အောက်တိုဘာ ၁၅ ၊ ၂၀၁၄
M-Media
အလ်ကိုင်ဒါခေါင်းဆောင် အေမန် အလ်-ဇ၀ါဟီရီ က ဂျိဟာ့ဒ် အလံကို တောင်အာရှ တစ်ခွင်မှာ လွှင့်ထူတော့မယ်ဆိုပြီး စက်တင်ဘာလ ဆန်းပိုင်းမှာ အသံဟစ်လိုက်ပါတယ်။ ဒါပေမယ့် ဒီဟစ်သံက မြန်မာ့မြေပေါ်က အစ္စလာမ်သာသနာဝင်များအပေါ် ကြီးကြီးမားမား လှုပ်ခါထိခိုက်မှု မဖြစ်စေခဲ့ပါဘူး။ အဲ့ဒီလှုပ်ရှားမှုထဲ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယပြည်နယ်တွေဖြစ်တဲ့ အာသံ၊ ဂူဂျာရတ်၊ ဂျမ်မူး၊ ကက်ရှမီးယားတို့လည်း ပါဝင်မယ်လို့ သူက ဆိုပါတယ်။ ဒီလိုအသံဟစ်ပြီး မရှေးမနှောင်းလေးတင်မှာပဲ လန်ဒန်အခြေစိုက် မြန်မာမွတ်စ်လင်မ်အဖွဲ့အစည်းက “ သိက္ခာမရှိတဲ့ အပြင် ရုန့်ရင်းကြမ်းတမ်းမှုပေါ် အခြေပြုထားတဲ့ အကြမ်းဖက်အဖွဲ့အစည်း တစ်ခုဆီက အကူအညီကို မြန်မာမွတ်စ်လင်မ်တွေ ဘယ်တော့မှ လက်သင့်ခံမှာ မဟုတ်ပါဘူး” လို့ ထုတ်ပြန်လိုက်ပါတယ်။
အီဂျစ်နိုင်ငံသား မျက်စေ့ခွဲစိပ် ဆရာဝန်ဟောင်း အသက် ၆၃ နှစ်အရွယ် မစ္စတာ ဇ၀ါဟီရီဟာ ရှည်လျားထွေပြား စကားပြော ဗီဒီယိုကလစ်တွေ တင်နေတတ်သူမို့ လူသိများပေမယ့် လက်ရှိသူ ဦးဆောင်နေတဲ့ အလ်ကိုင်ဒါ အဖွဲ့ဟာဆိုရင် ၂၀၁၁ ခုနှစ်၊ မေလ ၂ ရက်၊ အမေရိကန်အထူး ကမ်းတက်တပ်ဖွဲ့ဝင်တွေရဲ့လက်ချက်နဲ့ ပါကစ္စတန်နေအိမ်ထဲ အလ်ကိုင်ဒါ တည်ထောင်သူနဲ့ ခေါင်းဆောင်ဟောင်း အိုစာမာ ဘင်န် လာဒင် သေဆုံးပြီးကတည်းက အင်အားချည့်နဲ့ပြိုလဲသွားခဲ့ပြီး အနည်းနဲ့အများ မှေးမှိန်သွားခဲ့ပါတယ်။ ယခုလို သူ့ကြေငြာချက်တွေဟာ သူတို့အုပ်စုအနေနဲ့ ရှင်သန်ဆဲ၊ လှုပ်ရှားဆဲ ဆိုပြီး အရဲစွန့်လူလုံးထွက်ပြခြင်းရယ်ပါ။ အထူးသဖြင့် ဒါက ဆီးရီးယားနဲ့ အီရတ်က IS အရှိန်မြင့်မားလာတဲ့ဖက်က အမြင်ဖြစ်တယ်။ တစ်ချိန်က ကြောက်စရာ အကြမ်းဖက်အုပ်စုဖြစ်တဲ့ အလ်ကိုင်ဒါဟာ ISIS အဖွဲ့ အဖက်ဖက်က ကြီးထွားလာတာနဲ့ အမျှ လှုပ်လေမြုပ်လေ ဖြစ်နေတယ်လို့ BBC က စက်တင်ဘာ ၄ ရက်မှာ အစီရင်ခံတင်ပြခဲ့တယ်။
အဲ့ဒီနယ်အတွင်း ရိုက်ကူးထားတဲ့ ဗီဒီယိုခွေဖြစ်နေတဲ့ အပြင် RSO တိုက်ခိုက်ရေးသမားတွေလို့ ပုံမှားရိုက်ထားသူတွေက Jamaat-e-Islami ရဲ့အဖွဲ့ခွဲ Islami Chhatra Shibir ဘင်္ဂလားဒေ့ရှ်အစွန်းရောက်အဖွဲ့သား စစ်သွေးကြွတွေ ဖြစ်နေတာ တွေ့ရပါတော့တယ်။
ပါကစ္စတန်ရဲ့ လုံခြုံတဲ့ တစ်နေရာရာမှာ ပုန်းအောင်းနေတယ်လို့ ယူဆစရာရှိတဲ့ မစ္စတာ ဇ၀ါဟီရီဟာ သူ့ခြိမ်းခြောက်မှုအတိုင်း အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ ဘယ်လိုမှ မတွေးယူနိုင်ပါဘူး။ အလ်ကိုင်ဒါနဲ့ မြန်မာပြည်က မွတ်စ်လင်မ်တစ်ချို့ အကြား ၁၉၉၀ နှစ်များအစောပိုင်း ကာလလောက်ကပဲ အဆက်အသွယ်ရှိတာကို ထုတ်ပြနိုင်ပါလိမ့်မယ်။ အဲ့ဒါကတော့ ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်း Cox’s Bazar နဲ့ Teknaf အကြား Ukhia ဒေသထဲ RSO အဖွဲ့ စခန်းချခဲ့စဉ်ကပါပဲ။ အဲ့ဒီအချိန်တုန်းက အာဖဂန် စစ်သွေးကြွတွေဟာ စခန်းကို ရောက်လာတယ်။ RSO ဖက်ကလည်း တာလီဘန် အတွက် တိုက်ပွဲဝင်ဖို့ ရခိုင်ပြည်နယ်က ဒုက္ခသည် တစ်ချို့ကို အဖဂန်နစ္စတန်ဆီ ပို့ဆောင်ရေး စီစဉ်ခဲ့ကြတယ်။ ၂၀၀၂ ခုနှစ် သြဂုတ်လမှာ အာဖဂန်နစ္စတန်ကနေ CNN ရရှိတဲ့ အလ်ကိုင်ဒါမှတ်တမ်း ဗီဒီယိုခွေ ၆၀ ကျော်ထဲ လက်နက်ကိုင်လေ့ကျင့်ရေး သင်တန်းဝင်နေတဲ့ မွတ်စ်လင်မ် မဟာမိတ်တွေအကြား မြန်မာ(Burma) လည်း ပါဝင်တယ်လို့ ပြသထားတယ်ဆိုပြီး ပြောနေကြတယ်။ ဒါပေမယ့် RSO အဖွဲ့ဟာ မြန်မာပြည်ထဲ စခန်း တစ်ခုတောင် မရှိခဲ့ပဲ တစ်ဖက်ကမ်းက ဘင်္ဂလားဒေ့ရှ်နယ်စပ်ထဲမှာသာ ရှိခဲ့တာဖြစ်တယ်။ အဲ့ဒီနယ်အတွင်း ရိုက်ကူးထားတဲ့ ဗီဒီယိုခွေဖြစ်နေတဲ့ အပြင် RSO တိုက်ခိုက်ရေးသမားတွေလို့ ပုံမှားရိုက်ထားသူတွေက Jamaat-e-Islami ရဲ့အဖွဲ့ခွဲ Islami Chhatra Shibir ဘင်္ဂလားဒေ့ရှ်အစွန်းရောက်အဖွဲ့သား စစ်သွေးကြွတွေ ဖြစ်နေတာ တွေ့ရပါတော့တယ်။ ယခုချိန်မှာ ပိတ်သိမ်းထားပြီးတဲ့စခန်းက လှုပ်ရှားမှုတွေဟာ မြန်မာပြည်က ဘယ်လူမျိုးစုနဲ့မှ မပတ်သက်ပါဘူး၊ မည်သည့် ဘာသာရေး ပဋိပက္ခနဲ့လည်း မပတ်သက်ပါဘူး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးနဲ့သာ အဓိက သက်ဆိုင်နေတာပါ။
လက်ရှိနှစ်များအတွင်း အဗ်ဒုလ် ကုဒ္ဒူးစ် အလ်ဗရ်မီလို့ မိမိကိုယ်ကို အမည်ပေးထားတဲ့ တို့မီးရှို့မီးလုပ်နေသူ မွတ်စ်လင်မ်တစ်ဦး ရှိပါတယ်။ သူ့ကိုယ်သူ မြန်မာနိုင်ငံကလို့ပြောပြီး မြန်မာစကားနဲ့ ရိုက်ကူးထားတဲ့ ဗီဒီယိုကလစ်တွေ ထုတ်ပါတယ်။ လက်နက် တပ်ဆင်ပြီး တန်းစီထားတဲ့ မွတ်စ်လင်မ် တိုက်ခိုက်ရေးသမားတွေကို နောက်ခံထား ရိုက်ကူးထားပါတယ်။ တကယ်တမ်းကျတော့ သူဟာ ပါကစ္စတန်၊ ကရာချိက မဒ်ရဆာစာသင်ကျောင်း တစ်ခုမှာ ခြေကုပ်ယူထားတာပါ။ အဲ့ဒီဗီဒီယို အတိုအစလေးဟာ ၁၉၉၀ အစောပိုင်းနှစ်များက Ukhia ထဲ (သို့မဟုတ်) Sulawesi ကျွန်းပေါ် ပိုဆိုဒေသ Gunung Biru (တောင်ပြာတန်း)ပေါ်ရှိတဲ့ Jamaah Ansharut Tauhid အဖွဲ့ထဲက အင်ဒိုနီးရှား စစ်သွေးကြွတွေရဲ့စခန်းထဲ ရိုက်ကူးထားချက် ဖြစ်နေတယ်။ အဲ့ဒီ အင်ဒိုစခန်းက မြန်မာနိုင်ငံနဲ့သော် လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့သော်လည်း ကီလိုမီတာ ထောင်ချီဝေးကွာတဲ့ အရပ်ဒေသမှာ တည်ရှိလို့နေပါတယ်။
အဲ့ဒီလိုလူစားမျိုးနဲ့ လားလားမျှ မဆိုင်စွာ မြန်မာမွတ်စ်လင်မ်တွေအဖို့ ဘာသာရေးအခြေခံ ပုန်ကန်မှုရယ်လို့ လုံးဝ မရှိခဲ့ဖူးပါဘူး။ အစ္စရေးလူမျိုးပညာရှင်နဲ့ သံတမန်ဟောင်း မိုရှေး ယေဂါက ဒီလိုဆိုထားပါတယ်။ အာရဗ်ကမ္ဘာက မွတ်စ်လင်မ် သင်္ဘောသားတွေဟာ မြန်မာနိုင်ငံထဲ ၉ ရာစုအတွင်း ပထမဆုံး ရောက်ခဲ့ကြတယ်။ အချို့က ကုန်သည်တွေ ဖြစ်ပြီး အချို့ကတော့ အနော်ရထာ အပါအ၀င် မြန်မာဘုရင်များလက်အောက်မှာ မြင်းသည်တော်တွေအဖြစ် အမှုထမ်းခဲ့ကြတယ်။ အများစုဟာ အမျိုးသားတွေဖြစ်တဲ့အတွက် လူ့သဘာဝအရ ဒေသခံအမျိုးသမီးတွေနဲ့ အိမ်ထောင်ကျပြီး လူ့အဖွဲ့အစည်းဝင်တွေအဖြစ် တစ်သွေးတစ်သားတည်း ဖြစ်လာခဲ့ကြတယ်။ ၁၉ ရာစုမှာ မင်းတုန်းမင်းတရားကြီးက မိမိရဲ့ မွတ်စ်လင်မ်စစ်သည်များအတွက် နေပြည်တော်သစ် မန္တလေးမှာ (အစ္စလာမ်ထုံးတမ်းနဲ့ ညီညွတ်သော) ဟလာလ်အစားအစာတွေ စီစဉ်ပေးယုံမက အိမ်ရာတွေ တည်ဆောက်ဖို့ နေရာချမြေရှင်းစေခဲ့တယ်။ ဒါ့အပြင် မွတ်စ်လင်မ်ရေးရာ စီမံခန့်ခွဲရေးအတွက် အာဖဂနစ္စတန် ကာဘူးလ် မှ မော်လဝီကြီး တစ်ဦးကို တရားသူကြီး (သာသနာပိုင်) အဖြစ် ခန့်အပ်ခဲ့ပါသေးတယ်။ စစ်သည် ရဲမက်ဖြစ်နေသူတွေမှ အပ ကျန်တဲ့ မွတ်စ်လင်မ်အများစုဟာ ကုန်သည်တွေ၊ ဈေးသည်တွေသာ ဖြစ်ကြတယ်။
ဗြိတိသျှခေတ်အတွင်း ဗြိတိသျှလက်အောက်ခံ အိန္ဒိယကနေ မွတ်စ်လင်မ် အများအပြား ပြောင်းရွှေ့ဝင်ရောက်လာတယ်။ သို့ပေမယ့် မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုမှာ သူတို့ တစ်တပ်တအား ပါဝင်ခဲ့ကြတယ်။ အဲ့ဒီထဲက အထင်ရှားဆုံးကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အရင်းနှီးဆုံးမိတ်ဆွေ M.A ရာရှစ် ဖြစ်တယ်။ သူဟာ အိန္ဒိယ၊ အလာဟဘတ်မှာ မွေးဖွားခဲ့ပေမယ့် မြန်မာပြည်ထဲ ကြီးပြင်းလာသူ၊ ပညာသင်ကြားခဲ့သူ ဖြစ်တယ်။ ၁၉၃၆ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ ပထမဆုံး အတွင်းရေးမှူးချုပ်၊ အဲ့ဒီနောက် ဥက္ကဌ ဖြစ်ခဲ့သူပါ။ ၁၉၄၈-၁၉၆၂ ပါလီမန်ခေတ်ကာလ ၀န်ကြီးချုပ်ဦးနုလက်ထက်မှာ ဦးရာရှစ်အနေနဲ့ ၀န်ကြီးဌာနများစွာထဲ တာဝန်ထမ်းဆောင်ခဲ့တယ်။ အခြားတိုင်းပြည်ခေါင်းဆောင်များလိုပဲ ၁၉၆၂ အာဏာသိမ်းမှု နောက်ပိုင်း နိုင်ငံရေးအကျဉ်းသားဘ၀ ရောက်ခဲ့ရပါတယ်။ ဒါတင်မကသေးပါဘူး။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ လုပ်ကြံခံရတဲ့ အာဇာနည်ခေါင်းဆောင်များထဲမှာ မွတ်စ်လင်မ် ၂ ဦးပါဝင်ပါတယ်။ တစ်ဦးက မိတ္ထီလာနယ်သား ကက်ဘိနက်ဝန်ကြီး ဦးအဗ်ဒူ ရာဇတ်၊ နောက်တစ်ဦးက သူ့ရဲ့ အပါးတော်မြဲ ရဲဘော်ကိုထွေး ဖြစ်ကြပါတယ်။ ရန်ကုန်မွတ်စ်လင်မ် အသိုင်းအ၀ိုင်းမှာ ထင်ရှားသူနောက်တစ်ဦးကတော့ ၁၉၅၀ နှစ်များမှာ ပညာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ “ဦးကာ” ဖြစ်ပါတယ်။
မမေ့နိုင်ကြသူတစ်ဦး ရှိပါသေးတယ်။ ရေတပ်အရာရှိဟောင်းကနေ ထင်ရှားတဲ့ စာဆို၊ စာရေးဆရာ ဖြစ်ခဲ့တဲ့ မောင်သော်က ပါ။ သူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို လက်ဦးတည်ထောင်ခဲ့သူများအနက် အပါအ၀င်တစ်ဦးဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်မှာ ဖမ်းဆီးခံရတယ်။ ရိုက်နှက်နှိပ်စက်ခံရခြင်းကြောင့် ၁၉၉၁ ခုနှစ် ဇွန်လ ၁၁ ရက်၊ အင်းစိန်ထောင်ထဲမှာ ကွယ်လွန်ခဲ့ပါတယ်။ ရန်ကုန်စွန္နီသုဿာန်ထဲက မြန်မာစစ်ဗိုလ်တစ်ဦးဖြစ်ခဲ့တဲ့ သူ့အစ်ကို ဦးဘဇော် (ဦး ဂိုလန်အာမက်) လဲလျောင်းရာနံဘေးမှာ မြုပ်နှံသင်္ဂြိုလ်ခဲ့ကြတယ်။
၁၉၈၈ ခုနှစ် သြဂုတ်နဲ့ စက်တင်ဘာလ တအုံတကျင်းသတ်ဖြတ်ပွဲ ပြီးတဲ့နောက် အမှောင်ဖုံးနေ့ရက်များအတွင်း ဘာသာပေါင်းစုံက အမြင်တူသူများ စုပေါင်းပြီး BIRC “မြန်မာ့ဘာသာပေါင်းစုံ ကူညီရေးကော်မတီ” ကို ဖွဲ့စည်းခဲ့ကြတယ်။ ရန်ကုန်မြို့ ဆင်းရဲသားရပ်ဝန်းတွေဆီ အစာရေစာ လိုက်လံဝေငှကြတယ်။ ဘာသာပေါင်းစုံ သင့်မြတ်ညီညွတ်မှုကို ပြသတဲ့အနေနဲ့ ဒုတိယကမ္ဘာစစ်သုံးကားစုတ်လေးမှာ ဗုဒ္ဓဘာသာဝင်များရဲ့ ဓမ္မစကြာပုံ၊ မွတ်စ်လင်မ်တွေရဲ့ ဆန်းဦးစလပုံ၊ ခရစ်ယာန်တွေရဲ့ လက်ဝါးကပ်တိုင်ပုံ၊ ဟိန္ဒူတွေရဲ့ သင်္ကေတ စတဲ့ သက်ဆိုင်ရာ ဘာသာရေးအမှတ်အသားတွေ ပါဝင်ပုံဖော်ထားတဲ့ တံခွန်ကိုလည်း လွှင့်ထူလို့ရယ်ပေါ့။ အဲ့ဒီအဖွဲ့ဟာ အဖွဲ့အစည်းမှတ်ပုံတင် မရခဲ့သော်လည်း မြန်မာနိုင်ငံရဲ့ လူ့အဖွဲ့အစည်းအခြေပြု ပထမဆုံး ခေတ်သစ် NGO အုပ်စုတစ်ခု ဖြစ်ခဲ့တယ်။ ခေါင်းဆောင်တွေထဲမှာ မွတ်စ်လင်မ်ဖြစ်တဲ့ S.A. Ginwalla နဲ့ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းက ဦးဘိုတို့လည်း ပါဝင်ခဲ့ကြတယ်။ ထိုစဉ်က မြန်မာနိုင်ငံဆိုင်ရာ သြစတေးလျ သံအမတ်ကြီးဖြစ်သူ Chris Lamb က ဒီလိုပြောပါတယ်။
“သူတို့ဟာ သက်ဆိုင်ရာဘာသာတရားခေါင်းစဉ်နဲ့ ထွက်လာခဲ့ကြတာ မဟုတ်ဘူး။ BIRC အဖွဲ့ဝင်တိုင်းက ဘာသာရေး သို့မဟုတ် အခြားရှုထောင့်တစ်ရပ်ရပ်ကနေ အပစ်ပယ်ခံရဆုံးသူတွေဆီ အရောက်လှမ်းနိုင်စွမ်း ဖော်ဆောင်ခဲ့ကြပေတယ်”။
အဲ့ဒီ စွန့်ဦး NGO ပုဂ္ဂိုလ်များရဲ့လမ်းညွှန်စည်းမျဉ်းကတော့ – အထင်ကြီးလေးစားခံရဖို့ မလိုဘူး၊ သာသနာ့ကိုင်းရှိုင်းမှုပဲ လိုအပ်တယ် – ဆိုတာပါပဲ။
ရွှင်မြူးစရာရှုထောင့်ဖက်က ကြည့်မယ် ဆိုရင်လည်း မြန်မာနိုင်ငံသားတိုင်း ဦးရွှေရိုးအကကို နှစ်သက်ကြတယ်။ ထီးကျိုးတစ်ချောင်းကိုင်၊ ပုဆိုးကို ပုံပန်းမကျ ၀တ်ဆင်ပြီး ကပြ အသုံးတော်ခံတဲ့ ပုံဟန်ဟာ မြန်မာ့ ပွဲလမ်းတိုင်းလိုလိုမှာ ရာစုနှစ် တစ်ခုလောက် စိုးမိုးနေရာယူထားပါတယ်။ အဲ့ဒီဇာတ်ရုပ်ကို တီထွင်ခဲ့သူဟာ ကျော်ကြားတဲ့ သရုပ်ဆောင်၊ လူရွှင်တော်နဲ့ ကာတွန်းပညာရှင် ဦးဘကလေး ဖြစ်ပါတယ်။ ဦးဘကလေးက မြန်မာမွတ်စ်လင်မ်တစ်ဦးပါ။ ပုသိမ်မှာမွေးဖွားပြီး မွတ်စ်လင်မ် အမည်ကတော့ မုဟမ္မဒ် ဘရှီးရ် ဖြစ်ပါတယ်။ ဦးရွှေရိုးဟာ ဂျိဟာ့ဒ်ဝါဒီ သို့မဟုတ် ယှရီအဟ် ဥပဒေဘက်တော်သားပါလို့ အသည်းအသန် တံဆိပ်တပ်မယ့်သူ ဘယ်သူတစ်ဦးရှိနိုင်မှာလဲ ? စက်တင်ဘာလဆန်းပိုင်းမှာ ဇ၀ါဟီရီအနေနဲ့ ပါကစ္စတန်က သူ့လျှို့ဝှက်ပုန်းခိုရာကနေ အဲ့ဒီလို အူကြောင်ကြောင် ဗီဒီယို ရိုက်ထုတ်လိုက်ခြင်းဟာ သူ့ကိုယ်သူ အရူးဖြစ်အောင် လုပ်နေခြင်းပါပဲ။ ဘယ်သူမှ လိုက်အရူးထမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်မှာ အဲ့ဒီလိုကဏ္ဍမျိုး အတွက် ဘယ်သူမှ မစဉ်းစားကြပါလို့ပဲ ဆိုချင်ပါတယ်။
xxxxxxxxxxxxxxxxxx
THE IRRAWADDY မဂ္ဂဇင်းတွင်ဖော်ပြသည့် BERTIL LINTNER ရေးသားသော “The Muslims of Myanmar” ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။
Comments