အောက်တိုဘာ ၁၃ ၊ ၂၀၁၄
M-Media
ထိုင်းနိုင်ငံ နယ်စပ်၌ သိန်းနှင့်ချီသော ဒုက္ခသည်များ နေထိုင်နေကြရသည်မှာ ဆယ်စုနှစ်ချီနေပေပြီ။ ယခုသော် သူတို့သည် မိမိတို့ စွန့်ပြေးလာ ခဲ့ကြသောနိုင်ငံသို့ ပြန်ကြရန် တွန်းထုတ်ခံ ရဖွယ်ရှိနေ၏။
ထိုင်းနိုင်ငံအဝေးပြေးလမ်းမ ၁၀၅ အောက်ဖက်သို့ လှိမ့်ဆင်းလာနေကြသော ထရပ်ကားများအနီးရှိ သံဆူးကြိုးအကာအရံများအကြားမှ ကလေးငယ်တစ်သိုက် မမှိတ်မသုန် ချောင်းမြောင်းကြည့်ရှုနေကြ၏။ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း တခ်ခရိုင်ရှိ တောင်တန်းများအောက်ဝယ် ပြန့်ကျဲနေသည့် ၀ါးတဲများ ထောင်နှင့်ချီရှိနေသည်။ ၎င်းတဲတစ်လုံးအတွင်း ကလေးငယ်များမှာ အချင်းချင်း ပူးကပ်၍ မယ်လ ဒုက္ခသည်စခန်း ၀င်ပေါက်တွင် ကူညီရေးယာဉ် တစ်စီးအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရပ်တန့် စစ်ဆေးနေသည်ကို စောင့်ကြည့်နေကြလေသည်။ ထိုင်းမြန်မာနယ်စပ်မှ ၈ ကီလိုမီတာမျှသာ ကွာဝေးသော ယင်းစခန်း၌ ဒုက္ခသည်ပေါင်း ၄၄၀၀၀ အထိ ရှိနေပြီး အများစုမှာ ကရင် တိုင်းရင်းသားများ ဖြစ်ကြ၏။ ၎င်းတို့သည် မြန်မာနိုင်ငံ ကရင်ပြည်နယ်တွင် ဆယ်စုနှစ်များစွာ ဖြစ်ပွားသော ပြည်တွင်းစစ်မှ ထွက်ပြေးလာကြသူများပင်။
ပဋိပက္ခမှ ထွက်ပြေးလာသူ ထောင်နှင့်ချီသော ရွာသားများ အနက် တစ်ဦးဖြစ်သည့် စောကဒူး (၆၂ နှစ်)သည် ကရင်ပြည်နယ်တွင်း အစိုးရတပ်သားတို့၏ စစ်ဆင်ရေး တစ်ခုအကြားမှ နယ်စပ်ကိုဖြတ်၍ ထိုင်းနိုင်ငံသို့ ၁၉၈၄ ခုနှစ်တွင် ရောက်ရှိခဲ့သည်။ ပထမပိုင်းတွင် စခန်းတစ်ခုတွင် ခေတ္တနေထိုင်ခဲ့ပြီး သူနှင့်သူ့မိသားစုကို ၁၉၉၇ ခုနှစ်တွင် မယ်လဒုက္ခသည်စခန်းသို့ ရွှေ့ပြောင်းလိုက်ရာ ယနေ့တိုင်အောင် ထိုစခန်း၌ ရှိနေရပေသည်။ စောကဒူးနှင့် စခန်းတွင်းဆရာမဖြစ်သူ သူ့ဇနီးတို့သည် သစ်ရွက်ကာတဲငယ်လေးကိုပင် မိမိတို့၏ရိပ်မြုံအဖြစ် သဘောထားနေထိုင်ခဲ့ကြသည်။ သို့သော် ၁၇ နှစ်ကြာညောင်းလာသောအခါ စောကဒူးအဖို့ ဘ၀ရှင်သန်ရေး အတွက် ပိုမို ခက်ခဲလာတော့၏။
“ကျွန်တော်တို့ ဒုက္ခသည်တွေအတွက် အပြင်ထွက်ဖို့၊ အလုပ်အကိုင်ရှာဖွေဖို့အသာထား၊ အစာရေစာရှာဖို့ပင်လျှင် ခုချိန်မှာ အကြပ်တွေ့နေရပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ယခင်တုန်းက အတိုင်း မဟုတ်တော့ပဲ ကျွန်တော်တို့ကို စခန်းပြင်ပကို လုံးဝ ထွက်ခွင့်မပေးတော့လို့ဖြစ်ပါတယ်။ ဒုက္ခသည်တွေက ဒီကန့်သတ်ချက် အသစ်တွေနဲ့ ပတ်သက်ပြီး အမျိုးမျိုးပြောဆိုနေကြပါတယ်။ လအနည်းငယ်အတွင်း ထိုင်းအစိုးရက ကျွန်တော်တို့ကို ပြန်ပို့တော့မလားဆိုပြီး ကျွန်တော်တို့ စိုးရိမ်နေပါတယ်” ဟု စောကဒူးက သူ၏ ၄ မီတာပတ်လည် တဲအတွင်း ထိုင်လျက် ပြောပြခဲ့သည်။
စခန်းများထဲ ထောက်ပံ့ကူညီရေးကို စီမံခန့်ခွဲနေသော နယ်စပ်ကြီးကြပ်ရေး အဖွဲ့၏အဆိုအရ နယ်စပ် တစ်လျှောက်ရှိ စခန်းပေါင်း ၉ ခုတွင် မြန်မာဒုက္ခသည်ပေါင်း တစ်သိန်းနှစ်သောင်းဝန်ကျင် အထိ ရှိနေသည်။ ဆယ်စုနှစ်များစွာ နယ်မြေ စွန့်လာရသည့် ထိုသူအားလုံးက မရေမရာ အနေအထားဖြင့် နေထိုင်ရှင်သန်ခဲ့ကြရသည်။ ထိုင်းနိုင်ငံသည် ကုလသမဂ္ဂ၏ ၁၉၅၁ ဒုက္ခသည်များဆိုင်ရာ ပဋိညာဉ်ကို လက်မှတ်မထိုးခဲ့၊ ထိုင်းဥပဒေအောက်မှ တရားဝင် ကာကွယ်ထိန်းသိမ်းပေးထားသူ အချို့မှအပ ဒုက္ခသည်များကို နှင်ထုတ်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် နိုင်ငံတကာ အသိအမှတ်ပြု ဒုက္ခသည်များအဖြစ် သတ်မှတ်ရေးအတွက် စခန်းတွင်းနေထိုင်နေသူများကို မှတ်ပုံတင်ရေး UNHCR လုပ်ငန်းစဉ်ကို ကာလ အကန့်အသတ်မပေးပဲ ရပ်ဆိုင်းခဲ့ရာ လူပေါင်း ငါးသောင်း ရှစ်ထောင်မှာ တရားဝင် ဒုက္ခသည်စာရင်းထဲ မပါဝင်နိုင်ခဲ့ချေ။
လက်ရှိလများအတွင်း ဒုက္ခသည်များ အပေါ် တင်းကြပ်သော ဥပဒေများ မဆိုင်းမတွ ပြဋ္ဌာန်းလိုက်နာစေခြင်း၊ ထိုင်းနှင့်မြန်မာအာဏာပိုင်တို့အကြား ဒုက္ခသည်များ ပြန်လည်ခေါ်ယူ ပို့ဆောင်ရေး သတ်မှတ်ချက်များအပေါ် စေ့စပ်ညှိနှိုင်းမှုများ ယခင်ကထက် ပို၍ ပြန်လည်ပြုလုပ်လာခြင်းတို့က ဒုက္ခသည်များကို ၎င်းတို့၏အနာဂတ်နှင့် စပ်လျဉ်း၍ တုန်လှုပ်သွားစေသည်။
ထိုင်းနိုင်ငံ၏ပထမဆုံး ဒုက္ခသည် စခန်းကို ၁၉၈၄ ခုနှစ်တွင် တည်ဆောက်သည်။ ၁၉၄၉ ခုနှစ်ကတည်းက ဗမာစစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများ အကြား တိုက်ပွဲများ စတင်ခဲ့သည်။ မိမိတို့နယ်မြေလွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်သည့် KNU တို့အား အစိုးရတပ်ဖွဲ့များမှ စဉ်ဆက်မပြတ် ၁၉၈၀ နှင့် ၁၉၉၀ နှစ်များအတွင်း ထိုးစစ်ဆင်မှုများက ထိုင်းနိုင်ငံထဲသို့ ဒုက္ခသည်များ သိန်းဂဏန်းအထိ ရောက်ရှိစေခဲ့သည်။
လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ကျော်က ထိုင်းနိုင်ငံ၏ ဒုက္ခသည်စခန်းများသည် နယ်မြေအတည်တကျ မရှိသူတို့အတွက် အသိုင်းအ၀န်း ဖြစ်လာခဲ့သည်။ သို့ဖြင့် နိုင်ငံတကာ အလှူရှင်များက ဒုက္ခသည်များအတွက် ခိုင်မာအားကောင်းသည့် ထောက်ပံ့ကူညီရေးအစီအစဉ်များ တည်ဆောက်ခဲ့ကြသည်။ အဆုတ်ရောဂါ အပါအ၀င် ရောဂါမျိုးစုံကုသရန် အခြေခံ ကျန်းမာရေးဝန်ဆောင်မှုများ၊ ကလေးငယ်တို့ အတွက် စာသင်ကျောင်းများ စသည်တို့ဖြစ်သည်။ သာမန်အချိုးကျထောက်ပံ့ပေးမှုများ တိုးပွားလာစေရန် အခြေခံ လူသုံးကုန်ဈေးဆိုင်လေးများ၊ ဘုရားဝတ်ပြုနေရာများကို ဒုက္ခသည်တို့မှ မိမိတို့ဖာသာ တည်ဆောက်ခဲ့ကြ၏။ (အထိုက်အလျောက် သာယာစည်ပင်မှု ရှိခဲ့ကြ၏)။
သို့တစေ စစ်အုပ်ချုပ်ရေးမှ အရပ်သား အုပ်ချုပ်ရေးသို့ မြန်မာနိုင်ငံ၏ နိုင်ငံရေး အရွေ့နှင့်အတူ ထိုအနေအထားမှာ ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် ရုပ်ပျက်ဆင်းပျက် ပြောင်းလဲသွားခဲ့သည်။ မြန်မာနိုင်ငံသည် ဖယ်ကြဉ်ခံ တိုင်းပြည်မဟုတ်တော့သဖြင့် အလှူရှင်တို့၏လှူဒါန်းငွေများက နယ်စပ်ဆိုင်ရာ အဖွဲ့အစည်းများမှ မြန်မာပြည်တွင်းရေး လှုပ်ရှားသူများထံသို့ ရွေ့မျောစီးဝင်သွားလေသည်။ ဒေသတွင်း၌ လူမျိုးရေး ပဋိပက္ခများ ရှေ့ဆက်နေသည့်တိုင် သမ္မတဦးသိန်းစိန်သည် KNU နှင့် အပစ်အခတ် ရပ်စဲရေး ပဏာမ သဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးခဲ့သည်။ မြန်မာနိုင်ငံတွင် ဒီမိုကရက်တစ်အစိုးရ တစ်ရပ် ပေါ်ထွက်လာခြင်းနှင့် ကရင်ပြည်နယ်တွင် တိုက်ပွဲများ အဆုံးသတ်ခြင်းကြောင့် ဆယ်စုနှစ် များစွာအတွင်း ပထမဆုံး အကြိမ်အဖြစ် ဒုက္ခသည်များ ဌာနီပြန်ရေး မျှော်လင့်ချက်ရောင်ခြည်သန်းလာလေသည်။
တစ်ချိန်တည်းမှာပင် ဒုက္ခသည် စခန်းများသည် မြင်သာထင်ရှားသောအပြောင်းအလဲများ တွေ့ကြုံရသည်။ စားရေရိက္ခာ စီစဉ်ပေးနေသော နယ်စပ်ကြီးကြပ်မှုအဖွဲ့ကဲ့သို့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ အတွက် ဦးတည်ထောက်ပံ့နေမှုများမှာ မယ်မယ်ရရ အကြောင်းပြချက်မရှိပဲ ၂ နှစ်ဆက်တိုက် ပြတ်တောက်သွားလေသည်။ ဥပမာ – မယ်လ အပါအ၀င် ဒုက္ခသည်စခန်း(ကိုးခုအနက်) ၈ ခု၌ လစဉ် ဆန်ခွဲတမ်းများသည် လူတစ်ဦးလျှင် ၁၆ ကီလိုဂရမ် ပေးနေရာမှ ၈ ကီလိုဂရမ်ထိ ဖြတ်တောက်ခံရ၏။ ထို့နောက် ယခုနှစ် ဇူလိုင်လတွင် ဒုက္ခသည်များသည် စခန်းပြင်ပသို့ တရားဝင် ခွင့်ပြုချက်မရှိပဲ မထွက်ရ ဟု ထိုင်းအာဏာပိုင်များမှ စတင်တင်းကြပ်လိုက်သည်။ ပိုမိုတင်းကြပ်သည့်စည်းမျဉ်းများ မထုတ်ပြန်မီ ဖူလုံရေးအလို့ငှာ ဒုက္ခသည်များသည် စခန်းပြင်ပရှိ လယ်ယာများ သို့မဟုတ် ဒေသတွင်းစက်ရုံများသို့ ပုံမှန် ထွက်ခွာသွားလာပြီး အလုပ်လုပ်ခဲ့ကြသည်။ ယခုသော် ကြားပေါက် ၀င်ငွေ မရနိုင်တော့သည့် အတွက် ခါတိုင်းနှင့်မတူအောင် ရုန်းကန်ရှင်သန်နေကြရသည်ဟု ဒုက္ခသည်များက ဆိုသည်။
“ဒုက္ခသည်တစ်ဦးအနေနဲ့ အယင်ကလို ဟိုဟိုဒီဒီ အပြင်ထွက် လမ်းလျှောက်တာတောင် ခွင့်ပြုမခံရတော့ဘူး၊ အနေအထားက လုံးလုံး ပြောင်းလဲသွားပါပြီ” ဟု မယ်လစခန်းရှိ ကရင် လူမျိုးရေးဆောင်ရွက်နေသည့် အမည်မဖော်လိုသူ လုပ်သားတစ်ဦးက ပြောကြားသည်။
လက်ရှိတင်းကြပ် ကန့်သတ်ထားမှုမှာ ဒုက္ခသည်များ၏ အနာဂတ်အရေး ထိုင်းနှင့်မြန်မာ အာဏာပိုင်တို့အကြား ပြန်လည်ဆွေးနွေးမှုများနှင့် တိုက်ဆိုင်နေသည်။ ဇူလိုင်လ ၁၇ ရက်နေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်စာ၌ မြန်မာနယ်စပ်ရေးရာ ၀န်ကြီးဌာနကို ထိန်းချုပ်ထားသော မြန်မာ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံခေါင်းဆောင် ဗိုလ်ချုပ် ပရာယုတို့ တွေ့ဆုံဆွေးနွေးခြင်း သတင်းအား အတည်ပြုခဲ့သည်။ ပြန်လည်ခေါ်ဆောင်ပို့ဆောင်ရေးအတွက် တိကျရေရာသည့် အချက်အလက်များ လူသိရှင်ကြား ထွက်မလာခဲ့သော်လည်း ယင်းထုတ်ပြန်ချက်အရ ထိုင်းအစိုးရအနေနှင့် ယင်းလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရန် ယင်းထုတ်ပြန်စာ၌ “ဒီနယ်မြေစွန့် ထွက်ခွာလာတဲ့သူတွေကို ဘေးကင်းစွာ၊ သိက္ခာရှိစွာ ရေရှည်ပြန်ပို့နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုက သေရေးရှင်ရေးတမျှ အရေးကြီးပါတယ်” ဟု တွေ့နေရလေသည်။
ကုလသမဂ္ဂလမ်းညွှန်မှုအောက်မှ ရေရှည် ဒုက္ခသည်များကို နေရပ်ဌာနီပြန်စေခြင်းမှာ ၎င်းတို့ဆန္ဒအလျောက် ဖြစ်ရမည်၊ ဘေးကင်းလုံခြုံအောင် စီမံပေးရမည်၊ နေရပ်ပြန်ရောက်သော် ဂုဏ်သိက္ခာရှိစွာ ရှင်သန်နိုင်ဖို့ အာမခံချက်ပေးရပေမည်။ ဒုက္ခသည်များကို အတင်းအဓမ္မပြန် မလွှတ်၊ နိုင်ငံတကာ စည်းမျဉ်းများအတိုင်း ဆောင်ရွက်မည်ဟု ထိုင်းနိုင်ငံမှ ဆိုထားသည်။ သို့သော် နယ်စပ်ရှိ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းခေါင်းဆောင်နှင့် ကူညီရေးလုပ်သားများက လက်ရှိသွားလာရေးကန့်သတ်မှုများသည် ဒုက္ခသည်စခန်းများတွင် ရေရှည် မရပ်တည်နိုင်အောင်ပြု၍ ဌာနီပြန်ရေးကို ရွေးချယ်အောင် နှင်ထုတ်မှု တစ်မျိုးဖြစ်သည်ဟု စောဒကတက်နေကြ၏။
ဒုက္ခသည်စခန်းများအတွင်း ကရင်လူမျိုးအရေးဆောင်ရွက်နေသည့် ကရင်အမျိုးသမီးများအဖွဲ့အတွင်းရေးမှူး Naw K’nyaw Paw က “ဒီအချက်တွေအားလုံး စုပေါင်းလိုက်ယင် လူတွေကို ဌာနီပြန်အောင် တွန်းထုတ်တဲ့နည်းလမ်းတစ်ခုဆိုတာ ကျွန်မတို့ သဘောပေါက်ပါတယ်။ အစာရေစာ မလုံလောက်တော့ယင် ဖျားနာသူကို ကောင်းကောင်း မကုသနိုင်တော့ဘူး၊ ကလေးငယ်တွေ ကျောင်းမတက်နိုင်တော့ဘူး၊ ဆိုတော့ စခန်းကနေခွာပြီး ဆက်လက်ရှင်သန်ရပ်တည်နိုင်အောင် ကြိုးစားရတော့မယ်လေ” ဟု ပြောကြားသည်။
မယ်လစခန်းရှိ ကရင်လူမျိုးအရေးဆောင်ရွက်သူ တစ်ဦးက ဒုက္ခသည်များကို မြန်မာနိုင်ငံသို့ ပြန်ယုံမှအပ ရွေးချယ်အခွင့်အလမ်းနည်းပါးအောင် လုပ်ထားသည့်အကြောင်း ဤသို့ ဖြည့်စွက်ပြောပြသည်။
“ လျှော့ချကန့်သတ်ထားတဲ့ ကျွန်တော်တို့ရဲ့ (ရိက္ခာ)ခွဲတမ်းတွေကို ထပ်တိုးရရှိရေးအတွက် ကျွန်တော်တို့ မလုပ်နိုင်တော့ဘူး။ ဒါဟာ ဒုက္ခသည်တွေအပေါ် အဓိကတွန်းထုတ်နေတဲ့ အချက်ပါပဲ”။
လူများစွာတို့မှ ရိပ်စားမိနေပြီဖြစ်သည်။ ထိုင်းနိုင်ငံနယ်စပ် မဲဆောက်မြို့တွင် ဒုက္ခသည်များဆိုင်ရာ ကုလအေဂျင်စီ၏ အထက်တန်းကွင်းဆင်းဆောင်ရွက်သူ အစီအစဉ်မှူး Iain Hall က နယ်စပ်စခန်းရှိ ဒုက္ခသည်အချို့မှာ မြန်မာနိုင်ငံသို့ ပြန်သွားနေပြီဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။
“ဒုက္ခသည်ထောင်ပေါင်း များစွာ ဌာနီပြန်ခရီး စတင်နေတာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရတယ်။ ဒါနဲ့ပတ်သက်ပြီး သတင်းမထုတ်ပြန်ဘူး၊ စံနစ်တကျ မစီစဉ်ပေးကြဘူး။ ကျုပ်တို့အတွက် ဌာနီပြန်တာက အမှန်ကန်ဆုံးအခြေအနေဖြစ်နေပါတယ်လို့ သူတို့ ပြောကြတယ်။ ဒါပေမယ့် ကျန်ရှိသူအများစုကတော့ အချိန်တန်ပြီလို့ မယူဆသေးပါဘူး”။
မြန်မာနိုင်ငံ၌ လတ်တစ်လော နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ပြုလုပ်နေလင့်ကစား နယ်စပ်ဒေသများတွင် မတည်ငြိမ်သေး။ KNU အပါအ၀င် လက်နက်ကိုင် အုပ်စုအများအပြားနှင့် မြန်မာအစိုးရမှ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် ညှိနှိုင်းဆွေးနွေးနေသည့်ကြားမှ လူနည်းစုတိုင်းရင်းဒေသများမှာ အသည်းအမည်း စစ်ဆင်ခံနေကြရသည်။
ကချင်နှင့် ရှမ်းပြည်နယ်တို့ကို အတိုင်းအတာတစ်ရပ် အထိ ရန်ငြိုးကို လျှော့ထားသယောင် ရှိသော်လည်း ကရင်ပြည်နယ်မှာမူ မကြာသေးမီကပင် ထပ်မံအကြမ်းဖက်မှုကို ကြုံတွေ့ခဲ့ရသည်။ စက်တင်ဘာ ၉ ရက်က KNU နယ်နမိတ်ကိုဖြတ်ကျော် ၀င်ရောက်လာသော မြန်မာစစ်တပ် ကင်းထောက်တစ်ဦးကို ကေအင်န်ယူတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့သည်။ များမကြာမီ စက်တင်ဘာ ၂၇ ရက်တွင် မြ၀တီမြို့ဆင်ခြေဖုံး၌ မြန်မာစစ်တပ်နှင့် KNU တို့ တိုက်ပွဲဖြစ်ပွားပါတော့သည်။
နယ်စပ်၌ ယခုနောက်ဆုံးဖြစ်ပျက်မှုက ဌာနီပြန်ရန်စောင့်ဆိုင်းနေသည့် ဒုက္ခသည်များအတွက် ဘ၀ရပ်တည်မှုအရေး ရင်မအေးစေတော့ပါ။ ၁၉၈၀ နှင့် ၁၉၉၀ နှစ်များအတွင်း စစ်ရှိန်မြင့်ချိန်က ပျက်စီးမီးလောင်ခဲ့ရသော ရွာပေါင်းမှာ ၃၇၀၀ အထက် ရှိခဲ့သည်။ မြန်မာနိုင်ငံအရှေ့ဖက်ခြမ်းတွင် မြေမြုပ်မိုင်းဒဏ် သင့်နေဆဲ၊ ဒေသခံများအတွက် အစာရေစာနှင့်ဝင်ငွေဆိုင်ရာ အဓိကအရင်းအမြစ်ဖြစ်သည့် မြေယာတို့မှာလည်း အန္တရာယ်မကင်းဖြစ်နေဆဲ။ အဓမ္မကျင့်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ ပျက်ရာပျက်ကြောင်းကြံစည်ခြင်းများအပါအ၀င် လူနည်းစုတိုင်းရင်းဒေသများတွင် အစိုးရစစ်တပ်မှ လူ့အခွင့်အရေးချိုးဖောက်မှု အထောက်အထားများ မှတ်တမ်းတင်နေရဆဲ။
UNHCR မှ Vivian Tan ကလည်း မြန်မာနိုင်ငံသည် သောင်းနှင့်ချီသော ဒုက္ခသည်များကို ထိန်းသိမ်းစောင့်ရှောက်နိုင်သော အနေအထားတွင် မရှိဟု ထုတ်ဖော်ပြောကြားသည်။
“လွန်ခဲ့တဲ့ ၂ နှစ်က မြန်မာနိုင်ငံတွင်း အပြုသဘောဆောင်လာတဲ့တိုးတက်မှုကို မြင်လာရတဲ့အပေါ် UNHCR နဲ့ အကူအညီပေးရေးအေဂျင်စီတွေက ကြိုတင်ပြင်ဆင်ထားမှုအဆင့် တိုးမြှင့်ဖို့ သတိပေးခဲ့တယ်။ ဒုက္ခသည်တွေ ၀င်ရောက်လာမယ့် မြန်မာနိုင်ငံ အရှေ့တောင်ဖက်က အနေအထားများစွာဟာ တစုတစည်းတည်း ပြန်လည်ဝင်လာဖို့အတွက် အဆင်သင့်အနေအထားမှာ မရှိသေးကြောင်း ကျွန်မတို့ မပြတ်ပြောဆိုခဲ့ပါတယ်။ အကြွင်းမဲ့အပစ်အခတ်ရပ်စဲမှု မရှိခြင်း၊ သတ္ထုတူးဖော်ရေးလုပ်ငန်းခွင်တွေ ရှိနေခြင်း၊ အချို့ဒေသမှာ အရေးကြီးတဲ့ အခြေခံအဆောက်အဦတွေ ကင်းမဲ့နေခြင်း စတာတွေဖြစ်ပါတယ်”။
ဇူလိုင် ၁၇ ရက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်တွင် ဖော်ပြသည့်အတိုင်း လူသားချင်းစာနာထောက်ထားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ စည်းမျဉ်းများနှင့်အညီ ဌာနီပြန် ဒုက္ခသည်များကို စီမံဆောင်ရွက်ပေး သွားမည်ဟု ထိုင်းအာဏာပိုင်များက တသွင်သွင် ပြောနေသော်လည်း ပြည်တော်ပြန်သည့်အခါ မိမိတို့မိသားစုအပေါ် စောင့်ကြိုနေမည့်ကံကြမ္မာအား ကြောက်လန့်တုန်လှုပ်နေရကြောင်း စောကဒူးက ဆိုပါသည်။
“မြန်မာပြည်ကို ကျွန်တော်တို့ မပြန်နိုင်ဘူး။ တိုက်ပွဲတွေ ပြန်ဖြစ်ပွားလာမှာကို ကျွန်တော်တို့ စိုးရိမ်ပူပန်တယ်။ အဲ့ဒီမှာ အစစ်အမှန် ငြိမ်းချမ်းရေးဆိုတာ မရှိဘူးဗျ”။
သူ့အနေနှင့် မကြုံဖူးလောက်အောင် ကယ်ကူရာမဲ့သလို ခံစားနေရရှာပါသည်။ ဒုက္ခသည်စခန်းအတွင်း နေ့တစ်ဓူဝ ဖြတ်သန်းရှင်သန်ရမည့်ဘ၀ (နှင့်) ခံပြင်းနာကျည်းခဲ့ရသည့် မြန်မာနိုင်ငံသို့ ပြည်တော်ပြန်ရေး – ရွေးရခက်နေပေပြီ။
စောကဒူးကတော့ ဤသို့ဆိုပါသည်။
“ကျွန်တော်တို့တစ်တွေ ဘာတွေထပ်ကြုံရမယ်ဆိုတာ ကျွန်တော် မသိဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဘာများတတ်နိုင်လုပ်နိုင်ကြမှာလဲဗျာ”။
xxxxxxxxxxxxxxxx
Foreign Policy ၏ ‘We Cannot Go Back to Myanmar’ ဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။
Comments