စက်တင်ဘာ ၁၇ ၊ ၂၀၁၄
M-Media
နှစ်ပေါင်းငါးဆယ် အာဏာရှင်အုပ်စိုးမှုမှ ဖြည်းဖြည်းချင်း ခွဲဖြာထွက်လာသည့် မြန်မာနိုင်ငံသည် ကြွယ်ဝချမ်းသာနေပြီဖြစ်သော ၎င်း၏အိမ်နီးချင်းများကို အမှီလိုက်နိုင်ပါမည်လော ?
ရာစုနှစ်ဝက်နီးပါး အာဏာရှင်အုပ်ချုပ်ရေးအောက်ကျရောက်ပြီးနောက် မြန်မာနိုင်ငံသည် အာဏာရှင်စနစ်နှင့် ဖိနှိပ်ခြင်း၏ အေးစက်မှောင်ပိန်းသည့်နှစ် ကာလများထံမှ တိုးထွက်နေပြီ ဖြစ်၏။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကြီးထွားလာစေခြင်း၊ အမေရိကန်၊ ဥရောပနှင့် အခြားတိုင်းပြည်များ၏ ပိတ်ပင်မှုနှင့် နိုင်ငံရေးဝေဖန်ချက် တစစပျော့ပြောင်းလာခြင်း တို့နှင့်အတူ လုပ်ငန်းသစ်များနှင့် ယဉ်ကျေးမှု အသစ်တစ်ရပ်ထံ ဦးတည်နေပေပြီ။
ဤပြန်လည်ထွန်းကားမှု၏ နောက်ဆုံးလက္ခဏာကို ယခုလအစောပိုင်းတွင် တွေ့ရသည်။ အမေရိကန် နိုင်ငံခြားရေး ဂျွန်ကယ်ရီ ဘွားကနဲပေါ်လာပြီး (မြန်မာနိုင်ငံ၏ ပြီးပြတ်အောင်မဖြေရှင်းနိုင်သေးသော လူမျိုးစုပဋိပက္ခများ၊ လူနည်းစု ရိုဟင်ဂျာမွတ်စ်လင်မ်တို့အပေါ် သဘောထား၊ အနုတ်လက္ခဏာဆောင်သော မီဒီယာ ဖိနှိပ်မှုပြဿနာများကြောင့်) နိုင်ငံခေါင်းဆောင်တို့မှာ ဒီမိုကရေစီလမ်းကြောင်းနှင့် အလှမ်းဝေးနေသေးသော်လည်း တိုးတက်မှုလုပ်ငန်းကို ဆောင်ရွက်နေခဲ့သည်ဟု အမေရိကန်မှ ယုံကြည်ပါကြောင်း၊ အိုဘားမား အစိုးရအနေနှင့် နိုင်ငံရေးနှင့်ဥပဒေရေး၌ ထပ်မံ မွမ်းမံပြောင်းလဲဖို့ တွန်းအားပေးရန် စိတ်ဆန္ဒ ရှိပါကြောင်း ပြောကြားသွားခဲ့သည်။
သာဓကဆောင်ရလျှင် မြို့တော်ရန်ကုန်အစွန်အဖျားရှိ ချို့တဲ့မြို့နယ်တစ်ခုဖြစ်သော ဒလ၌ ကျောင်းအပ်စားရိတ်မှာ သုံးဒေါ်လာမျှသာရှိသည်။ ယင်းပမာဏသည် ကမ္ဘာတစ်ခွင်၌ မဆိုစလောက်သောတန်ကြေးဖြစ်လင့်ကစား ဤနေရာရှိ လူအချို့အတွက်တော့ ၀န်ထုပ်ဝန်ပိုး ဖြစ်နေရသည်။
ဗွက်ထလမ်းများတစ်လျှောက် ကွင်းဆင်းသွားလာကြည့်ပါက ရေဆိုးရေပုပ်အပေါ်ရှိ ညစ်ပတ်ပေရေယိုင်နဲ့နေသည့် နေအိမ်များအတွင်း လူများစွာ နေထိုင်လျက်ရှိသည်ကို တွေ့ရပေမည်။ သူတို့ထံ လျှပ်စစ်မရှိ၊ ထိုက်သင့်သော ကျန်းမာရေးစောင့်ရှောက်မှုလည်း မရှိပါလေ။
သို့တစေ ဂျွန်ကယ်ရီသည် နိုင်ငံအတွင်းပိုင်းသို့ ခြေဆန့်သွားလာခဲ့ပါလျှင် ခေတ်သစ်ကမ္ဘာ၏ အကျိုးတရားနှင့် မြန်မာပြည်၏ခေတ်ဟောင်းရုန်းကန်မှုအကြား ကွဲလွဲမှု ရှိနေဆဲဖြစ်ကြောင်း ရှင်းလင်းစွာ တွေ့ရမည်ဖြစ်သည်။ မြန်မာပြည်သည် သဘာဝသယံဇာတ ကြွယ်ဝလှသော်လည်း နိုင်ငံတွင်း ပြည်သူအများစုမှာ ယင်းအကျိုးအမြတ်နှင့် လွတ်လပ်မှုအကျိုးတို့ကို အပြည့်အ၀ မခံစားရသေးပဲ ကမ္ဘာပေါ်တွင် အကျိုးခံစားမှုအနည်းဆုံးနိုင်ငံတစ်ခု ဖြစ်နေဆဲပင်။
သတင်းစာအရေအတွက်များပြားလာသည့်အကျိုးကြောင့် ပြည်သူတို့မှာ အမြင်ပွင့်လာကြသော်လည်း – စီးပွားရေးလုပ်ငန်းနယ်ပယ်သစ်အချို့၌ လုပ်ငန်းရှင်အချို့မှ စွန့်ဦးခြေချခွင့်ပြုလာကြသော်လည်း ပြည်သူအများစုမှာကား သူတို့ရင်သွေးများ၏ ပညာရေးအတွက် လုံလောက်စွာပင် မထောက်ပံ့နိုင်ကြချေ။
သာဓကဆောင်ရလျှင် မြို့တော်ရန်ကုန်အစွန်အဖျားရှိ ချို့တဲ့မြို့နယ်တစ်ခုဖြစ်သော ဒလ၌ ကျောင်းအပ်စားရိတ်မှာ သုံးဒေါ်လာမျှသာရှိသည်။ ယင်းပမာဏသည် ကမ္ဘာတစ်ခွင်၌ မဆိုစလောက်သောတန်ကြေးဖြစ်လင့်ကစား ဤနေရာရှိ လူအချို့အတွက်တော့ ၀န်ထုပ်ဝန်ပိုး ဖြစ်နေရသည်။
ဗွက်ထလမ်းများတစ်လျှောက် ကွင်းဆင်းသွားလာကြည့်ပါက ရေဆိုးရေပုပ်အပေါ်ရှိ ညစ်ပတ်ပေရေယိုင်နဲ့နေသည့် နေအိမ်များအတွင်း လူများစွာ နေထိုင်လျက်ရှိသည်ကို တွေ့ရပေမည်။ သူတို့ထံ လျှပ်စစ်မရှိ၊ ထိုက်သင့်သော ကျန်းမာရေးစောင့်ရှောက်မှုလည်း မရှိပါလေ။
ထိုဒေသမှကလေးငယ်များအဖို့ လွန်ခဲ့သော နှစ်ငါးဆယ်အလျင်က လူဖြစ်ခဲ့လျှင် ကံကောင်းလေစွဟု မှတ်ယူကောင်းမှတ်ယူပေလိမ့်မည်။ ကလေးမိဘ အများစုတို့မှာ အဆင့်မြင့် လူနေမှုစနစ် ဟူသည်ကို ဘာမှန်း မသိကြသေးသည့်အတွက် တိုင်းပြည်၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို ကြိုဆိုကောင်းကြိုဆိုကြပေမည်။
(၁၉၆၀)နှစ်များကာလ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဖြစ်ခဲ့သူ ဦးသန့်၏မြေး ရန်ကုန်သမိုင်းအမွေအနှစ်ထိန်းသိမ်းရေးကော်မတီဥက္ကဌ ဒေါက်တာ သန့်မြင့်ဦးမှ “ လက်ရှိ နိုင်ငံရေးလွတ်လပ်မှုရဲ့ရေချိန်အတိုင်း ဆက်သွားလိမ့်မယ်လို့ ကျွန်တော်တို့က အကောင်းမြင်သဘောနဲ့ ယုံကြည်လို့ရတယ်လို့ ကျွန်တော် ထင်ပါတယ်။ ထို့အတူ ဒီမိုကရေစီစနစ်ဖက်ကို ဆက်ရှေ့မယ်လို့ အတိုင်းအတာတစ်ရပ်အထိ ကျွန်တော်တို့ ယုံကြည်နိုင်ပါတယ်။ သို့သော် အခြေခံလူတန်းစားဘ၀ ဘယ်လိုပြောင်းလဲ သွားမလဲဆိုပြီး ကျွန်တော် တွေးကြည့်ပါတယ်။ ၀င်ငွေမညီမျှမှုက ပိုမိုဆိုးဝါးသွားလေမလား၊ နိုင်ငံ့လူဦးရေ သုံးပုံနှစ်ပုံထိရှိတဲ့ ကျောမွဲ လူတန်းစားတွေရဲ့ ဘ၀အခြေအနေ အပြောင်းအလဲ ဖြစ်သွားလေမလား ဆိုတဲ့ အဓိကမေးခွန်းကြီးကတော့ ရှိနေဆဲပါ”ဟု ပြောဆိုသည်။
အပြောင်းအလဲဖြစ်ရေးအတွက် ပင်မအတားအဆီးများအနက်တစ်ရပ်မှာ အကျင့်ပျက်ခြစားမှုပြဿနာများ ဆက်လက်ဖြစ်ပေါ်နေကြောင်း သူက ထောက်ပြ ထား၏။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် စီးပွားရေးလုပ်ဆောင်ရန် အခက်ခဲဆုံးနေရာဟု ကမ္ဘာ့ဘဏ်မှ သုံးသပ်ထားခြင်းမှာ အံ့သြစရာ မဟုတ်တော့ချေ။
“လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ အတွင်း အကြီးမားဆုံး အနိဌာရုံတစ်ခုက – နှစ်ပေါင်း ၄၀ သို့မဟုတ် ၅၀ စစ်အုပ်ချုပ်ရေးရဲ့နောက်မှာ ပျောက်ဆုံးသွားရတဲ့ လွတ်လပ်စွာတရားစီရင်ခွင့်နဲ့ ယခင်နှစ် ၅၀က တရားစီရင်ရေးစနစ်ပါပဲ။ ခိုင်မာတဲ့တရားစီရင်ရေးစနစ်၊ တရားသူကြီးများနဲ့ ဗဟိုတရားရုံးချုပ်လက်အောက်က ရဲတပ်ဖွဲ့ရဲ့အားကောင်းတဲ့ တရားဥပဒေစိုးမိုးရေးယန္တရား ရှေ့ဆက်ဖို့ အလွန်အင်မတန်ကို ခက်ခဲမှာသေချာပါတယ်” ဟုလည်း ဖြည့်စွက်ပြောပြခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ဟောင်း ဗစ်ကီ ဘိုးမန်းသည် နိုင်ငံရေးအဆက်အနွယ်လူတစ်ဦးနှင့် အိမ်ထောင်ကျ၍ မြန်မာနိုင်ငံတွင် နှစ် အတန်ကြာနေထိုင် ခဲ့သည်။ ယခုအခါ အကျင့်ဖျက်ခြစားမှုတိုက်ဖျက်ရေး NGO တစ်ခု၌ လုပ်ကိုင်နေသည်။ မြန်မာနိုင်ငံသည် ချမ်းသာကြွယ်ဝနေပြီဖြစ်သော ၎င်း၏အိမ်နီးချင်းများကို ခပ်သွက်သွက်အမှီလိုက်နိုင်လိမ့်မည်ဟူ၍ မှိုင်းမိနေသည့် အကောင်းမြင်သဘောထားရှိ နိုင်ငံခြားလုပ်ငန်းရှင်များအကြား သူမက သတိပေးထားသည်။
“၀င်လာတဲ့ ကုမ္ပဏီတွေအနေနဲ့ လွန်ခဲ့တဲ့နှစ်နှစ်အလွန်က ရောက်လာခဲ့ရင် သူတို့ထဲက အများစုဟာ ခပ်ဆိုင်းဆိုင်းပဲ လုပ်ကိုင်ဖော်ဆောင်ကြမယ်လို့ ကျွန်မ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနိုင်ငံက တည်ကြည်ဖြောင့်မတ်မှု မရှိလို့ပါပဲ”။
သူမအမြင်အရ ပြန်လည်ပြုပြင်ရေးမှာ နှေးကွေးနေဆဲဖြစ်ပြီး အမြစ်တွယ်နေသော တိုင်းပြည်၏ခွဲခြားမှုသည်လည်း တိုးတက်မှုအသွင်ဆောင်လာရမည့် အစား ခေတ်ဆွေးထဲမှ မရုန်းထွက်နိုင်သေးပေ။
“လူမျိုးစုသူပုန်ရော၊ စစ်တပ်ပါ အပတ်စဉ်လူတွေ၊ အရပ်သားတွေကို သတ်ဖြတ်နေတဲ့ လူမျိုးရေးပဋိပက္ခရှိနေဆဲ၊ ရှင်သန်နေဆဲတိုင်းပြည်တစ်ခုဆိုတာ ခုအချိန်မှာ မမေ့လျော့လိုက်ဖို့ တကယ်အရေးကြီးတယ်လို့ ကျွန်မ မြင်ပါတယ်။ တိုင်းပြည်အနှံ့မှာတော့ ငြိမ်းချမ်းရေး သဘောတူညီချက်တွေ ဖက် တော့်တော့်ကို ဇောင်းပေး အားသန်နေတာ တွေ့ရတယ်။ ဒါပေမယ့် အဲ့ဒါတွေဟာ ပီပြင်တဲ့ အခြေခံနိုင်ငံရေးအဆောက်အဦပေါ် အမှန်တကယ် တည်ဆောက်ထားတာ မဟုတ်ပါဘူး”။
အကယ်၍ မြန်မာ့ဒီမိုကရေစီရုပ်လုံး ဒေါ်အောင်ဆန်းစုကြည်အား လာမည့်နှစ်၌ သမ္မတနေရာသို့ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ပြုပါလျှင် ယင်းပြဿနာများမှာ ဖြေရှင်းရ ပိုလွယ်ကူလာ လိမ့်မည်ဟု မြန်မာပြည်တွင်းပြည်ပ လူများစွာတို့က ယုံကြည်နေကြသည်။ သို့သော် သူမမှာ တောင်ကုန်းတိုက်ပွဲတစ်ခုကို ရင်ဆိုင်နေရပါသည်။ ၎င်းမှာ စစ်တပ်မှ ရေးဆွဲထားသည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေစည်းမျဉ်းပင် ဖြစ်ပါသည်။ သူမ၏ကွယ်လွန်သူ ခင်ပွန်းနှင့် ရင်သွေးများမှာ နိုင်ငံခြားသားများဖြစ်နေသဖြင့် အဆိုပါဥပဒေက သူမအား သမ္မတရာထူးဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို တားမြစ်ထား၍ဖြစ်သည်။ ဂျွန်ကယ်ရီ၏ လတ်တစ်လော အလည်အပတ်ခရီးစဉ်နှင့်တော့ မသက်ဆိုင်၊ ထိုပြဌာန်းချက်ကို ရုပ်သိမ်းမည့်အလားအလာအား မဆိုစလောက်တော့ တွေ့ရပေပြီ။ သို့တိုင် မြန်မာနိုင်ငံသည် အပြောင်းအလဲ ပြုနေပါသော်လည်း ၎င်း၏ပြည်သူပြည်သားများအတွက်မူ လောက်လောက်လားလား မပြောင်းလဲသေးပါတကား။
xxxxxxxxxxxxxxx
Al Jazeera ၏ လူထုနှင့်အာဏာ အခန်းကဏ္ဍ မှ Myanmar: A new dawn ဆောင်းပါးကို မြင့်မိုရ်မောင်မောင် ပြန်ဆိုသည်။
Comments