စက်တင်ဘာ ၇ ၊ ၂၀၁၄
M-Media
– မက္ကဒက်စ် မာဂီတာမှာ သူမ မင်္ဂလာဆောင်ခဲ့သည့် အသက်အရွယ်ကို မမှတ်မိ။ သူမ၏ မိဘများကတော့ သူမအသက် ၅ နှစ်တွင် အိမ်ထောင်ပြုခဲ့ခြင်းဖြစ် သည်ဟု ပြောကြသည်။ သူမ၏ ငါးနှစ် အရွယ်သမီးကို ညွှန်ပြ၍ မင်္ဂလာဆောင်စဉ်က ဒီအရွယ်သာရှိမည်ဟု မာဂီတာက ဆို၏။
မာဂီတာမှာ အီသီယိုးပီးယားနိုင်ငံ အလယ်ပိုင်း အမ်ဟာရာဒေသရှိ ကျေးလက်တောရွာ တစ်ရွာတွင် နေထိုင်သူဖြစ်သည်။ ထိုဒေသမှာ အီသီယိုးပီးယားရှိ အခြားသောဒေသများ ကဲ့သို့ပင် အသက် ၁၈ နှစ်မပြည့်ခင် အိမ်ထောင်ပြုခြင်းကို တရားမ၀င်ဟု သတ်မှတ်ထားသည်။
သို့သော် အမေရိကန်၏ နိုင်ငံတကာဖွံ့ဖြိုးရေးအစီအစဉ် USAID ၏ အဆိုအရ အမ်ဟာရာ ဒေသမှာ ကမ္ဘာပေါ်တွင် အရွယ်မရောက်သေးသော မိန်းကလေးများ အိမ်ထောင်ပြုမှု အမြင့်ဆုံးဒေသအချို့တွင် ပါဝင်သည်ဟု ဖော်ပြထားလေသည်။ ၂၀၀၉ ခုနှစ် စစ်တမ်းများအရ ထိုဒေသမှ အမျိုးသမီး ၅၀ ရာခိုင်နှုန်းမှာ အသက် ၁၈ နှစ်မပြည့်ခင် အိမ်ထောင်ပြုကြသည်ဟု တွေ့ရသည်။ မာဂီတာကတော့ သူ့ကိုယ်သူ ၂၈ နှစ်ဟု ထင်နေသည်။ သို့သော်လည်း မသေချာ။ ဤဒေသတွင် အသက်ဘယ်လောက်ရှိပြီဟု တခုတ်တရ မှတ်မထားကြ။
မာဂီတာမှာ သူမ၏ ဒုတိယမြောက်ရင်သွေးကို လွယ်ထားရသည်မှာ ၆ လပင်ရှိချေပြီ။
“ကျွန်မသူတို့ကို ပြည့်ပြည့်စုံစုံထားချင်ပါတယ်၊ လုံလုံလောက်လောက်ကျွေးချင်တယ်။ တကယ်လို့ ကျွန်မမှာ ကလေးတွေအများကြီး ရှိမယ်ဆိုရင် ဒီလိုလုပ်နိုင်မှာ မဟုတ်ပါဘူး” ဟု သူမက ရှင်းပြသည်။
တိုင်းပြည်ရှိ တိုးပွားလာသော ကလေးသတို့သမီးများထဲတွင် မာဂီတာတစ်ယောက် အပါအ၀င်ဖြစ်၏။ သူတို့၏ မျိုးပွားမှုမှာလည်း ထိန်းချုပ်မှုအောင်တွင်ရှိနေသည်။
မာဂီတာမှာ လစဉ် ၁၉ ရက်နေ့တိုင်းတွင် သူမနေထိုင်ရာရွာရှိ ကျန်းမာရေးဝန်ထမ်းဆီသို့ သွားရောက်၍ စစ်ဆေးမှုများ ပြုလုပ်သည်။ ထိုကျန်းမာရေး ၀န်ထမ်းကပင် ၅ နှစ်အထိ ကိုယ်ဝန်မရနိုင်မည့် ပဋိသန္ဓေတားဆေးကို ထိုးပေးထား၏။ သားဆက်ခြားခြင်း အကြောင်းအရာများကိုလည်း သူမကို သင်ပေးသည်။
“သူက ကျွန်မကို အားလုံးသင်ပေးပါတယ်” ဟု မာဂီတာက ဆိုလေသည်။
၂၀၀၃ ခုနှစ်တွင် ဒေသန္တသရ ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းများ ခန့်ထားရေး အစီအစဉ်ကို အီသီယိုးပီးယားက စတင်ခဲ့သည်။ ကျယ်ပြန့်သည့် အစီအစဉ်တစ်ခုဖြစ်ပြီး နိုင်ငံ တစ်ဝှမ်းရှိ ပြည်သူများအား နာမကျန်းမှုမှ ကာကွယ်ရေး အခြေခံနည်းလမ်းများကို သင်ကြားပေးရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ ထိုအစီအစဉ်မတိုင်ခင်က ဒေသန္တရ ကျန်းမာရေး စောင့်ရှောက်မှုဝန်ထမ်းဟူသည် မရှိခဲ့။ ယခုအချိန်တွင်မူ တစ်နိုင်ငံလုံး၌ ထိုဝန်ထမ်းပေါင်း ၃၈၀၀၀ ရှိနေသည်။ သူတို့၏ အဓိရည်ရွယ်ချက်များထဲမှ တစ်ခုမှာ အမျိုးသမီးများ ကျန်းမာသည့်ဘ၀ကို ပိုင်ဆိုင်စေရန် ဖြစ်၏။
နိုင်ငံရေးအရ ဦးစားပေးမှု
“မိခင်တွေရဲ့ ကျန်းမာရေးကို နိုင်ငံရေး ဦစားပေးမှုတွေထဲက တစ်ခုအဖြစ် အီသီယိုးပီးယားက သတ်မှတ်ထားပါတယ်”
ကျန်းမာရေးဝန်ကြီးဌာနမှ အဒစ် ၀ိုလ်ဒီမာရီယမ်က ပြောခြင်းဖြစ်သည်။ ပြည်နယ်များ၌ မိခင်တစ်ဦးသေဆုံးမှုဖြင့် ပြည်နယ် သမ္မတတစ်ဦးဦးမှာ အပတ်စဉ် တရားစွဲဆိုစစ်ဆေးခြင်း ခံနေရသည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
အမျိုးသမီးများ၏ ကျန်းမာရေး ပြဿနာများလျော့ချရာတွင်တော့ ထိုနည်းလမ်းများက သိသိသာသာပင် အကျိုးရှိလာသည်။ Save the Children ၏ မှတ်တမ်းများအရ အီသီယိုးပီးယားမှာ အခြားသော အာဖရိကနိုင်ငံများထက်စာလျှင် မိခင်များ၏ သေဆုံးမှုအန္တရာယ် သုံးပုံ နှစ်ပုံခန့် လျော့ကျခဲ့သည်ဟု ဖော်ပြထား၏။
သို့ရာတွင် ၀မ်းနည်းဖွယ်ကောင်းသည့် ပြဿနာများက ဆက်လက်ရှိနေဆဲဟု ၀ိုလ်ဒီမာရီယမ်ကဆိုသည်။
“အမျိုးသမီးငယ်လေးတွေ သေဆုံးနေကြဆဲပါ။ အရွယ်မရောက်သေးဘဲနဲ့ အိမ်ထောင်ပြုကြတာတွေလဲ ရှိနေဆဲပါပဲ”
အရွယ်မရောက်ခင် အိမ်ထောင်ပြုခြင်းမှာ ကျန်းမာရေးဆိုင်ရာ အဓိက စိုးရိမ်မှုဖြစ်နေ၏။ အသက် ၁၅ နှစ်မှ ၁၉ နှစ်အတွင်း မိန်းကလေးများသေဆုံးခြင်း၏ အဓိက အကြောင်းအရာများထဲမှ တစ်ခုမှာ ကိုယ်ဝန်ဆောင်ခြင်းကြောင့်ဖြစ်သည်။
အသက် ၁၈ နှစ်မပြည့်ခင် ကိုယ်ဝန်ဆောင်သည့် မိန်းကလေးငယ်များက အသက်ရွယ်ကြီးရင့်သူများနှင့် နှိုင်းယှဉ်လျှင် ကိုယ်ဝန်ဆောင်ခြင်းနှင့် ဆက်စပ်သည့် ကိစ္စများကြောင့် သေဆုံးနိုင်ချေမှာ ၅ ဆ ပိုများလေသည်။
အမျိုးသမီးများ အမြုံဟုတ်မဟုတ် သက်သေပြရန်အတွက် အိမ်ထောင်အသစ်များကို မြန်မြန်ဆန်ဆန် လင်မယားအရာမြောက်စေရေး ဖိအားများလည်းရှိ၏။ မိမိ၏ မိဘများက ကလေးများများယူရန် ဖိအားပေးသည်ဟု မာဂီတာကဆိုသည်။ သို့သော်လည်း သူမကမူ ကျန်းမာရေးဝန်ထမ်း၏ အကြံပြုချက်အတိုင်း ဆောင်ရွက်လေသည်။
ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ပြုသည့်အမျိုးသမီးများမှာ အသက်အရွယ်ကြီးရင့်သော ၎င်းတို့၏ ခင်ပွန်းများကိုလည်း စောင့်ရှောက်ရသည်။ မိမိ၏ ခင်ပွန်းမှာ မိမိထက်မည်မျှ အသက်ကြီးသည်ကို မာဂီတာက သေချာမသိ။ သို့သော် အသက်အတော်ကြီးသည်ဟု သူမက ဆိုလေသည်။
အမ်ဟာရာတွင် ဇနီးနှင့်ခင်ပွန်းတို့အကြား အသက်အရွယ်ကွာခြားမှုက ၁၅ နှစ်နှင့်အထက် ရှိလေသည်။ အသက်အရွယ်ကြီးရင့်သည့် ခင်ပွန်းများမှာ လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံရှိကြပြီး လက်ထပ်ပြီးသော စုံတွဲမျာမှာမှု ကွန်ဒုံးအသုံးပြုရန် အလားအလာနည်းသည်။ ဤအချက်က ဇနီးများတွင် HIV ပိုး ကူးစက်နိုင်ခြေ ၅၀ ရာခိုင်နှုန်း ပိုရှိနေသည်ဟု လူဦးရေကောင်စီမှ ၂၀၀၄ ခုနှစ်လေ့လာမှုတွင် ဖော်ပြထားသည်။
ကျန်းမာရေးဝန်ထမ်းဆီရောက်ရန် မာဂီတာမှာ အိမ်မှ ၅ မိနစ်သာ လမ်းလျှောက်ရသည်။ လူတိုင်းအတွက် ထိုကဲ့သို့ မလွယ်။ မာဂီတာအတွက်တော့ ကံကောင်းမှုတစ်ခုပင်ဖြစ်၏။ ကလေးသတို့သမီးများမှာ အဆင်းရဲဆုံးအခြေအနေတွင် ရှင်သန်ရပြီး အီသီယိုးပီးယား၏ ဝေးလံခေါင်သီသော ဒေသများတွင် အများဆုံးဖြစ်လေသည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းနှင့် သယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှုများ မရှိခြင်းတို့ကြောင့် ပြည်သူအချို့မှာ ကျန်းမာရေး ၀န်ဆောင်မှုပေးသည့်နေရာသို့ လာရောက်ရန် နာရီနှင့်ချီ၍၊ ရက်နှင့်ချီ၍ အချိန်ပေးရသည်။
အချို့သောရွာသားများမှာ အရွယ်မရောက်သူများ လက်ထပ်ခြင်းကို ပိတ်ပင်ထားသော ဥပဒေရှိသည်ကိုပင် မသိကြ။ မင်္ဂလာပွဲပြီးသွားလျှင် ဥပဒေချိုးဖောက်ခြင်း မရှိတော့ဟု တစ်ချို့က ယုံကြည်နေကြသည်။
အောင်မြင်သော ဆောင်ရွက်မှု
အန်နာဘီလီ ရိုကာမှ အီသီယိုးပီးယား လူဦးရေကောင်စီ၏ ဒါရိုက်တာဖြစ်သည်။ အရွယ်မရောက်သေးသော အမျိုးသမီးငယ်များ လက်ထပ်ခြင်း အဆုံးသတ်ရေးတွင် သူမ၏ အဖွဲ့အစည်းက အအောင်မြင်ဆုံး လုပ်ငန်းအချို့ကို လုပ်ဆောင်နိုင်ခဲ့လေသည်။
“အမျိုးသမီးငယ် ၅၀၀၊ ၆၀၀ လောက်ဆီကိုပဲ ကျွန်မတို့ရဲ့ လှုပ်ရှားမှု ရောက်ချင်တာ မဟုတ်ပါဘူး။ အရွယ်မရောက်ဘဲ အိမ်ထောင်ချပေးခြင်းအန္တရာယ်ကို ရင်ဆိုင်နေရတဲ့ မိန်းကလေးသန်းပေါင်းများစွာထံ ကျွန်မတို့ရဲ့ လုပ်ဆောင်မှုတွေ ရောက်ရှိရပါမယ်” ဟု ရိုကာက ဆိုသည်။
ထိုပြဿနာကိုဖြေရှင်းရန်အတွက် ဆိတ်ပရောဂျက်ကို ၎င်းတို့ မည်ကဲ့သို့ အသုံးပြုသည်ကို ရိုကာက ရှင်းပြသည်။ သမီများကို စောစောစီးစီး အိမ်ထောင်ချပေးကြသည့် မိသားစုများမှာ များသောအားဖြင့် ဆင်းရဲကြသည်။ တစ်ခါတစ်ရံတွင် စောစီးစွာ အိမ်ထောင်ချပေးခြင်းက ကျွေးမွေးရမည့် ပါးစပ်တစ်ပေါက်၏ ၀န်ထုပ်ဝန်ပိုးကို အခြားတစ်ယောက်သို့ လွှဲပြောင်းပေးသည့် ပုံစံမျိုး ဖြစ်လေသည်။ ထိုမိသားစုများအား ဆိတ်တစ်ကောင်စီ ပေးခြင်းဖြင့် ၎င်းတို့တွင် အပိုဝင်ငွေတိုးလာနိုင်ပြီး စားဝတ်နေရေးအတွက် ပိုမိုချောင်လည်လာစေရန် ရိုကာတို့က ရည်ရွယ်ခြင်းဖြစ်သည်။
ပတ်ဝန်းကျင်၏ ဖိအားများကလည်း အကျိုးသက်ရောက်မှုရှိသည်။ သမီးတစ်ယောက်အား စောစောစီးစီး လက်မထပ်ပေးသည့်အတွက် မိသားစုတစ်စုက ဆိတ်တစ်ကောင်ရသည့်အခါ အခြားသောမိသားစုများကလည်း ထိုကဲ့သို့ လိုချင်ကြသည်။
ဆိတ်ပရောဂျက်က အရွယ်မရောက်သေးသူများအား အိမ်ထောင်ချပေးခြင်းကို နောက်ကျစေရန် ဆောင်ရွက်ရာတွင် အလုပ်ဖြစ်သည်ဟု လူဦးရေကောင်စီ၏ လေ့လာမှုများအရ သိရသည်။ သို့သော် မိသားစုတစ်ခု ဆိတ်တစ်ကောင် ပရောဂျက်မှာ အီသီယိုးပီးယား အစိုးရအတွက်တော့ တန်ဖိုးကြီးမြင့်နေလေသည်။
ထို့ကြောင့် CARE အဖွဲ့၊ အမျိုးသမီးများနှင့်ပတ်သက်၍ နိုင်ငံတကာသုတေသန စင်တာတို့က အခြားချဉ်းကပ်မှုတစ်ခုကို ဆောင်ရွက်ရသည်။ အရွယ်မရောက်သေးသော အမျိုးသမီးငယ်များအား အိမ်ထောင်ချပေးခြင်းကို တားဆီးရန် ကြိုးပမ်းခြင်းထက်၊ လက်ထပ်ပြီးသော အမျိုးသမီးများဆီသို့ ချဉ်းကပ်ရလေသည်။ ၎င်းတို့အား ကျန်းမာရေး၊ စီပွားရေးနှင့် ပညာရေးဆိုင်ရာ အထောက့်အပံများကို ပေးရပြီး မိန်းကလေးငယ်များအတွက် လူမှုရေး ကွန်ယက်တစ်ခုကိုပါ ဆောင်ရွက်ပေးရလေသည်။
အဆိုပါပရောဂျက်တွင် ဂျက်ဖ် အက်ဒ်မီဒက်မှာ သုတေသန ပညာရှင်ဖြစ်သည်။ အမ်ဟာရာသို့ ပထမဆုံးရောက်စဉ်က ကလေးသတို့သမီးများကို ရှာတွေ့လိမ့်မည်ဟု မထင်ခဲ့။ ကလေးငယ်များလက်ထပ်ခြင်းကို တားဆီးပိတ်ပင်သည့် ဥပဒေက အလုပ်ဖြစ်နေပြီး ကလေးသတို့သမီးကို တွေ့မြင်ရခြင်းမရှိတော့ဟု အစိုးရအရာရှိတစ်ဦးကို ဂျက်ဖ်က ပြောခဲ့သည်။
ထိုကဲသို့မဟုတ်ဆိုသည်ကို မကြာမီ ဂျက်ဖ်က သိရှိလိုက်ရသည်။ ယခုတွင်တော့ အမ်ဟာရာဒေသ တစ်ခုတည်းတွင်ပင် ကလေးသတို့သမီး ထောင်ပေါင်း များစွာရှိနေမည်ဟု ဂျက်ဖ်က ခန့်မှန်းမိနေ၏။ ကလေးငယ်များ လက်ထပ်ခြင်းကို တားမြစ်ပိတ်ပင်သည့် ဥပဒေ၏ အလိုသဘောကို ဂျက်ဖ်က နားလည်သည်။ သို့သော် ထိုဥပဒေက အမျိုးသမီးငယ်များအား အကျိုးယုတ်စေမည်ကို သူက စိုးရိမ်နေလေ၏။
“သုတေသနလုပ်ဖို့ ပိုခက်ခဲပါတယ်။ အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေကို အိမ်ထောင်ချပေးတာကို ယခင်ထက်ပိုပြီး သိုသိုသိပ်သိပ်လုပ်ကြပါတယ်” ဟု သူက ဆိုသည်။ ထိုသူများအား ဆွဲထုတ်ရန်မှာ သူ၏ အလုပ်ပင်ဖြစ်၏။
အကူအညီပေးခြင်းနှင့်အတူ ငွေများ စုကာ စီးပွားရေးလုပ်ငန်းလေးများ မည်ကဲ့သို့ လုပ်ရမည်ကိုပါ အမျိုးသမီးငယ်များအား ဂျက်ဖ်က သင်ပေးသည်။ ထို့ပြင် မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးကိုလည်း မိန်းကလေးများက သင်ကြားရသည်။ ထိုသင်ကြားမှုက အလုပ်ဖြစ်သော်လည်း
မိန်းကလေးငယ်များကို ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းအတွင်း ပါဝင်အောင်လုပ်ပြီး တစ်ဦးနှင့်တစ်ဦး ပြောဆိုနားထောင်နိုင်ရန် ဆောင်ရွက်ခြင်းက ၎င်း၏ ပရောဂျက်တွင် စိတ်လှုပ်ရှားစရာအကောင်းဆုံးထဲမှ တစ်ခုဖြစ်သည်ဟု ဂျက်ဖ်က ဆိုလေသည်။
“အစပိုင်းမှာတော့ သူတို့ နှုတ်ဆိတ်နေကြပါတယ်။ သူတို့ဟာ စကားပြောခဲပါတယ်။ ဒါပေမယ့် ပရောဂျက်အဆုံးမှာတော့ ဒီမိန်းကလေးတွေဟာ အလွန်တက်ကြွပြီး ကဏ္ဍပေါင်းစုံက အကြောင်းအရာပေါင်းစုံကို စိုးရိမ်မှုမရှိဘဲ ပြောလာကြပါတယ်” ဟု ဂျက်ဖ်က ဖွင့်ဟခဲ့သည်။
IRCW ပရောဂျက်ဆောင်ရွက်ခဲ့သည့် နှစ်အတွင်း တားဆီးနိုင်ခဲ့သည့် အရွယ်မရောက်သေးသော အမျိုးသမီးငယ်များ အိမ်ထောင်ချပေးမှု ၇၀ ကို မှတ်တမ်း တင်ထားသည်။ ထိုပရောဂျက်က အောင်မြင်မှုများ ရနေသော်လည်း အရွယ်မရောက်သေးသော မိန်းကလေးများ လက်ထပ်မှုအား အဆုံးသတ်စေရန် ဆောင်ရွက်ရပေဦးမည်။ အက်ရှ်ကာလက်ရှ် သောမတ်စ်ကဲ့သို့ အမျိုးသမီးအများစုမှာ ထိုပရောဂျက်အတွင်း ပါဝင်ခွင့်မရခဲ့ပေ။
မြို့တော် အက်ဒစ် အဘာဘာရှိ ကလေးဖျက်ချပေးသည့် ဆေးခန်း၌ ဖောင်ဖြည့်ရာတွင် သောမတ်စ်က သူမ၏အမည်နှင့် အသက်ကို ဖြည့်သည်။ သူမ၏ အသက်မှာ ၁၅ နှစ်သာရှိသေး၏။
နိုင်ငံတောင်ပိုင်း ၀ိုလီယာတာရွာမှ သူမက ရောက်ရှိလာခြင်းဖြစ်သည်။ သူမ သိသော ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် ၀န်ထမ်းဆီကို သွားရန် နာရီအနည်းငယ်ကြာမည်။ လွန်ခဲ့သည့် တစ်နှစ်က မိဘများမှ သူမအား အိမ်ထောင်ချပေးခဲ့သည်။ သတို့သား၏ အမည်ကိုပင် သူမက မသိခဲ့။
လုပ်နိုင်သည်ဟုထင်သော တစ်ခုတည်းသောအရာကို သူမ လုပ်ဆောင်ခဲ့သည်။ သူမ ထွက်ပြေးခဲ့လေသည်။
ထို့နောက် စက်ရုံတစ်ခု၌ အလုပ်ရပြီး သူငယ်ချင်းများနှင့် စုနေကြသည်။ ကောင်လေးတစ်ယောက်နှင့်တွေ့ပြီး ထိုကောင်လေးက သူမအား ချစ်ကြိုက်ကြောင်း ပြောသည်။ ၃ ရက်လောက်နေတော့ သူမတွင် ကိုယ်ဝန်ရှိနေကြောင်း သိခဲ့ရပြီး ထိုနေရာမှ ထွက်ပြေးရပြန်သည်။
သူမ၏ မိဘများကို ပြောမပြခဲ့။ “သူတို့ ကျွန်မကို သတ်ပစ်လိုက်မှာ” ဟု သူမက ဖွင့်ဟသည်။ ထို့နောက် ကလေးဖျက်ချရန် လာခဲ့သည်။ ကိစ္စ၀ိစ္စပြီးသောအခါ စိတ်လက်ပေါ့ပါးသွားပြီး ကလေးယူရန် အဆင်သင့်မဖြစ်သေးဟု သူမကဆိုလေသည်။ အဆောက်အဦးအတွင်းမှ ထွက်သွားပြီး လမ်းမပေါ်တွင်ရပ်လိုက်သည်။ မည်သည့်နေရာသို့သွားရမည်၊ မည်သူ့ရင်ခွင်၌ ခိုလှုံရမည်ကိုတော့ သောမတ်စ်တစ်ယောက် မသိ………
Al Jazeera သတင်းဌာနမှာ ဖော်ပြခဲ့တယ့် Amy Walters ရဲ့ Ethiopian girls as young as five married off သတင်းဆောင်းပါးကို လေးမောင် ဆီလျောက်အောင် ဘာသာပြန်ဆိုပါသည်။
Comments