စက်တင်ဘာ ၁၀ ၊ ၂၀၁၄
M-Media
– ဘောလုံးပွဲအတွင်း ကစားသမားများ ဦးခေါင်းထိခိုက်ဒဏ်ရာရပါက ဆေးကုသမှုပေးရန်အတွက် ပြိုင်ပွဲကို သုံးမိနစ်ရပ်နားမည့် အစီအစဉ်တစ်ခုကို ဖီဖာဆေးဘက်ဆိုင်ရာကော်မတီ ဥက္ကဌ မိုက်ကယ် ဒီဟူဂီက ထုတ်ဖော်လိုက်သည်ဟု သိရသည်။
အဆိုပါ အစီအစဉ်ကို ယမန်နေ့တွင်ပြုလုပ်သည့် ညီလာခံတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး ဦးခေါင်းထိခိုက်သွားသည့် ကစားသမား ဆက်လက်ကစားရန်အတွက် ဆရာဝန်တစ်ဦးတည်း၏ ဆုံးဖြတ်ချက်ကသာ အတည်ဖြစ်မည်ဖြစ်သည်။
“ဦးခေါင်းထိခိုက်တယ်လို့ သံသယရှိတဲ့အခါ ပွဲကို သုံးမိနစ်ရပ်နားဖို့ ဒိုင်လူကြီးကို အမိန့်ပေးထားပါမယ်။ ကစားသမားရဲ့ အခြေအနေကို ကြည့်ရှုစစ်ဆေးဖို့အတွက် အသင်းက ဆရာဝန်ကို အချိန်ပေးဖို့ပါ။ အာရုံကြောနဲ့ဆိုင်တဲ့ စစ်ဆေးမှုတွေလုပ်ဖို့၊ ကစားသမားနဲ့ စကားပြောဖို့အတွက် ဆရာဝန်မှာ အခွင့်အရေးရှိနေပြီး၊ ဆရာဝန်က လက်ခံမှသာ ဒိုင်လူကြီးက အဲဒီကစားသမားကို ဆက်လက်ကစားစေမှာပါ” ဟု ဖီဖာအမှုဆောင်ကော်မတီ အဖွဲ့ဝင်ဖြစ်သူ ဒီဟူဂီက ညီလာခံတွင် ပြောကြားခဲ့သည်။
ထိုအစီအစဉ်အား စက်တင်ဘာ ၁ ရက်နေ့က ယူအီးအက်ဖ်အေ ဆေးဘက်ဆိုင်ရာ ကော်မတီသို့ တင်ပြခဲ့ပြီး၊ တစ်ညီတညွတ်တည်း လက်ခံခဲ့သည်။ ထို့ပြင် လာမည့်သီတင်းပတ်တွင် ယူအီးအက်ဖ်အေ အမှုဆောင်ကော်မတီနှင့် စက်တင်ဘာ ၂၅ ရက်နေ့တွင် ဖီဖာအမှုဆောင်ကော်မတီများသို့ ပေးပို့တင်ပြသွားမည်ဟု ဒီဟူဂီက ထပ်လောင်းပြောကြားခဲ့သည်။
ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ဦးခေါင်းထိခိုက်ခဲ့သူ ကစားသမား ငါးဦးအထိ ရှိခဲ့ပြီး ၎င်းတို့မှာ ပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှု မရရှိခဲ့သည့်အတွက် ဖီဖာမှာ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
Comments