စက်တင်ဘာ ၂၄ ၊ ၂၀၁၄
M-Media
– ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှာ လာမည့်နှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပါတီ၏ သမ္မတလောင်း မပါဘဲ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး စစ်တပ်ကျော ထောက်နောက်ခံပြု အာဏာရ ပါတီမှ ဗိုလ်ချုပ်ဟောင်းတစ်ဦးအား သမ္မတ အဖြစ် ထောက်ခံဖွယ်ရှိနေသည်ဟု NLD တာဝန်ရှိသူများက ဖွင့်ဟလိုက်သည်။
မြန်မာနိုင်ငံ၏ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေက အသက် ၆၈ နှစ်အရွယ် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို ဟန့်တားထားသည်။ ထို့ပြင် သမ္မတလောင်း နေရာ အတွက် ပါတီအတွင်းမှ အခြားသူတစ်ဦးကို အစားထိုးရန် အတွက်လည်း သူမအနေဖြင့် ဆန္ဒရှိပုံမပေါ်။
NLD ပါတီမှ အကြီးတန်း အဖွဲ့ဝင် တစ်ဦးကတော့ ၎င်းတို့ပါတီမှာ သမ္မတလောင်းနေရာ အတွက် ယခင်စစ်တပ် အရာရှိဟောင်းများဖြင့် ဖွဲ့စည်းထားသည့် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ USDP မှ လွှတ်တော်ဥက္ကဌ ဦးရွှေမန်းကို ထောက်ခံနိုင်သည်ဟု ပြောကြားခဲ့၏။
သို့သော်လည်း NLD ၏ ထိုသဘောထားက စစ်တပ်၏ အကျဉ်းချမှုကို ခံခဲ့ရသူများ အပါအ၀င် ပါတီဝင်များကို ဒေါသထွက်စေမည့် အန္တရာယ်ရှိနေလေသည်။ ထို့ပြင် နိုင်ငံ၏ လူကြိုက် အများဆုံးဖြစ်သည့် NLD နှင့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အား ထောက်ခံမှုမှာလည်းလျေားနည်းလာနိုင်လေသည်။
“ကျွန်တော်တို့ပါတီမှာ နံပါတ် ၂ နေရာဆိုတာ မရှိဘူးလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပြီးတဲ့နောက် ဒုတိယဆိုတာ မရှိပါဘူး”
ပါတီအနေဖြင့် ကိုယ်ပိုင် သမ္မတလောင်းကို မည်သည့်အတွက်ကြောင့် မရွေးချယ်သနည်း ဆိုသည့် အမေးအတွက် NLD အမှုဆောင်ကော်မတီ အဖွဲ့ဝင် ဟန်သာမြင့်က ယခုကဲ့သို့ ဖြေကြားခဲ့၏။
တိုင်းပြည်အတွင်း ဒီမိုကရေစီထွန်းကားရေး အတွက် ဆောင်ရွက်မှုကြောင့် ဆယ်စုနှစ် ၂ ခုနီးပါး နေအိမ် အကျယ်ချုပ် ကျခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်မှာ စစ်အစိုးရက ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သမ္မတဖြစ်ခွင့် မရှိ။ “သမ္မတလောင်း၏ အိမ်ထောင်ဖက် သို့မဟုတ် သားသမီးများမှာ နိုင်ငံခြားသား၊ သို့မဟုတ် နိုင်ငံခြား တိုင်းပြည်တစ်ခု၏ သစ္စာတော်ခံ မဖြစ်စေရ” ဟူသော ကန့်သတ်ချတ်ကြောင့်ဖြစ်၏။ ဒေါ်အောင်ဆန်းစုကြည်၏ ကွယ်လွန်သွားသော ခင်ပွန်းနှင့် သားနှစ်ဦးမှာ ဗြိတိန်နိုင်ငံသားများဖြစ်ခြင်းကြောင့် ထိုကန့်သတ်ချတ်နှင့် ညိစွန်းနေလေသည်။
လာမည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲမှာ ၁၉၆၂ ခုနှစ်က အာဏာသိမ်း၍ တိုင်းပြည်အား အုပ်စိုးခဲ့သည့် စစ်တပ်အုပ်ချုပ်မှုကို အဆုံးသတ်၍ သမ္မတဦးသိန်းစိန် ဦးဆောင်ကာ ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့သည့် အပြောင်းအလဲနောက်ပိုင်း ပထမဆုံး ကျင်းပမည့် ရွေးကောက်ပွဲဖြစ်၏။
ထို့ပြင် ၁၉၉၀ ရွေးကောက်ပွဲ အနိုင် ရလဒ်အား စစ်တပ်မှ ပယ်ဖျက်ခြင်းခံခဲ့ရသည့် NLD ပါတီ အတွက် ပထမဆုံး ၀င်ရောက် ယှဉ်ပြိုင်မည့် ရွေးကောက်ပွဲ လည်းဖြစ်လေသည်။ စစ်တပ်မှဦးစီးကာ ပြုလုပ်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မှာ နေအိမ်အကျယ်ချုပ် ကျခံနေရသည့် အချိန်ဖြစ်ပြီး ထိုရွေးကောက်ပွဲကိုလည်း NLD က သပိတ်မှောက်ခဲ့လေသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်အရ သမ္မတအား လွှတ်တော်မှ ရွေးကောက်တင်မြှောက်လေသည်။
အောက်လွှတ်တော်နေရာ လေးပုံတစ်ပုံကို စစ်တပ်မှကိုယ်စားလှယ်များက ရယူထား၏။ NLD ပါတီက ရွေးကောက်ပွဲတွင် မည်မျှအခြေအနေကောင်းသည်ဖြစ်စေ စစ်တပ် ကျောထောက်နောက်ခံပြုထားသည့် USDP က စစ်တပ်ကိုယ်စားလှယ်များနှင့် ပူးပေါင်းမည်မှာ သေချာနေသည်။
ဒေါ်အောင်ဆန်းစုကြည်မဟုတ်ဘဲ အခြား တစ်ယောက်အား သမ္မတလောင်း အဖြစ် သတ်မှတ်ကာ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ပါက USDP နှင့် စစ်တပ် ကိုယ်စားလှယ်များပေါင်း၍ ရသည့်မဲဖြင့် ရှုံးနိမ့် သွားနိုင်လေ၏။ထိုအန္တရာယ်ကြောင့် သမ္မတလောင်းကို မရွေးချယ်ဘဲ ပါတီ၏ မဲများကို အသုံးပြု၍ USDP နှင့် အပေးအယူလုပ်ရေး NLD က ဆုံးဖြတ်နိုင်သည်။
ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့မှာ လွှတ်တော်တွင် ပူးပေါင်းဆောင်ရွက်မှုများ ရှိနေပြီး ကောင်းမွန်သည့် ဆက်ဆံရေးများ တည်ဆောက်ထားနိုင်ပုံရသည်။ ထို့ပြင် ဦးရွှေမန်းမှာ USDP မှ အခြားသော အကြီးတန်းအဖွဲ့ဝင်များထက် ပို၍ လက်တွေ့ဆန်သည်ဟု ထင်ကြ၏။
ဒေါ်အောင်ဆန်းစုကြည် သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် အခြေခံဥပဒေပြင်ဆင်ခြင်းကို ထောက်ခံမည်ဟု ဦးရွှေမန်းက ဖွင့်ဟခဲ့ဖူးသည်။
“သူမ(ဒေါ်အောင်ဆန်းစုကြည်)ဟာ ပါတီအတွင်းမှာ လူကြိုက်အများဆုံး ပုဂ္ဂိုလ်ပါပဲ။ သူမအနေနဲ့ ဦးရွှေမန်းကို မျက်နှာသာပေးလေ့ ရှိပါတယ်” ဟု NLD အမှုဆောင်ကော်မတီအဖွဲ့ဝင် ဦးဥာဏ်ဝင်းကဆိုသည်။
သဘောထားတူသည့် ဗိုလ်ချုပ်ဟောင်း
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲခြင်းနှင့် ပတ်သက်၍ စစ်တပ်က ဗီတိုရယူထားမှု၊ နိုင်ငံ၏ လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခြင်းကို တားဆီး ထားသည့် အပိုဒ် စသည်တို့ကို ဖယ်ရှားရန်အပါအ၀င် အခြေခံဥဒေပြင်ဆင်ရေး အာဏာရပါတီကို ဖိအားပေးရန်အတွက် NLD က ပြည်သူလူထုထံမှ လက်မှတ် ၅ သန်း စုဆောင်းနိုင်ခဲ့သည်။
သို့သော်လည်း စစ်တပ်မှထောက်ခံအားပေးထားသည့် အာဏာရပါတီက အခြေခံဥပဒေကို ပြင်ဆင်ခြင်းခွင့်ပြုမည့် မျှော်လင့်ချက်မှာ အနည်းငယ်သာရှိလေ၏။
ထိုအကြောင်းအရင်းကြောင့် ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်၌ အမတ်နေရာ တစ်နေရာရခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်နိုင်မည့် အခွင့်အရေးလည်း မရှိတော့။
ဒေါ်အောင်ဆန်းစုကြည်မှလွဲ၍ အခြားတစ်ဦးကို သမ္မတလောင်းအဖြစ် ရွေးချယ်မည့်အစား ပါတီ၏သဘောထားကို လက်ခံနိုင်မည့် ပါတီဝင်မဟုတ်သော သမ္မတလောင်းကို NLD က အာပေးထောက်ခံလိ့မ်မည်ဟု ဟန်သာမြင့်က မှတ်ချက်ပြုခဲ့သည်။
“အဲဒီသူဟာ NLD ဖြစ်စရာ မလိုပေမယ့် ကျွန်တော်တို့လို ခံယူချက်တော့ ရှိရပါမယ်။ အရေးကြီးတဲ့အရာတစ်ခုကတော့ သမ္မတ အဖြစ် ကျွန်တော်တို့ လက်ခံနိုင်တဲ့ တစ်ယောက်ယောက် ရှိနေတယ်ဆိုတာပါပဲ။ ကျွန်တော်တို့အတွက် ဒါဟာလုံလောက်ပါတယ်”
သမ္မတလောင်းအဖြစ် ဒေါ်အောင်ဆန်းစုကြည်နေရာကို အစား မထိုးရန် ဆုံးဖြတ်ခြင်းက NLD အတွင်း ဒေါ်အောင်ဆန်းစုကြည်မှလွဲ၍ အခြား သင့်လျော်သည့် ခေါင်းဆောင် မရှိကြောင်း ပြသခြင်းလည်းဖြစ်လေ၏။
ဗိုလ်ချုပ်ဟောင်း ဦးရွှေမန်းအား ထောက်ခံခြင်းမှာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် NLD အတွက် အငြင်းပွားဖွယ် ကိစ္စရပ် တစ်ခု ဖြစ်လိမ့်မည်ဟု ဦးဥာဏ်ဝင်းက ၀န်ခံခဲ့သည်။
ပါတီဝင်အများစုမှာ စစ်တပ်၏ အကျဉ်းချမှုကို ခံခဲ့ရပြီး စစ်တပ် အရာရှိဟောင်းများ တိုင်းပြည် အုပ်စိုးခြင်းကို ဆန့်ကျင်မှုမှာ NLD အတွင်း ကျယ်ကျယ်ပြန့်ပြန့်ရှိနေဆဲဟု ၎င်းကဆိုသည်။
“တကယ်လို့ ကျွန်တော်တို့ ဦးရွှေမန်းကို သမ္မတ လောင်းအဖြစ် ထောက်ခံမယ်ဆိုရင် ပါတီအတွင်းမှာ ပြဿနာတွေ အများကြီး တက်နိုင်ပါတယ်။ ကျွန်တော်တို့ပါတီက အဖွဲ့ဝင်အများစုနဲ့ နိုင်ငံသား အများစုဟာ စစ်သားတွေ တိုင်းပြည်ကို အုပ်ချုပ်တာ မကြိုက်ကြပါဘူး”
သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်မှလွဲ၍ သမ္မတလောင်းကို ရွေးချယ်မှုပြုမည့် NLD မှ ထောက်ခံရန် အလားအလာအရှိဆုံးသူမှာ ဦးရွှေမန်းသာလျှင်ဖြစ်သည်ဟု ဦးဥာဏ်ဝင်းက ဆိုခဲ့လေသည်။
XXXXXXXXXXXXXXX
ရိုက်တာ သတင်းဌာနမှ ဆောင်းပါးရှင် Paul Mooney ၏ “With Suu Kyi blocked, her Myanmar party eyes ex-general for president” သတင်းဆောင်းပါးကို လေးမောင် ဆီလျော်အောင် ဘာသာပြန်ဆိုသည်။
Comments