အောက်တိုဘာ ၁၆ ၊ ၂၀၁၄
M-Media
– ဟောင်ကောင်ရှိ အဓိက လမ်းများပေါ်၌ ဒီမိုကရေစီ အရေး ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ထိုးကြိတ် ကန်ကျောက်ခြင်း၊ တရွတ်တိုက်ဆွဲ၍ ဖမ်းဆီးခြင်းများ ရှိနေပြီး ထိုလုပ်ရပ်များက ပြည်သူများအကြားတွင် မကျေနပ်မှုများကို တိုးပွားလာစေသည်ဟု သိရသည်။
သီတင်းနှစ်ပတ်ခန့် ကြာပြီဖြစ်သည့် ဟောင်ကောင်ဒီမိုကရေစီအရေး ဆန္ဒပြမှုတွင် ပြီးခဲ့သည့် ရက်အနည်းငယ်မှ စတင်ကာ ရဲတပ်ဖွဲ့များမှာ ဆန္ဒပြသူများအား အင်အားသုံး၍ နှိမ်နင်းခဲ့ပြီး ဆန္ဒပြသူတစ်ဦးကို ဆွဲခေါ်၍ လက်ထိပ်ခတ်ကာ ရဲတပ်ဖွဲ့က ထိုးကြိတ် ကန်ကျောက်နေပုံကို ဟောင်ကောင် ရုပ်သံတစ်ခုက ယမန်နေ့တွင်ပြသခဲ့သည်။
ညပိုင်းတွင်လည်း အစိုးရရုံးချုပ် အပြင်ဘက် လမ်းမအား သိမ်းပိုက်ရန် ကြိုးစားသည့် လူအုပ်ကို ရဲတပ်ဖွဲ့မှ ငရုတ်ကောင်းစပရေးများဖြင့် ပက်ဖြန်းခဲ့သည်။
ဆန္ဒပြသူများကမူ အစိုးရ၏ အမိန့်ကိုဖီဆန်ကာ ယနေ့နံနက်ပိုင်းတွင်လည်း ဆန္ဒပြမှုများကို ဆက်လက်လုပ်ဆောင်နေပြီး ပလက်စတစ်အဆီးအတားများနှင့် အခြားသော အရာဝတ္ထုများကို ဆွဲယူကာ ဟောင်ကောင် အုပ်ချုပ်ရေးမှူး Leung Chun-ying ၏ ရုံးခန်းရှိရာ လမ်းမပေါ်သို့ သွားရောက်ခဲ့ကြသည်။
ထိုလမ်းမပေါ်တွင် ဆန္ဒပြသူအုပ်စုနှင့် ရဲတပ်ဖွဲ့အကြား တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့မူ ငရုပ်ကောင်းစပရေးများအသုံးပြုကာ လူစုခွဲခဲ့သည်ဟု သိရသည်။
“ဟောင်ကောင်ရဲတွေဟာ စိတ်ဖောက်ပြန်သွားပါပြီ။ ပြည်သူတွေကို သူတို့စိတ်ကြိုက် အပြစ်ပေးနေကြပါတယ်။ ဟောင်ကောင်ရဲ့တန်ဖိုးနဲ့ တရားဥပဒေစိုးမိုးရေး ဆိုတာတွေဟာ ရဲတပ်ဖွဲ့ အကြီးအကဲတွေကြောင့် လုံးဝ ပျက်ဆီးသွားပါပြီ” ဟု ဒီမိုကရေစီအရေးလှုပ်ရှားသူ
Lee Cheuk-yan က ပြောကြားခဲ့သည်။
ref_ Al Jazeera and agencies
Comments