အောက်တိုဘာ ၂၇ ၊ ၂၀၁၄
-ရေးသားပြုစုသူ- ပါမောက္ခ ဒေါက်တာအောင်ဇော်
ဦးဘိုးခိုင်သည် ပရိက္ခရာကုန်သည်ကြီး ဦးကုလားခိုင်နှင့် သံတွဲသူ ဒေါ်မမလေးတို့၏ သားရတနာ ဖြစ်သည်။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် စနဲမြို့ဇာတိဖြစ်သည်။ ဦးကုလားခိုင်သည် ဦးချီဒိုးခိုင်နှင့် ဒေါ်မြစိန်တို့၏ သား ဖြစ်သည်။ သံတွဲသူ ဒေါ်မမလေးသည် ရခိုင်ဘုရင့်တပ်မတော် တပ်စဉ် ဗိုလ်ကြီး ဘိုးထွန်းခိုင် အဗ်ဒွလ်ရဟ်မန် နှင့် မင်းကတော် ဒေါ်မဖြူတို့၏ သမီးဖြစ်သည်။
ဦးကုလားခိုင်တွင် ပထမအိမ်ထောင်မှ ဒေါ်မြသွင် ဦးပါသကဲ့သို့ ဒေါ်မလေးတွင်လည်း သား ဦးဘသော်ပါ သည်။
ဦးကုလားခိုင်နှင့် ဒေါ်မလေးတို့မှ ဒေါ်စိန်စိန်၊ ဒေါ်မြခိုင်နှင့် ဦးဖိုးခိုင်တို့ကို ဖွားမြင်သည်။
သမီးကြီး ဒေါ်စိန်စိန်သည် အထည်အလိပ် ကုန်သည် ဦးရွှေမောင်နှင့် အကြောင်းပါပြီး ဒေါ်စိန်ခင်၊ ဒေါ်ငွေခင်၊ ဦးဘအိုနှင့် ဒေါ်မြကြည်တို့လေးဦး ထွန်းကားသည်။ ဒေါ်စိန်စိန်၏ သမီးထွေး ဒေါ်မြကြည်မှာ ကျောက်ဖြူ မြို့နယ် စည်ပင်သာယာရေး အဖွဲ့အတွင်းရေးမှူး ဦးဘစိန်နှင့် အိမ်ထောင်ဖက်ပြီး ဦးဘဌေး (ကျောက်ဖြူမြို့မဈေး တာဝန်ခံ အုပ်ချုပ်ရေး မှူး)၊ ဦးဘလှ (ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်း၊ ငွေစာရင်းစစ်)၊ ဒေါ်ခင်ခင်ကြည် နှင့် ဦးဘသောင်း (အထူးစုံစမ်းစစ်ဆေးရေး ဦးစီးအရာရှိ) တို့ကို ဖွားမြင်သည်။ ဦးဘသောင်းသည် အငြိမ်းစားယူပြီး ယခုအခါ ပုဇွန်တောင်မြို့နယ်တွင် နေထိုင်ကာ တရားရုံးချုပ်ရှေ့နေနှင့် ကုမ္ပဏီများ ဥပဒေ အကြံပေးအဖြစ် ဆောင်ရွက်လျက်ရှိသည်ဟု သိရပါသည်။
ဒေါ်မြခိုင်မှ ဒေါ်ပုချေ၊ ဦးဘကျော်နှင့် သားတစ်ဦး ဖွားမြင် သည်။ ဦးဖိုးခိုင်မှာ ပါလီမန်အမတ်ဖြစ်လာမည့် ဒေါ်အေးညွန့် နှင့် ဦးညီပုတို့ကို ဖွားမြင်ပြီး ဒေါ်မလေးပါ သားရင်းဦးဘသော်မှ ဦးတင်ဇော်ပါ ၆-ဦး ထွန်းကားသည်။
ဦးဘိုးခိုင်သည် ငယ်စဉ်က စစ်တွေနှင့် ကျောက်ဖြူ အင်္ဂလိပ် ကျောင်းများတွင် ပညာဆည်းပူးခဲ့သည်။ သတဩမတန်း စာမေးပွဲဖြေဆိုရာ တစ်နိုင်ငံလုံးဩ ပထမဆွတ်ခူးသဖြင့် စကောလားရှစ် ပညာသင်ဆုရရှိ ခဲ့သည်။ ရန်ကုန်ကောလိပ်တွင် ဆက်လက်ဆည်းပူးခဲ့သည်။
၁၉၂၇ ခုနှစ် ဇူလိုင်လတွင် စစ်တွေမြို့၌ ရှေ့နေအဖြစ် စတင်လုပ်ကိုင်သည်။ ထိုနှစ်မှာပင် စစ်တွေမြို့ မြူနီစီပါယ် လူကြီးတစ်ဦးအဖြစ် ရွေးကောက်ခံရသည်။ မကြာမီ စစ်တွေမြို့ အင်ဂျာမန် အစ္စလာမီယာ နှင့် ဟောက်တန်စာကြည့်တိုက် အတွင်းရေးမှူးအဖြစ် ရွေးကောက်ခံရသည်။ ထိုအသင်း၏ နိုင်ငံခြားဇာတ်သွင်းနေမှုကို ဆန့်ကျင်ခဲ့သည်။
သန်းခေါင်စာရင်းကောက်သည့် အချိန်တိုင်း တိုင်းရင်း မွတ်စလင်မ် များအား Indo burman အိန္ဒိယ မြန်မာ ကပြားဟု စာရင်းသွင်းသည်ကို လက်မခံ၊ ကမန်မြေထူးစသဖြင့် စာရင်းတင်ရန် အရေးဆိုခြင်း၊ တိုင်းရင်း မွတ်စလင်မ်ထုအား ပညာပေးခြင်းများပြုလုပ်ခဲ့သည်။
လွှတ်တော်ရှေ့နေကြီး ဦးယာဆင် B.A, B.L နှင့်တွဲ၍ မြို့ဟောင်း နှင့် မင်းပြားနယ်တစ်ဝိုက် သုတေသန ခရီးဆန့်ခဲ့သည် ။ ဘုရင် စောမွန် လက်ထက် စစ်ဗိုလ်ချုပ် စန္ဒီခန် တည်ဆောက်ခဲ့သော စန္ဒီခန်ဗလီခေါ်သင်းသီး ဗလီ၊ မင်းသား ရှားရှုဂျာစံမြန်းနေထိုင်ခဲ့သော ဘားဘူးတောင် ဘုရားခြေရင်းရှိ နန်းတော်ရာ၊ ရှားရှုဂျာနှင့် နောက်တော်ပါးများ တည်ခဲ့သော ဘုရားရှိခိုးကျောင်း၊ မင်းပြားမြို့ရှိ ဦးကာဒီကြီး၏သင်္ချိုင်း (မြိတ် တောင်ရွာ)တို့ကို အမှတ်တရ ဓာတ်ပုံများ ရိုက်ယူလာသည်။ သမိုင်းဝင် အထောက်အထားများပြ၍ မွတ်စလင်မ်ထုအား ဟောပြောခဲ့ သည်။
၁၉၃၂မှ ၁၉၃၇ ခုနှစ် မင်းတိုင်ပင်အမတ်ဖြစ်စဉ် တိုင်းရင်း မွတ်စလင်မ်တို့၏ နိုင်ငံရေး၊ ပညာရေးများကို ထိရောက်စွာပါဝင် ကူညီခဲ့သည်။
စစ်တွေ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်းတော မြို့နယ်ဟူသည့် ၅ မြို့နယ် ကိုယ်စား လှယ်အဖြစ် မင်းတိုင်ပင်အမတ် ရွေးချယ်ခံရစဉ် အရေးကြီးသော ခွဲရေးတွဲရေး ကိစ္စတွင် ခွဲရေးဘက်မှ ထောက်ခံမဲ ပေးခဲ့သည်။
ဦးဘိုးခိုင်သည် နှစ်ဖက်မိဘမှ ဇာတိမာန် စိတ်ဓာတ်ကို အမွေခံသူ ဖြစ်သည်။ ဇာတိမာန်ကို ဖော်ညွှန်း သော ရာဇ၀င်သမိုင်းကို စိတ်ဝင်စားသည် အပင်ပန်းခံ၍ ရှာဖွေစုဆောင်းသည်။ အများအကျိုးအတွက် ရေးသား ဖြန့်ချိသည်။
၁၉၃၅-ခု ဧပြီလ၊ ၁၂၉၇-ခု တန်ခူးလထုတ် မြန်မာ့အလင်းနှစ်သစ် မင်္ဂလာသတင်းစာတွင် မင်းတိုင်အမတ် ဦးဘိုးခိုင်သည် မြန်မာမွတ်စလင် ဆောင်းပါးဖြင့် မွတ်စလင် သမိုင်းကို ဖော်ကျူးပါသည်။
ဦးဘိုးခိုင်သည် ဦးစွာ သမည ရခိုင်မွတ်စလင်၊ ကမန်မွတ် စလင်၊ မြေထူးမွတ်စလင်ဟူ၍ ခေါင်းစဉ်သုံးခု ဖြင့် တိုင်းရင်း မွတ်စလင်တို့ ဖြစ်ပေါ်လာပုံကို လက်လှမ်းမီသမျှ အထောက်အထားများဖြင့် တင်ပြသည်။
ရခိုင်မွတ်စလင်များသည် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော် လောက်က အစပြု၍ တဖြည်းဖြည်း ရောက်ရှိလာသော အာရဗ်လူမျိုး၊ ပါရှင်းလူမျိုးနှင့် အိနဒိယလူမျိုးများမှ ဆင်းသက် ပေါက်ဖွားလာသူများ ဖြစ်သည်။ ရှေးကျသော ရခိုင်လူမျိုးများ ကဲ့သို့ပင် ၀တ်စားဆင်ယင်သည်။ အဆက်အနွယ်များသည် ကျောက်တော်၊ မင်းပြားနှင့် ပေါက်တောနယ်များတွင် နေကြသည်။ လယ်ယာကိုင်းကျွန်းလုပ်ကိုင်ကြသည်။
ကမန်မွတ်စလင်တို့သည် မဂိုလ်ဒေလီဘုရင် ရှာဂျဟန်မင်း မြတ်၏သားတော် ရှရူဂျာမင်းသားမှအစပြု သည်။ ရှာရှုဂျာကို ရခိုင်တို့က သက်သူဇာဟု သိကြသည်။ ကမန်တို့သည် လေးသည်တော်အဖြစ် မင်းမှုထမ်းသည်။ အများအားဖြင့် ကုန်သွယ်လယ်လုပ်များ ဖြစ်သည်။ ရခိုင်လိုဝတ်၊ ရခိုင်လိုပြောသူများဖြစ်သည်။ စစ်တွေ၊ ကျောက်ဖြူ နှင့် သံတွဲစီရင်စုများတွင် နေကြသည်။
မြေထူးမွတ်စလင်များသည် ရခိုင်ပြည်နှင့် ဟံသာဝတီ ပဲခူး မြို့တော်မှ ပြောင်းရွှေ့လာကြသည်။ ဘုရင့် ကိုယ်ရံတော်အဖြစ်ဖြင့် အမှုထမ်းခဲ့ကြသော မွတ်စလင်များမှ ဆင်းသက်လာသည်။ ပဲခူးတွင် အာရဗ်မွတ်စလင်ကုန် သည်များ နေထိုင်ခဲ့ကြသည်။ရွှေဘိုခရိုင်မြေထူးမြို့၊ စစ်ကိုင်းခရိုင်၊ ပင်းယ၊ ကန့်ဘလူ၊ ရမည်းသင်းခရိုင်၊ ယင်းတော်နှင့် ကျောက်ဆည်ခရိုင် လက်ပံမြို့များ၌ စားမြေနေမြေ ချထားပေးခံရသူ အားလုံးကို မြေထူးမွတ်စလင် ဟုခေါ်သည်။ ရခိုင်တိုင်းသံတွဲတွင် မြေထူး မွတ်စလင်အချို့ရှိသည်။ လယ်ယာဥယျာဉ် လုပ်ကိုင်သည်။ ၀တ်စား ပြောဆို နေထိုင်မှုမှာ မြန်မာတိုင်းရင်းသားများနှင့် မခြားနားပါဟူ၍ ဖြစ်သည်။
အမတ်မင်းဦးဘိုးခိုင်သည် ဆောင်းပါးနိဂုံးတွင် ၁၉၃၁-ခု အစိုးရ မှတ်ပုံတင် သန်းခေါင်စာရင်းအရ မြန်မာ၊ ကူကူချင်း၊ မြို၊ တယ်၊ ဗသျှူး၊ မွန်၊ ကရင်၊ ပန်းသေး၊ ရခိုင်၊ ကမန်၊ မြေထူးမွတ်စလင်၊ နိုင်ငံခြားသား မွတ်စလင် မြန်မာပြည်မွေး နိုင်ငံခြားသား မွတ်စလင်အပါအ၀င် မြန်မာပြည် နေ မွတ်စလင်ဦးရေစာရင်းကို ဖော်ပြသည်။ တစ်ဆက်တည်းမှာပင် ၁၀၆၀ ခု မှ ၁၀၇၆ ခုနှစ်လောက်တွင် မြန်မာပီပီပြဿာဒ်များနှင့် ဆောက်လုပ်ထားသော ရွှေဘိုနယ်မြေမြို့အနီး မှော်ရွာရှိ မွတ်စလင်ဗလီ ဓာတ်ပုံကို ဖော်ပြထားသည်။ ဂုဏ်ယူဖွယ် ကောင်းလှပါသည်။
အမတ်မင်း ဦးဘိုးခိုင်သည် မိမိကိုယ်တိုင် သမိုင်းကို ၀ါသနာ ပါသကဲ့သို့ သမိုင်းစူးစမ်းသော အခြားသုတေသီများကိုလည်း လေးစားသည်၊ ပံ့ပိုးကူညီသည်။
၁၉၃၈-ခုတွင် နောင်နိုင်ငံ့ဂုဏ်ရည် ပထမဆင့် ချီးမြှင့်ခံရသည့် ဆရာဦးဘိုးချယ်က ဗမာမွတ်စလင်တို့၏ ရှေးဟောင်း အတ္တုပတ္တိကို ပြုစုသည်။ ထိုစဉ် ဦးဖိုးခိုင်က သမိုင်းဝင် အဆောက်အဦများကို ဓာတ်ပုံရိုက်ပို့ ကူညီသည်။
ရခိုင်ရှိ စနဒီခါန်ဗလီ၊ မူစာဒေ၀န်ဗလီ၊ ဘုဒေါမုကံဗလီနှင့် အဆောက် အဦများ၊ ရှူဂျဗလီ၊ ရှူဂျမင်း၏ စံနန်းရာ စသည် သမိုင်းဝင်ဓာတ်ပုံများ ပါဝင်သည်။
စန္ဒီခါန်ဗလီသည် သမိုင်းဝင် ဗလီတစ်လုံး ဖြစ်သည်။ ဘင်္ဂလားပြည် မှ စစ်အကူအညီကြောင့် နရမိတ်လှ ထီးနန်း ပြန်လည်ရရှိသည့်အခါ ကျေးဇူးတင်သောအားဖြင့် မြို့ဟောင်းကို မြို့တော်သစ်ပြုလုပ်ပြီး လက်အောက်ခံ အဖြစ် အုပ်ချုပ်သည်။ မြို့ဟောင်းမြို့၌ စန်ဒိခန်ဗလီကို ကျောက်ဖြင့် ဆောက်လုပ်ခွင့်ပေးသည်။ ထိုမျှမက မွတ်စလင် တို့ ၏ ယုံကြည်ချက် ကလ်မာကို ဒင်္ဂါးခပ်နှိပ်ရန် မိန့်မှတ်သည်ဟု ဆရာချယ်၏စာအုပ်တွင် မှတ်တမ်းပြုထားသည်။
ဗိုလ်ချုပ်က- “မွတ်စလင်မ်လူထုလဲ ကျွန်တော်တို့နဲ့ လက်တွဲ ဆောင်ရွက် စေလိုပါတယ်။ ကျွန်တော် blank cheque ပေးပါမယ်။ သေအတူ ရှင်အမျှပါ။ မိမိတို့လိုရာကို တောင်းကြပါ။ ကျွန်တော် တတ်နိုင်သလောက် လိုက်လျောပါမယ်။ တိုင်းရင်းသား ကွဲနေ ရင် ဗမာပြည် လွတ်လပ်ရေးရဖို့ခက်ပါတယ်။”ဟု မိန့်ခွန်းပေးခဲ့ကြောင်း ဦးဘိုးခိုင်၏ ကိုယ်ရေးအတ္ထုပတ္တိတွင် ဖော်ပြပါရှိပါသည်။
အလားတူပင်မူ စာဒေ၀န်ဗလီသည် စစ်တွေမြို့၊ မွတ်စလင် သီန်တွင် လွန်ခဲ့သော ခရစ်နှစ် ၁၇၀၀ကျော် ၁၈၀၀ လောက် အတွင်းက ဆောက်လုပ်ခဲ့သည်။ ဘဒ္ဒရ်မကာန်ခေါ် ဗုဒ္ဓေါမော်ဂူ နှင့် ဗလီသည် ခရစ်နှစ် ၁၇၈၆ နှစ်က ဆောက်လုပ်ခဲ့ပြီး ယခုအခါ လူမျိုးမရွေး ဘာသာ မရွေး ရိုသေကိုင်းရှိုင်းခြင်း ခံနေရသည့် သမိုင်းဝင် အဆောက်အဦး ဖြစ်သည်ဟု ဖော်ပြသည်။
ရှူဂျာဗလီ၊ ရှူဂျာမင်း၏ စံနန်းရာ စသည်တို့ကား အိန္ဒိယနိုင်ငံ အာဂရမြို့၊ တဂ်ျမဟာလ် ကမ္ဘာကျော် အဆောက်အဦးကို ဆောက်တည် တော်မူခဲ့သော ရှာဂျဟန်မင်း၏ သားတော်ရှူဂျာနှင့် ပတ်သက်သည်။ ခရစ်နှစ် ၁၆၆၁-ခုနှစ်က ရှူဂျာမင်းသား၏ အခြွေအရံတို့ကို ရခိုင်မင်း၏ နန်းတော်တွင် ကိုယ်ရံတော်တပ်ဖွဲ့၍ လခပေးခန့်ထား သည်။ ရခိုင်ပြည် “ကမန်မွတ်စလင်”ဟု ထင်ရှားလာသူများဖြစ်သည်။
ဆရာဦးဘိုးချယ် ရေးသားဖော်ပြသည့် သမိုင်းအချက်အလက်များ ခိုင်လုံမှုအတွက် အမတ်မင်း ဦးဘိုးခိုင် ပေးပို့သည့် ဓာတ်ပုံများသည်များစွာ အထောက်အပံ့ပြုပါသည်။
ဂျပန်ခေတ်တွင် ဦးဘိုးခိုင်ကို ကျောက်ဖြူခရိုင်အတွင်း ပထမ တရားမနယ်ပိုင် တရားသူကြီး ခန့်ပြီးနောက် ရဲဝန်ထောက်အဖြစ် ခန့်အပ်သည်။ ရဲဝန်ထောက်အဖြစ် တာဝန်ထမ်းဆောင်စဉ် ရဲအဖွဲ့ဝင် ၄၀ နှင့်အတူ မြေပုံမြို့အထိသွားပြီး သူခိုးဓားပြများကို ရှင်းခဲ့သည်။ ဤသို့ နောက်ပါများ နှင့် သွားသည်ကို တော်လှန်ရန်လူစုသည် ဟု စွပ်စွဲဖမ်းဆီးခံရသည်။ တစ်လကျော် ချုပ်ခံရပြီးမှလွတ်ခဲ့သည်။
အချုပ်မှလွတ်သော် ရန်ကုန်သို့ လိုက်သွားပြီး သခင်မြ ခေါင်းဆောင်သော ကက်ဘိနက် အစည်းအဝေး တက်၍ အဖြစ်အပျက် ပြောပြသည်။ ပြည်ထဲရေး ၀န်ကြီးကိုယ်တိုင် ဂျပန် Chief of staff ထံ ခေါ်သွားပြီး ရှင်းပြခိုင်းရာ ဂျပန်က မှားကြောင်းဝန်ခံခဲ့သည်။ ရန်ကုန်မှာရှိနေစဉ် ဗိုလ်ချုပ် အောင်ဆန်းက ခေါ်ယူတွေ့ဆုံ ကျွေးမွေး ဧည့်ခံသည်။ ဆရာကြီး သခင် ကိုယ်တော်မှိုင်းကလည်း ခေါ်ယူတွေ့ဆုံ အားပေးသည်။ ရန်ကုန်မြို့ ပန်ကာ မောင်အေး၏ နေရာတွင် dy d.i.g (cid) ခန့်ထားခြင်းခံရသည်။
၁၉၄၁-ခုနှစ်တွင် အထက်တန်းရှေ့နေ ဦးဘိုးခိုင်သည် ဗမာ နိုင်ငံ လုံးဆိုင်ရာ နိုးကြားရေး ကွန်ဖရင့် အမှုဆောင်လူကြီးအဖြစ် အရွေးခံရသည်။ ၁၉၄၅-ခု သြဂုတ်လတွင် မြန်မာမွတ်စလင်အဖွဲ့ချုပ် GCMA ‘ မင်းတိုင်ပင် အမတ် ဦးဘိုးခိုင်သည် ဒုတိယ ဥက္ကဋ္ဌဖြစ်လာသည်။
ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် ဖဆပလအဖွဲ့ချုပ်တွင် ဗိုလ်ချုပ် အောင်ဆန်း၊ ဦးကျော်ငြိမ်း၊ ဦးဘဆွေတို့နှင့်လည်း မကြာခဏ တွေ့ဆုံဆွေး နွေးခဲ့သည်။
မကြာမီ ပျဉ်းမနားတွင် ဗမာမွတ်စလင်မ် ညီလာခံပြုလုပ်ရာ ဖိတ်ကြားခံရသည်။ ထိုညီလာခံတွင် ဆရာကြီး ဦးရာဇတ်အား ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့ကြသည်။
၁၉၄၆ ခုတွင် ဦးဘိုးခိုင်သည် စစ်တွေသို့ပြန်ခဲ့သည်။ ဗိုလ်ချုပ် အောင်ဆန်း၊ ဟင်္သာတ ဦးမြ၊ ဦးအောင်ဇံဝေတို့ စစ်တွေသို့ ရောက်လာသည်။ ဗိုလ်ချုပ်က-
“မွတ်စလင်မ်လူထုလဲ ကျွန်တော်တို့နဲ့ လက်တွဲ ဆောင်ရွက် စေလိုပါတယ်။ ကျွန်တော် blank cheque ပေးပါမယ်။ သေအတူ ရှင်အမျှပါ။ မိမိတို့လိုရာကို တောင်းကြပါ။ ကျွန်တော် တတ်နိုင်သလောက် လိုက်လျောပါမယ်။ တိုင်းရင်းသား ကွဲနေ ရင် ဗမာပြည် လွတ်လပ်ရေးရဖို့ခက်ပါတယ်။”ဟု မိန့်ခွန်းပေးခဲ့ကြောင်း ဦးဘိုးခိုင်၏ ကိုယ်ရေးအတ္ထုပတ္တိတွင် ဖော်ပြပါရှိပါသည်။
ဦးဘိုးခိုင်သည် ၁၉၄၈-ခု ဒီဇင်ဘာ ၁၉ ရက်နေ့တွင် စစ်တွေ မြို့၌ ကျင်းပသည့် ရခိုင်ပြည်လုံးကျွတ် ရခိုင်မွတ်စလင် ညီလာခံကြီး၏ သဘာပတိအဖြစ် ဆောင်ရွက်သည်။ ညီလာခံသဘာပတိ မိန့်ခွန်းတွင် ညီလာခံကျင်းပရခြင်း အကြောင်းကို ဦးစွာရှင်းပြသည်။ ၁၉၄၈-ခုတွင် မြန်မာအစိုးရသည် မြန်မာနိုင်ငံတော်သားအဖြစ် ရွေးချယ်ရေး အက်ဥပဒေ နှင့် မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေနှစ်ရပ် အတည်ပြုခဲ့သည်။ ထို့ကြောင့် ၁၉၄၉-ခု မေလ ၁ ရက်နေ့မတိုင်မီ လျှောက်ထားရန် နှိုးဆော်သည်။ တစ်ဆက်တည်းမှာပင် ကုလားဆိုတာဘာလဲ၊ ရခိုင်မွတ်စလင် ရိုဟင်ဂျာခေါ်ရခိုင်မွတ်စလင်၊ ကမန်လူမျိုး၊ မြေထူးလူမျိုး၊ ဇေရဘာဒီလူမျိုး ဟူသည့် မွတ်စလင်များဖြစ်ပေါ်လာပုံ၊ ရခိုင်မွတ်စလင်တို့၏ ရှေးအခါက အခြေအနေ၊ ယခုလက်ရှိအခြေအနေ၊ ဆူပူသောင်းကျန်းမှုကိစ္စ၊ ဒို့သဘောထားဟူသည့် ခေါင်းစဉ်များဖြင့် ရှင်းလင်းမိန့်ကြားသည်။
အကျဉ်းသဘောမှာ လွတ်လပ်ပြီးစ ရခိုင်မွတ်စလင်တို့၏တာဝန်ကို ရှင်းပြသည်။ ရခိုင်မွတ်စလင်တို့သည် ရှေးကတည်းက ရခိုင်ဗုဒ္ဓဘာသာ များနှင့် ရောနှောသင့်မြတ်စွာ နေထိုင်ခဲ့ကြသည်။ ဘုရင့်သစ္စာကို စောင့်သိသည်။ ဘုရင်မင်းမြတ်ကလည်း နိုင်ငံသုံး ငွေဒင်္ဂါးပေါ်တွင်ပင် ကလေမာခေါ် ကျမ်းတော်လာ လင်္ကာတစ်ပိုဒ် (ယုံကြည်ချက်)ကိုပင် ရိုက်နှိပ်ခဲ့သည် သာမက မွတ်စလင်အမည် တံဆိပ်တော်များ ခတ်နှိပ်ခံယူတော်မူခဲ့သည်။ နယ်ချဲ့ပယောဂကြောင့် အထင်လွဲမှုပေါ်ပေါက်ရသည်။ ဒုတိယကမ္ဘာစစ်အတွင်း အမြော်အမြင်ကြီးမားသော နိုင်ငံခေါင်းဆောင်ကြီးများကြောင့် ဘာသာမရွေး၊ လူမျိုးမရွေး၊ ပေါင်းသင်းဆက်ဆံမှု တိုးပွားလာသည်။ တိုင်းရင်းသားစုံပါသော လူထု တပ်ဦး ဖဆပလအဖွဲ့ကြီး ပေါ်လာသည်။ ကုလားမွတ်စလင်မှ ဗမာမွတ်စလင်ကို ခွဲခြားပြနိုင် ခဲ့သည်။ နိုင်ငံဥပဒေများ ပေါ်ပေါက် လာသည်။ သောင်းကျန်းမှုကို မိမိတို့ မထောက်ခံ၊ မလိုလား၊ ဗမာပြည်သည် မိမိတို့ပြည်ဖြစ်သည်။ မိမိတို့သည် ဤပြည်မှာ မွေး၍ ဤမြေမှာပင် အရိုးထုတ်ရမည့် သူများဖြစ်သည်ဟု ရေလည်အောင် ရှင်းပြ ခြင်းဖြစ်သည်။
နိဂုံးကြွေးကြော်သံမှာ
– ဒို့မျိုးချစ် ရခိုင်မွတ်စလင် အပေါင်းတို့မှာ ယနေ့မှစ၍ စုရုံးကြကုန်အံ့၊ အသင်းအပင်း ဖွဲ့စည်းကြအံ့၊ မိမိတာဝန်ကို မိမိတို့ ကျေပွန်အောင် သစ္စာရှိစွာဖြင့် ထမ်းဆောင်ကြအံ့။
– မိမိတို့မှာ ကုလားမဟုတ် ဗမာဖြစ်ကြောင်း သတိရကြအံ့၊ ကုလား မဟုတ်ကြောင်း အလုပ်ဖြင့် ပြကြအံ့၊ တိုင်းရင်းသားပီပီ နိုင်ငံတော်ကြီး၏ အကျိုးကို ဆောင်ကြအံ့။
– ငါတို့ အရေးတော်ပုံ အောင်ရမည်ဟူ၍ ဖြစ်ပါသည်။
ဦးဘိုးခိုင်သည် ၁၉၃၅-ခုနှစ်မှစ၍ MLC မင်းတိုင်ပင် အမတ် တစ်ဦးဖြစ်သည်။ ဖဆပလခေတ် ၁၉၅၂-ခုတွင်လည်း ပါလီမန် အမတ်အဖြစ် ရွေးကောက်ခံရသည်။ ပါလီမန် နှစ်ဆက်တွင် အတွင်းဝန်ဖြစ်သည်။ တစ်ဦးတည်းသော သမီးဒေါ်အေးညွန့်နှင့် သမက် စူလတန်အာမက် တို့လည်း ပါလီမန်အမတ်များ ဖြစ်ကြသည်။
ဦးဘိုးခိုင်၏မျိုးချစ်စိတ်ဓာတ် ရင့်သန်မှု၊ သုတေသနအရာ လေးစား ရမှု၊ စာစု၊ စာပြုအရာအားထားရမှုတို့ကို ၁၉၇၁ ခုနှစ် မတ်လ ၁၇ ရက် နေ့တွင် ဆရာဦးဖိုးချယ်က ဦးဘိုးခိုင်ထံ ရေးသားသောစာတွင် အထူး ပေါ်လွင်နေပါသည်။
နိုင်ငံတော်ကောင်စီဝင် ရခိုင်အမျိုးသား ဦးလှထွန်းဖြူက လှထွန်းဖြူ သတင်းစာဆရာအမည်ဖြင့် ရေးသားသော ရခိုင်ပြည်နယ် တိုင်းရင်းသား လူမျိုးစုများစာအုပ်တွင်
“သမိုင်းအထောက်အထားများအရ ကမန်အမျိုးသားများသည် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဖြစ်ကြောင်း၊ ၁၄၅၉ မှ ၁၄၈၂ ခု ရခိုင်ဘုရင် ဘစောဖြူလက်ထက်ကပင် နန်းတော်တွင်း၌ အမှုထမ်းခဲ့ကြောင်း ၊ လှံကိုင် ဓားဆွဲ သူရဲကောင်းတပ်၊ ကမန်လေးကိုင် သူရဲကောင်းတပ်၊ သိုင်းတပ်၊ သူရဲတပ်စသည်များ ဖွဲ့စည်းထားသည့် ရခိုင်တပ်မတော်ဖြစ်ကြောင်း၊ မင်းဘာကြီးလက်ထက် ကမန်သူရဲကောင်း ငါးသောင်းကျော် ရှိကြောင်းကို အရှင်ဥက္ကံ(စောမဲကျီ) စာအုပ်မှာ ဖော်ပြ ထားကြောင်း၊ ရှာရှူးဂျာရဲ့ နောက်လိုက်အချို့ကို ရှိရင်းစွဲ ကမန်သူရဲကောင်း တပ်ထဲတွင် ပေါင်းလိုက်ကြောင်း၊ ကမန် အမျိုးသားများသည် ကိုးကွယ်သည့် ဘာသာမှအပ အားလုံး ရခိုင်အဆင်၊ ရခိုင်အ၀တ်၊ ရခိုင်စကား ပြောဆိုကြောင်း၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဗဟိုကော်မတီက ထုတ်သည့် တိုင်းရင်းသား ယဉ်ကျေးမှု ရိုးရာ ဓလေ့ထုံးစံ(ရခိုင်)စာအုပ်တွင် ကမန်အမျိုးသားမျိုးနွယ်ကို ဖော်ပြထားကြောင်း၊ သမိုင်းစဉ်တစ်လျှောက် ကမန်များသည် မြန်မာများနှင့်တွဲ၍ လုပ်ဆောင်ခဲ့ကြ ကြောင်း၊ ဟိုက်ကုတ် တရားသူကြီး ဦးစီဘူးသည် စစ်တွေကျေးလက် သက္ကေပြင်ရွာမှ ကမန်အမျိုးသား ဖြစ်ကြောင်း၊ ညီ ဦးညိုဘူး သည်လည်း ကမန်အမျိုးသား ဖြစ်ကြောင်း၊ ဦးဘိုးခိုင်သည် ရမ်းဗြဲသား ဖြစ်ကြောင်း၊ ဥပဒေပြု လွှတ်တော်အမတ် ဖြစ်လာခဲ့ကြောင်း၊ လွှတ်တော်တွင် အင်္ဂလိပ်လို မြန်မာလို ရဲရဲတောက် ပြောရဲဆိုရဲ သတ္တိခဲ တစ်ယောက် ဖြစ်ကြောင်း၊ လွတ်လပ်ရေး ရပြီးနောက်တွင်လည်း လွှတ်တော်အမတ် ဖြစ်လာခဲ့ကြောင်း၊ ဦးဘိုးခိုင်၏သမီး ဒေါ်အေးညွန့် သည်လည်း ဆတ်ဆတ်ကြဲ၊ လျှာနီအာဇာနည် အမျိုးသမီးဖြစ်ကြောင်း ဖော်ကျူးထားပါသည်။ ကမန်မျိုးချစ် ခေါင်းဆောင်ကြီး ဦးဘိုးခိုင်၏ သမိုင်းနောက်ခံကားဟု ယူနိုင်ပါသည်။
ဆက်စပ် ဆောင်းပါးဖတ်လိုလျှင်
Comments