆရာသိန့်သည် ပညာအရည်အချင်း ပြည့်ဝသည်။ အူရဒူ မြန်မာ နှစ်ဘာသာဖြင့် ပိုင်နိုင်စွာ ဟောကြားနိုင်သည်။ အာဝဇ္ဇာန်းကောင်းသည်။ သို့ဖြစ်၍ အိန္ဒိယနိုင်ငံမှ ပြန်ရောက်သည်နှင့် ရန်ကုန်မြို့ရှိ အိုလမာဌာနချုပ်က နယ်လှည့်ဓမ္မကထိ အဖြစ် ခန့်အပ်ခဲ့သည်။ မြန်မာနိုင်ငံမြို့ရွာအနှံ့ လှည့်လည်ဟောပြော ခဲ့သဖြင့် လူသိများပြီး ကျော်ကြားသည်။
ဆရာကြီးသည် ၁၉၃၀ ပြည့်နှစ် အသက် ၃၁-နှစ်အရွယ်တွင် မြေထူးရွာမှ ဆရာကြီးဦးခ၊ ဒေါ်ထိုက်တို့၏သမီး၊ ဒေါ်ခတီနှင့် လက်ထပ်ခဲ့ သည်။ မော်လ၀ီအန္န၀ါရ်၊ ဒေါ်ရာဗီယာ၊ မော်လ၀ီ ဦးတင်ဖေ၊ မော်လ၀ီ အဟ်မရ်၊ ဒေါ်တွာဟိရ်၊ ဦးမွတ္တား၊ ဒေါ်ဘီဟူသည့် သားသမီး ၇-ဦး ထွန်းကားသည်။
ဆရာသိန့်သည် ၁၉၃၅-ခုနှစ်တွင် ဓမ္မကထိကတာဝန်ဖြင့် ပုသိမ်မြို့သို့ရောက်ရှိသည်။ ပုသိမ်မြို့ တမန်တော် မွေးနေ့ အခမ်းအနား စင်မြင့်တွင် မိမိအလှည့် စောင့်ဆိုင်းရင်း ကဆီဒါရေးစပ်နေသည်။ ထိုကဆီဒါနှင့်ပင် ညလုံးပေါက် ဟောကြားသွားရာ ပရိသတ်က အထူးနှစ်သက်စွဲမက်ကြသည်။
အိုလမာဌာနချုပ်မှ ထုတ်ဝေသော “သအ်လီမွတ်အစ္စလာမ်”ကျမ်း ပထမတွဲနိဒါန်းတွင် ၁၉၃၅-ခုနှစ် ပုသိမ်မြို့၊ တမန်တော်မွေးနေ့ အခမ်းအနား၌ ရွတ်ဆိုခဲ့သော ချီးကျူးထောပနာ ကဆီဒါကိုထပ်မံ ဖော်ပြထားသည်ကို တွေ့ရသည်။
၁ သူရဟ်မသ် ၏ပင်လယ် အဖြစ်နှင့် ကြွခဲ့သည်
. နှစ်ဘ၀၏ဘုရင် အဖြစ်နှင့် ကြွခဲ့သည်
၂ မဖွားမီ အဖကွယ် ၆ နှစ်မှာ အမိလည်း
ရင်းချာမဲ့ သည့်ယတီးမ် အဖြစ်နှင့် ကြွခဲ့သည်
၃ ရိုးသားသည့် သူ၏ဂုဏ် အာရေဗျ တိုင်းလုံးတုန်
လူတိုင်းယုံ သည့်အမီန် အဖြစ်နှင့် ကြွခဲ့သည်
၎ ကုန်သည်ကြီး လည်းသူပဲ စစ်သူကြီးလည်း သူပဲ
ဆေးနည်းကောင်း သမားတော်အဖြစ်နှင့် ကြွခဲ့သည်
၅ မိဘမဲ့ တို့အပေါ် သူဆင်းရဲတို့ကိုနော်
ထူးတလည် စောင့်ရှောက်သူ အဖြစ်နှင့် ကြွခဲ့သည်
၆ နဗူဝပ် ရသောအခါ ဦးအစ ဖွာတေဟာ
မန္နန်တောင်း သင်ပြသူ အဖြစ်နှင့် ကြွခဲ့သည်
၇ ဆရာရှေ့ မှာဒူးချ ပညာနို့ကို သောက်စို့
မရှိဘဲနှင့် အွမမီ အဖြစ်နှင့် ကြွခဲ့သည်
၈ မြဲအ်ရားဂ်ျ ၏ညဥ့်မှာ အွမမတ်များ အတွက်တာ
အရှင့်ထံ လျှောက်ပန်သူ အဖြစ်နှင့် ကြွခဲ့သည်
၉ ကေယာမသ် ၏နေ့မှာ ရှာဖွာအသ် ချွတ်ကယ်ရာ
ထိုက်တန်သည့် ဂုဏ်သိကခာ အဖြစ်နှင့် ကြွခဲ့သည်
၁၀ စလ၀ါတို့ စလာမ် ပို့ပါသည် မြဲအမှန်
ရဟေမာတေ့ အာလမ် အဖြစ်နှင့် ကြွခဲ့သည်
၁၁ ဆရာသိန့် ၏အဆို တောင့်တကြ ရစူလ်ကို
လမ်းမှန်ပြ သည့်ပုဂ္ဂိုလ် အဖြစ်နှင့် ကြွခဲ့သည်။
အဆိုပါ စာအုပ်ကျောဖုံး အတွင်းဘက်မျက်နှာတွင် အခြား ကဆီဒါ တစ်ပုဒ်ကိုလည်း ဖော်ပြပါရှိပါသည်။
မို့ဟမ္မဒ်သခင်၏ အားထားရာ လွမ်းချင်း
၁။ အကြည်တော်ခိုဒါ၏ မူပါသည့်မိုဟမ္မဒ်။
ဟလီမာ့ရင်ခွင်ဩ ကြီးလှာသည့်မိုဟမ္မဒ်။
၂။ ကြီးလှစွာ သိက္ခာ၊ ဂုဏ်တော်ရှင်မိုဟမ္မဒ်။
ပြိုင်ဘက်ကင်း၏၊ အာလမ့်ထက်သာသည့် မိုဟမ္မဒ်။
၃။ ခိုကိုးရာမဲ့သူ၏ အလိုကို ဖြည့်ပါ။
ဖြည့်သူမရှိလျှင်ဖြင့် ရောက်လာသည့် မိုဟမ္မဒ်။
၎။ ဘယ်မှာလဲပြစမ်း၊ ကျွန်တော်ကို အဇီဇို။
သည်းအူပါချစ်စွာ၊ ကမ်လီပါသည့်မိုဟမ္မဒ်။
၅။ စလ၀ါတ်စလာမ်၊ ပို့ပါသည်မြဲအမှန်။
ဆရာသိန့်တို့တွေ၊ အားထားရာသည့် မိုဟမ္မဒ်။
ကဗျာဥာဏ်ပါရမီရှင်ဆရာသိန့်သည် ကမ္ဘာ့နောက်ဆုံးနေ့ ကယာမတ်၏ လက္ခဏာများကို ကုရ်အာန် ဟဒီးဆ်များမှ ထုတ်နုတ်ပြီး ကဆီဒါလင်္ကာဖွဲ့သီခဲ့သည်။ ကိုယ်တိုင်ကိုယ်ကျ အသံနေအသံထားဖြင့် ရွတ်ဆိုပြပြီး တပည့်တပန်းများကို သင်ကြား ပေးသည်။ မကြာမီ အဆိုပါ ကဆီဒါများသည် အခြားမြို့ရွာများသို့ ပျံ့နှံ့ကျော်ကြားသွားသည်။
ကဆီဒါများကို အလာမတ်စွတ်ဘရာ၊ အလာမတ်ကွတ်ဘရာ၊ ရှင်အီဆာအခန်း၊ ကရီးဗီကိယာမတ်ဟူသည့် ခေါင်းစဉ်သုံးမျိုးနှင့် ဖွဲ့ဆိုခြင်းဖြစ်သည်။ မြန်မာ့ဂန္တ၀င်ပါ ကောသလမင်း အိပ်မက် ၁၆ ချက် မျိုးကဲ့သို့ ကာလပြောင်းပြန်၊ ပြောင်းဆန်က စီးနေသည့်အဖြစ်မျိုး၊ ဘူးတောင်းနစ် စောင်ခြမ်းပေါ်ပုံဆိုသော် မဝေးဟူသော ဦးပုညတေးထပ် ကဲ့သို့ ခေတ်အဆက်ဆက် ဖောက်ပြန်ဖြစ်ပျက်မှုများ ထင်ရှားလာစေသည်။ ကာလမရွေး ဆင်ခြင်ဖွယ်များ ပြည့်နှက်နေသည်။ အံ့သြထိတ်လန့်ဖွယ် ခံစားရင်း၊ နှစ်သက်စွဲမက်စေသော အရေးအဖွဲ့များဖြစ်သည်။
ကဆီဒါများနှင့်ပတ်သက်၍ “ဆရာကြီးဦးသိန့်ကိုယ်တိုင်က မိမိလက်ရာ ကဆီဒါကို ခံစားချက်အပြည့်ဖြင့်ဖတ်၍ ရှင်းလင်းဟောပြောသည်ကို ကြားနာခဲ့ရသော ပရိသတ်ကြီးတစ်ခုလုံးသည် အသက်ရှုမှားမတတ်ရင်တမမ ကြက်သီးတဖြန်းဖြန်း နှင့် ရှိနေခဲ့ကြသည်ကိုယခုတိုင် မြင်ယောင်နေမိပါသည်” ဟု ကိုယ်တိုင်နားဆင်ခံစား အကြည်ညိုပွားခဲ့သော ဆရာကြီး မော်လာနာ မုဟမ္မဒ် အစ်ဗရာဟိမ်(ဂျာမေအိ)က မိမိ၏“ဆူးကြားမှပွင့်သော နှင်းဆီ ပန်းများ” ကျမ်းတွင် အထူးဖော်ကျူးထား သည်။
ဆရာကြီးသည် မြေထူးနယ် ဆားကုန်းတွင် မြန်မာအရဗီ သိပ္ပံ ကျောင်းတော်ကြီး စတင်ဖွင့်လှစ်သည်မှစ၍ ပညာရေးမှူးတာဝန်ကို လည်းကောင်း၊ ကျောင်းကြီးအတွက် ရန်ပုံငွေရှာကြံရန် ဓမမကထိက တာဝန်ကို လည်းကောင်း၊ အစဉ်မပြတ် ထမ်းရွက်လာခဲ့သည်။ နယ်လှည့်တာဝန်ဖြင့် ဒေသအနှံ့ခရီးဆန့်ခဲ့သည်။ ၁၉၄၇-ခုနှစ်တွင်မှ စာချတာဝန်ကို ပြန်လည် ထမ်းဆောင်သည်။
ဆရာကြီးသည် ကျောင်းတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရည် မြင့်မားရေးတို့ကို မဆုတ်မနစ် လုံ့လစိုက်ထုတ် ရင်း ၅၁-နှစ်အရွယ်တွင် ကျန်းမာရေးချို့တဲ့လာသဖြင့် မန္တလေးသို့ သွားရောက်ဆေးကုသမှု ခံယူသည်။ အခြေအနေ ပိုမိုယိုယွင်းလာသည့်အတွက် မြေထူးသို့ ပြန်ခေါ်ခဲ့ကြ သည်။ ၁၉၅၀-ခုနှစ်တွင် ဇာတိမြေ မြို့ထူး၌ပင် အလ္လာဟ်အရှင့် အမိန့်တော် ခံယူသည်။ ဆရာကြီး၏ ဂျနာဇာနမာဇ်ကို မွဖ်သီဟာရွန်ခေါ် ဆရာကြီး ဦးလှက ဆောင်ရွက်ပေးပြီး မြေထူးမြို့ဟောင်းရှိ မွတ်စလင်မ် သချိုင်းတွင် မြှုပ်နှံခဲ့ကြသည်။ ။
** ပါမောက္ခ ဒေါက်တာအောင်ဇော် ရေးသားပြုစုသည့် တိုင်းရင်းမွတ်စလင် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ(၂) စာအုပ်မှ ကူးယူဖော်ပြပါသည်။
Comments