နိုဝင်ဘာ ၆ ၊ ၂၀၁၄
M-Media
.အောင်တင် ရေးသည်။
.မြန်မာ့လူ့အဖွဲ့အစည်းကို သုံးပိုင်းခွဲကြည့်မယ်။
(၁) အာဏာရှင်ပိုင်း
(၂) ပြည်သူလူထုပိုင်း
(၃) နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး၊ တိုင်းရင်းသားခေါင်းဆောင်ပိုင်း
(၁) အာဏာရှင်ပိုင်း
အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းတဲ့နိုင်ငံတိုင်းလောက်မှာ ဒီမိုကရေစီရဲ့ သရုပ်တစ်ခုဖြစ်တဲ့ ရွေးကောက်ပွဲတွေကိုသာ ဟန်ပြလုပ်ပေးပြီး အာဏာကို နည်းမျိုးစုံ (ခြိမ်းခြောက်၊ လာဘ်ထိုး၊ သွေးခွဲ၊ ထောင်ချ၊ လုယက်၊ တိုက်ခိုက်၊ သတ်ဖြတ်၊ ပြည်တွင်းစစ်၊ ခရိုနီ၊ ဘာသာရေး၊ လူမျိုးရေး အဓိကရုန်းတွေ) သုံးပြီး ဆက်လက် ကိုင်စွဲနေကြတာတွေကို နိုင်ငံအများအပြားမှာ အခုထက်တိုင် တွေ့နိုင်တယ်။
အာဏာရှင်တွေဟာ ဘယ်ဘာသာကိုမှ ကိုးကွယ်သူတွေ မဟုတ်ဘူး။ သူတို့ကိုးကွယ်တာက အာဏာသာဖြစ်တယ်။ ဒါကြောင့် အာဏာရှင်တိုင်းဟာ မိမိအာဏာကို ထိပါးလာမယ်ဆိုရင် အခြားလူမျိုး၊ အခြားသာသနာကို အသာထား မိမိလူမျိုး၊ မိမိကိုးကွယ်တဲ့ဘုန်းကြီး၊ မိမိကိုးကွယ်တဲ့သာသနာကိုလည်း သတ်ဖြတ်ဖို့ ဖျက်ဆီးဖို့ ဘယ်တုန်းကမှ ဝန်မလေးကြဘူး။ သူတို့ချစ်တာ သူတိုံ့လူမျိုး၊ သူတို့သာသနာ မဟုတ်ဘူး။ သူတို့မုန်းတာလည်း မွတ်စလင်၊ တိုင်းရင်းသား၊ ခရစ်ယာန် မဟုတ်ဘူး။ သူတို့ချစ်တာ အာဏာ၊ သူတို့မုန်းတာက သူတို့အာဏာကို ထိပါးမဲ့သူတွေဘဲ။ ဒါကြောင့် အာဏာအတွက် ဘယ်သူနဲ့မဆို မဟာမိတ်လုပ်နိုင်ကြသလို၊ ဘယ်သူ့ကိုမဆို ရန်သူလုပ်နိုင်ကြသူတွေဖြစ်တယ်။ (အာဏာရှင်ထက်ပိုဆိုးတာက Fanatics and Extremists အစွန်းရောက် အယူအဆရှိသူဖြစ်တယ်။ အာဏာရှင်က အာဏာသာ ရနေမယ်ဆိုရင် ရန်သူကို မိတ်ဆွေလုပ်နိုင်ကြသော်လည်း အစွန်းရောက်က မိမိရဲ့ အစွန်းရောက်ဝါဒအတွက် မတူတဲ့အုပ်စုကို အပြီးတိုင်ချေမှုံးလို သူတွေဖြစ်တယ်။ အစွန်းရောက်တွေမှာ မတူတဲ့ အုပ်စုအတွက် ဘယ်နေရာမှ မရှိဘူး။)
ဒါကြောင့် အာဏာကို လက်မလွှတ်ရဖို့ နည်းမျိုးစုံနဲ့ြုကိုးစားလုပ်ဆောင်နေတဲ့ အာဏာရှင်အုပ်စုကို အထူးတလည် အပြစ်ထပ်ဆိုစရာ လိုမယ်မထင်ဘူး။ အာဏာရှင်က အာဏာရှင်ရဲ့ အလုပ်ကို အာဏာရှင် ပီသစွာနဲ့ အာဏာရှင်နည်းတွေသုံးပြီး ဆက်လုပ်နေတာဖြစ်တယ်။ သူ့အလုပ်ကို သူဆိုက်လိုက်မတ်တတ် လုပ်နေတာဖြစ်လို့ Consistence ဖြစ်တယ်လို့တောင် ချီးကျူး စကားပြောချင်ရင် ပြောနိုင်ပါသေးတယ်။
(၂) ပြည်သူလူထုပိုင်း
အာဏာရှင်တွေရဲ့ ဖိနှိပ်မှုတွေအောက်က အထွေထွေမကြေနပ်မှုတွေ၊ ကြပ်တည်းမှုတွေ၊ မတရားမှုတွေ၊ တစ်လျှောက်လုံး ပြန်မပြောဝံ့ဘဲ ခေါင်းငုံ့ခံလာရမှုတွေက တစုံတရာပွင့်လင်းလာတော့ ပွင့်ထွက်လာတယ်။ ပြည်သူလူထုရဲ့ ပွင့်ထွက်မှုတွေက တညီတညွတ်တည်း အာဏာရှင်ဖက်ကို မျှားဦးလှည့်လာရင် အာဏာရှင်တွေ အလျှင်အမြန် ပြုတ်ကျသွားမှာ အသေအချာဖြစ်တယ်။
ဒါကြောင့် အဲဒီပွင့်ထွက်လာမှုကို အာဏာရှင်ဖက်ကို ဦးမတည်လာဖို့ အာဏာရှင်တွေက လူ့အဖွဲ့အစည်းအတွက် ရန်သူသစ်ကို ဖန်တီးပေးကြတယ်။ အာဏာရှင်တပိုင်း၊ ဒီမိုကရေစီတစ်ပိုင်းနိုင်ငံတွေမှာ အလွယ်ဆုံး၊ ကုန်ကျမှုအနည်းဆုံး၊ အကျအဆုံးအနည်းဆုံးနှင့် အထိရောက်ဆုံး၊ အကျိုးအမြတ်အသေချာဆုံးက မိမိကိုင်စွဲထားတဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ယန္တယားတွေကိုသုံးပြီး လူ့အဖွဲ့အစည်းကို လူမျိုးရေး ဘာသာရေးအစွန်းရောက်လာအောင် ကောလဟလတွေဖန်တီးခြင်း၊ အကြမ်းဖက်မှုတွေဖြစ်ပွါးစေခြင်း၊ လူတွေကို အကြောက်တရား ဖိစီးထားစေခြင်းတို့ဖြစ်တယ်။
တချိန်က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးခေါင်းစဉ်အောက်မှာ တစုံတရာညီညွတ်မှုရှိခဲ့တဲ့ လူ့အဖွဲ့အစည်းဟာ ရန်သူအစစ်ပျောက်ပြီး အဖိနှိပ်ခံရသူအချင်းချင်း ရန်သူလုပ်၊ အချင်းချင်းတိုက်ခိုက်လာကြတဲ့အတွက် အစိပ်စိပ် အမွှာမွှာ ကွဲပြားကုန်တယ်။ အလွယ်ဆုံး ထင်သာမြင်သာ ဥပမာတစ်ခုပေးရရင် အမြဲတန်း ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ တရားမျှတမှုဖက်က တစိုက်မတ်မတ် ညီညီညွတ်ညွတ် ရှေ့တန်းက ကြံ့ကြံ့ခံရပ်တည်နေခဲ့တဲ့ သံဃာတွေတောင်မှ ဒီမိုကရေစီထောက်ခံတဲ့ သံဃာနဲ့ အာဏာရှင်ထောက်ခံတဲ့ သံဃာဆိုပြီး နှစ်ခြမ်း ဗြန်းကနဲ ကွဲသွားတာကို ကြည့်ပါ။
လူသားမျိုးဆက်နှစ်ဆက်ကျော်ကြာအောင် ပိတ်လှောင်ခံထားရတဲ့ လူ့အဖွဲ့အစည်းဖြစ်သည်နှင့်အညီ အာဏာရှင်များလှည့်ကွက်ထဲကို လူထုတွေက အလွယ်တကူ သက်ဆင်းသွားတတ်တယ်။ ဒါကြောင့် ပြည်သူလူထုပိုင်းကိုလည်း အထူးအပြစ်ဆိုဖို့ မသင့်ပြန်ဘူး။
တိုးတက်ပါတယ်၊ အမြင်ကျယ်ပါတယ်ဆိုတဲ့ ရှစ်လေးလုံး ဒီမိုကရေစီရေးခေါင်းဆောင် ကိုကိုကြီးတောင် မှူးဇော်ရဲ့ ခလေးကွက်ကို မှီအောင် ပုဆိုးမနိုင်၊ ပုဝါမနိုင်နဲ့ အတင်း ဒုန်းစိုင်းပြေးလိုက်ရင်း အခုဘဲ တပ်ထဲဝင်၊ တပ်မတော်နဲ့ လက်တွဲပြီး ရှေ့တန်းထွက်တိုက်တော့မဲ့အလား ကြိမ်းလား၊ ဝါးလား၊ ဟိန်းလား၊ ဟောက်လား လုပ်လာတယ်။
(၃) နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး၊ တိုင်းရင်းသားခေါင်းဆောင်ပိုင်း
၁၉၅၈က ပြည်တွင်းစစ်ကို အကြောင်းပြပြီး စစ်အုပ်စုက ၆လသက်တန်းပေးအပ်ထားတဲ့ အာဏာကို နှစ်နှစ်သက်တန်းအထိ ဆွဲဆန့်နိုင်ခဲ့ခြင်းဖြင့် ကံဆိုးလှတဲ့ မြန်မာပြည်မှာ စစ်အာဏာရှင် စနစ် စတင်အမြစ်တွယ်လာခဲ့တယ်။ အာဏာအရသာကို စတင်မြီးစမ်းဖူးသွားခဲ့တဲ့ စစ်အုပ်စုဟာ သိပ်မကြာခင် ဖက်ဒရယ်ကို အကြောင်းပြပြီး ၁၉၆၂မှာ အာဏာသိမ်းခဲ့တယ်။ ကွန်မြူနစ်ကို အကြောင်းပြပြီး ၁၉၈၈မှာ အာဏာဆက်ယူ သွားခဲ့ပြန်တယ်။၂၀၀၈ ဖွဲ့စည်းပုံနဲ့ နှစ်နှစ်ဆယ်ကျော်ကြာအောင် အသစ်တဖန် လေ့ကျင့်မွေးထုတ်ထားတဲ့ နိုင်ငံရေးအင်အားစုကို ယုံကြည်စိတ်ချလာတဲ့ အာဏာရှင်တွေက ရွေးကောက်ပွဲစနစ်ကို ၂၀၁၀မှာ စတင်ကျင့်သုံးခွင့်ပြုခဲ့တယ်။
သို့သော် ၁၉၉၀ ရွေးကောက်ပွဲမှာ တစညကို အဟုတ်ထင်ခဲ့တဲ့ အာဏာရှင်အုပ်စုဟာ ၂၀၁၂မှာ ပြည်ခိုင်ဖြိုးကိုလည်း အတွက်မှားခဲ့ပြန်တယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ကို အပြတ်အသတ်ရှုံးခဲ့ခြင်းဟာ နတ်သမီး အိပ်မက်မက်နေခဲ့တဲ့ အာဏာရှင်တွေကို ထိန့်လန့်တကြား လန့်နိုးလာစေခဲ့တယ်။ ၂၀၁၂မှာ ကြားဖြတ်မှာ လုံးဝ မမျှော်လင့်ထားဘဲ ခွက်ခွက်လန်အောင်ရှုံးခဲ့တဲ့ ရှုံးပွဲကြီးအပေါ် ပြည်ခိုင်ဖြိုးခေါင်းဆောင် ဦးဌေးဦးက ၂၀၁၅ ရွေးကောက်ပွဲကျရင်၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာလို မရှုံးရအောင် ကျနော်တို့မှာ ပလန်အေ မရရင် ပလန်ဘီ၊ ပလန်စီ စသဖြင့် အဆင့်ဆင့်ရှိထားပါတယ်လို့ ထုတ်ဖေါ်ပြောလာခဲ့တယ်။
ပြည်တွင်းစစ်၊ ဖက်ဒရယ်၊ ကွန်မြူနစ်ဆိုတာတွေနဲ့ အာဏာသက်ရှည်ခဲ့သူတွေဟာ နည်းဟောင်းတွေကို ဆက်သုံးလို့ မဖြစ်တော့တဲ့နောက် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အပြီးမှာ အင်မတန်ထိရောက်တဲ့ နည်းလမ်းသစ်တစ်ခုကို ရှာတွေ့ခဲ့ကြတယ်။
ရခိုင်ပြည်နယ် လူမျိုးရေး အဓိကရုန်းကို ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲကို ရှုံးပြီးမှ စတင်ခဲ့တာဖြစ်တယ်။ အဲဒီမတိုင်ခင်ကဆို သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်က မွတ်စလင်တွေဟာ အင်မတန်မြန်မာဆန်ကြတယ်လို့တောင် ပြောခဲ့သေးတယ်။
သမ္မတရုံး ညွှန်ကြားရေးမှူး ဗိုလ်မှူးဇော်ဌေး(မှူးဇော်)က သူ့ဖေ့စ်ဘွတ်ကနေ ပြည်ပက လက်နက်ကိုင်တပ်တွေ ရခိုင်ပြည်နယ်ကို ကျူးကျော်လာပါပြီဆိုပြီး သတင်းမှားတွေ တမင်ထုတ်လွှင့်ပြီး ရခိုင်ပြည်နယ်က လူမျိုးရေးအထိကရုန်းကို လူသိရှင်ကြား စတင်ဦးဆောင် လှုံ့ဆော်ခဲ့တယ်။ (အဲဒီသတင်း လုံးဝမမှန်ကြောင်း ပြည်ထောင်စု နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် ရခိုင်ပြည်နယ် နယ်စပ်ဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းတို့က နောက်ပိုင်းမှာ တရားဝင် အတိအလင်း ငြင်းဆိုခဲ့ကြတယ်။) ချက်ချင်းဆိုသလို တစ်တိုင်းပြည်လုံးမှာ အမျိုးသားရေး အစွန်းရောက်ဝါဒတွေနဲ့ သွေးဆူလာကြပြီး တစ်နိုင်ငံလုံးကို ဒီနေ့ မနက်ဖန်ဘဲ ကုလားတွေဝင်သိမ်းတော့မလို လူထုက စိုးရိမ်လာတယ်။ ပြည်သူလူထု လိုလားတောင့်တနေတဲ့ ဒီမိုကရေစီရေး၊ ပြည်ထောင်စုရေးက နောက်တန်းကို ဒလိမ့်ခေါက်ကွေး ခွေးကျ ဝက်ကျ ကျသွားခဲ့တယ်။ အမျိုးသားလုံခြုံရေး၊ တိုင်းပြည်ကာကွယ်ရေးနှင့် အမျိး၊ ဘာသာ၊ သာသနာက ထိပ်တက်လာကာ တစ်နိုင်ငံလုံးရဲ့ သေရေးရှင်ရေးဖြစ်လာတယ်။ အမျိုး ဘာသာ သာသနာကိုမှ ရှေ့တန်းမတင်ရင် အမျိုးသားရေးကို သစ္စာဖောက်သူတွေ အလိုလိုဖြစ်လာတယ်။
တိုးတက်ပါတယ်၊ အမြင်ကျယ်ပါတယ်ဆိုတဲ့ ရှစ်လေးလုံး ဒီမိုကရေစီရေးခေါင်းဆောင် ကိုကိုကြီးတောင် မှူးဇော်ရဲ့ ခလေးကွက်ကို မှီအောင် ပုဆိုးမနိုင်၊ ပုဝါမနိုင်နဲ့ အတင်းဒုန်းစိုင်းပြေးလိုက်ရင်း အခုဘဲ တပ်ထဲဝင်၊ တပ်မတော်နဲ့ လက်တွဲပြီး ရှေ့တန်းထွက်တိုက်တော့မဲ့အလား ကြိမ်းလား၊ ဝါးလား၊ ဟိန်းလား၊ ဟောက်လား လုပ်လာတယ်။ စစ်အာဏာရှင်တွေရဲ့ သဘော သဘာဝတွေကို ဒီမိုခေါင်းဆောင် အများအပြားက လုံးဝ မေ့ထားလိုက်ကြတယ်။ ကိုကိုကြီး လိုခေါင်းဆောင်တွေ ရဲ့ ကျေးဇူးကြောင့် အာဏာရှင် အုပ်စုလည်း တိုင်းပြည်ကို ကာကွယ်မဲ့ ကျေးဇူးရှင် သူရဲကောင်းတွေ နေ့ချင်းညချင်းဖြစ်လာခဲ့တယ်။ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရားမျှတရေး တောင်းဆိုတိုက်ပွဲဝင်သံတွေ တိုးညှဉ်း ဆိတ်သုဉ်းသွားတယ်။ ဒီတစ်ပွဲမှာလည်း အရင်ပွဲတွေလိုဘဲ ဒီမိုကရေစီ အုပ်စုဟာ မြင်မကောင်းအောင် သွေးသံ တရဲရဲ ကျိုးပဲ့ဖူးယောင်ပြီး ဒိုင်ပွဲရပ်နဲ့ ရှုံးသွားပြန်တယ်။
ဒီအန္တရာယ်ကို မြန်မာပြည်က လူထုခေါင်းဆောင်တွေ ကြိုပြီး မမြင်ခဲ့ဘူး။ မသိခဲ့ဘူး။ သတိပေးထောက်ပြမဲ့သူ မရှိခဲ့ဘူး ဆိုရင်တော့ တစ်မျိုးပေါ့။
အာဏာရှင် စနစ်ဟောင်းရဲ့ နည်းမျိုးစုံနဲ့ သွေးခွဲ သပ်လျှိုမှုကြောင့် လူ့အဖွဲ့အစည်း အစိပ်စိပ် အမွှာမွှာကွဲကာ ဒုက္ခတွေ့နေဆဲဖြစ်တဲ့နိုင်ငံတွေက ခေါင်းဆောင်တွေ၊ အာဏာရှင်တွေအကြောင်း နောကြေနေတဲ့ နိုင်ငံတကာ ပညာရှင်တွေက ရှစ်လေးလုံး အပါအဝင် အဖွဲ့အစည်းခေါင်းဆောင်တွေ၊ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေးခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေကို လူမျိုးရေး၊ ဘာသာရေးခေါင်းစဉ်တွေဟာ ထောင်ချောက်ဖြစ်တယ်။ တမင်လမ်းလွှဲနေတာဖြစ်တယ်။ သိပ်အန္တရာယ်ကြီးတယ်။ ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်မှုတွေကို အညွန့် အညှောက်တောင် အပေါက်မခံကြပါနဲ့။ နုစဉ်ကတည်းက အရေးတကြီးကိုင်တွယ်ကြဖို့၊ အမြစ်ဖြတ် သုတ်သင်ဖို့ တိုက်တွန်းခဲ့ကြတယ်။ အရှိန်အဟုန်မကြီးမားလာခင် မသုတ်သင်နိုင်ခဲ့ရင် ဒီမိုကရေစီရေး၊ ပြည်ထောင်စုရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး စသဖြင့် ကဏ္ဍအားလုံး ပျက်ဆီးသွားလိမ့်မယ်လို့ ဆွေးနွေးပွဲတွေ၊ ဟောပြောတွေ အများအပြားလုပ်ပြီး သတိပေးခဲ့တယ်။
ဘယ်ထင်ရှားတဲ့၊ တာဝန်ရှိတဲ့ လူထုခေါင်းဆောင်၊ ဘယ်ပါတီခေါင်းဆောင်၊ ဘယ်တိုင်းရင်းသားခေါင်းဆောင်တစ်ယောက်က ဒီသတိပေးချက်ကို အထူးအလေးထားခဲ့တာ ရှိသလဲ။ လူမျိုးရေး ဘာသာရေးအစွန်းရောက်မှုတွေကို ကြုံပြောပြောတာလောက်၊ ငါးပွက်ရာ ငါးစာချတာလောက်၊ ဖြစ်မှပြောလိုက် တာလောက်က လွဲရင် ဘယ်ခေါင်းဆောင်က ဒါဟာ ဒီမိုကရေစီရေး၊ ဖက်ဒရယ်အရေး အတွက် ထောင်ချောက်ဖြစ်တယ်လို့ အလေးအနက်မြင်သူ ရှိပါသလဲ။
တစ်ကယ်တော့ မွတ်စလင်တွေကို တိုက်ခိုက်လာခြင်းဟာ မွတ်စလင်တွေက အာဏာရှင်အုပ်စုကို ခြိမ်းခြောက်နေလို့ မဟုတ်ဘူး။ အာဏာရှင်အုပ်စုကို ခြိမ်းခြောက်နေသူတွေနှင့် အာဏာရှင်စနစ်က စိုးရိမ်ကြောက်ရွံ့သူတွေက မွတ်စလင်လည်း မဟုတ်ဘူး။ ဒီမိုနဲ့ တိုင်းရင်းသားအုပ်စုသာဖြစ်တယ်။ ဒီမိုအုပ်စုနဲ့ တိုင်းရင်းသားအုပ်စုကို ချိနဲ့စေဖို့၊ ပြည်သူလူထုက ဒီမိုနှင့် တိုင်းရင်းသားအုပ်စုတွေကို ထောက်ခံမှု လျော့ကျလာစေဖို့ အာရုံလွှဲရေးအတွက် မွတ်စလင်တွေကို ဓါးစာခံလုပ် တိုက်ခိုက်လာခြင်းဖြစ်တယ်ဆိုတာနဲ့ မွတ်စလင်တွေကို တိုက်ခိုက်ခြင်းသည် ဒီမိုနဲ့ တိုင်းရင်းသားအရေးကို တိုက်ခိုက်ဖို့ အကြိုစစ်ပြင်ခြင်းဖြစ်တယ် ဆိုတာ မြင်နိုင်တဲ့ အရည်အချင်းရှိသော ခေါင်းဆောင်ကော ဘယ်နှစ်ယောက်ရှိသလဲ။
မြင်ပါတယ်ဆိုရင်တောင် ဒီလိုတိုက်ခိုက်လာမှုကို ကာကွယ်နိုင်တဲ့၊ တုန့်ပြန်နိုင်တဲ့ခေါင်းဆောင် မြန်မာပြည်မှာ လုံးဝမရှိဘူး။ တစ်ယောက်မှ မရှိဘူးလို့ ပြောရဲပါတယ်။
ENC (Ethnic Nationalities Council)ရဲ့ အထွေထွေအတွင်းရေမှူးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဒေါက်တာဆလိုင်း လျှံမုန်းဆာခေါင်း (လက်ရှိ ပြည်တွင်း တိုင်းရင်းသား အရေးတွေမှာ ဆက်လက်ဦးဆောင်နေဆဲဖြစ်သူ) က ကရင်အပါအဝင် တိုင်းရင်းသားတွေရဲ့ တော်လှန်ရေး အကြပ်အတည်းအပေါ် စာတန်းတစ်စောင်ကို လွန်ခဲ့သော ဆယ်နှစ်ကျော်လောက်က ရေးခဲ့တယ်။
ကျနော်မှတ်မိသလောက် အဲဒီစာတန်းထဲမှာ သူရေးခဲ့တာက –
Shan against Kachin, Kachin against Karen and Karen against Mon. Everyone is against everyone but altogether are against Muslim. ရှမ်းနဲ့ ကချင် ဆန့်ကျင်တယ်။ ကချင်နဲ့ ကရင် ဆန့်ကျင်တယ်။ ကရင်နဲ့ မွန် ဆန့်ကျင်တယ်။ တိုင်းရင်းသားတွေအားလုံး အချင်းချင်း တစ်ဦးနဲ့တစ်ဦး အကုန်ဆန့်ကျင်နေကြတယ်။ သို့သော် အားလုံးက မွတ်စလင်ကိုတော့ တညီတညွတ်တည်း ဝိုင်းဆန့်ကျင်ကြတယ်လို့ ဖြစ်တယ်။
ဒီနေ့အခြေအနေကို ကျနော့သုံးသပ်ချက်က
နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးနှင့် တိုင်းရင်းသားခေါင်းဆောင်ပိုင်းကို မွတ်စလင်နဲ့ ပတ်သက်လာရင် အုပ်စုသုံးအုပ်စု ခွဲမြင်ပါတယ်။ AM အုပ်စု၊ IM အုပ်စုနဲ့ JM အုပ်စုဖြစ်တယ်။
AM (Anti-Muslim)အုပ်စုက မွတ်စလင်မုန်းတီးရေး အင်အားစုဖြစ်တယ်။
IM (Indifference to Muslim) အုပ်စုက မွတ်စလင်တွေ ခံစားနစ်နာနေရတာကို လုံးဝ ဂရုမစိုက်တဲ့အုပ်စုဖြစ်တယ်။ မွတ်စလင်တွေ များများသေလေ မြန်မြန်ကောင်းလေ လို့ ယူဆတဲ့အုပ်စုဖြစ်တယ်။ တတ်နိုင်သလောက် မသိချင်ယောင်ဆောင်နေကြသူများဖြစ်တယ်။ ကြုံလာရင်လည်း အဆင်ပြေသလိုသာ လူကြားကောင်းအောင် ဝတ်ကျေတန်းကျေ ပြောလိုက်ကြသူများဖြစ်တယ်။
JM (Justice to Muslim) အုပ်စုက မွတ်စလင်တွေကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအားဖြင့် ပွင့်ပွင့်လင်းလင်း စာနာတဲ့၊ ကူညီတဲ့အုပ်စုဖြစ်တယ်။
လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က ဒေါက်တာဆလိုင်းလျှံမုန်း ဆာခေါင်းရဲ့ ခွဲခြမ်းသုံးသပ်ချက်ဖြစ်တဲ့ တိုင်းရင်းသားတွေက မွတ်စလင်တွေအပေါ်ထားရှိခဲ့သော သဘောထားသည် အခုအခါ ပိုတိုးတက်လာသလား။ ပိုဆုတ်ယုတ်သွားသလားဆိုတာကို စာဖတ်သူတွေ သုံးသပ်ဖို့ဖြစ်တယ်။
ထိုနည်းအတိုင်းဘဲ ယနေ့ကာလ ကျနော့ သုံးသပ်ချက်ဖြစ်တဲ့ အုပ်စုသုံးအုပ်စုမှာ မွတ်စလင်ဆန့်ကျင်သူတွေက အများစုလား။ များများသေ မြန်မြန်အေးဆိုပြီး မသိချင်ယောင်ဆောင်နေသူတွေက အများစုလား။ များရင် ဘယ်နှစ်ရာခိုင်နှုံးလောက်အထိ များနိုင်သလဲ။ မွတ်စလင်တွေကို စာနာကူညီတဲ့သူတွေက အနည်းစုလား။ နည်းရင် ဘယ်နှစ်ရာခိုင်နှုံးအထိ နည်းနိုင်သလဲဆိုတာကိုလည်း စာဖတ်သူတွေ ဆက်လက်သုံးသပ်ဖို့ဖြစ်ပါတယ်။
နိဂုံးချုပ်အပိုင်းကို ဆက်ရေးပါမယ်။
ရာစုနှစ်တစ်ဝက်ကျော် ယနေ့ထက်တိုင် ခွဲခြားဖိနှိပ်ခံနေရပြီး မြန်မာ့လူအဖွဲ့အစည်းရဲ့ အောက်ဆုံး၊ အဖိနှိပ်အခံရဆုံးအလွှာမှာရှိနေတဲ့အပြင် တရားဝင်ကိန်း ဂဏန်းများအရ လေးရာခိုင်နှုံးထက် မပိုတဲ့ မွတ်စလင်တွေဟာ မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ ဘယ်လူမျိုး ဘယ်ဘာသာကိုမှ ဘယ်တုန်းကမှ ခြိမ်းခြောက်နိုင်ခဲ့တဲ့ အင်အားစု မဟုတ်ဘူး။ အမှန်က အစဉ်အဆက် အခြိမ်းခြောက်ခံတွေသာဖြစ်တယ်။ အဖြည့်ခံတွေသာ ဖြစ်ခဲ့တယ်။
အာဏာရှင်နဲ့ပေါင်းပြီး အဆင်ပြေနေတဲ့ မပြောပတဲ့ လက်တစ်ဆုပ်စာလောက်က လွဲရင် အမြဲတန်းသိမ်ငယ်နေရတဲ့၊ ဆင်းရဲကြပ်တည်းနေတဲ့၊ အနှိမ်ခံနေရတဲ့ လူအုပ်စုကလေးဟာ အာဏာကို လက်မလွှတ်လိုသူ တစ်စုရဲ့ ဖန်တီးမှုကြောင့် ၉၆%သော မြန်မာနှင့် တိုင်းရင်းသားတွေအားလုံးကို အမြစ်ဖြုတ်ဖို့ ခြိမ်းခြောက်နေ တဲ့ ကြောက်စရာ လန့်စရာ အင်အားစုအဖြစ် နေ့ချင်းညချင်း ပြောင်းလဲသွားခဲ့ရတယ်။ အကျိုးဆက်အဖြစ် အာဏာရှင် အဆက်ဆက်အောက်မှာတောင် မခံစားခဲ့ရဖူးတဲ့ ရက်ရက်စက် တိုက်ခိုက်မှုတွေကို ဒီမိုကရေစီကိုသွားနေပါပြီဆိုတဲ့ခေတ်ကျမှ ပက်ပက်စက်စက် ခံလိုက်ရခြင်းဖြစ်တယ်။ နောင်လည်း ဆက်လက်တိုက်ခိုက်ခံရအုံးမဲ့ အနေအထားတွေက ယနေ့အချိန်အထိ ရှိနေဆဲဖြစ်တယ်။
မွတ်စလင်တွေမှာ မိတ်ဆွေနည်းလာတယ်။ အထီးကျန်ဖြစ်လာတယ်။ အကြမ်းဖက်ခံရတဲ့ မွတ်စလင်တွေကိုဘဲ အကြမ်းဖက်သမားလို့တောင် အခေါ်ခံလာရတယ်။ အကြမ်းဖက် အဖျက်ခံရတဲ့ ပလီတွေကို အကြမ်းဖက်မဲ့ ခံတပ်တွေလို့ မရှက်မကြောက် ပြောလာကြတယ်။
သို့သော် အားလုံး စဉ်းစားကြစေချင်ပါတယ်။ အကြမ်းဖက်သမားများက အထူးစဉ်းစားပါ။
အကြမ်းဖက်မှုတွေနဲ့ မွတ်စလင်ဘယ်နှစ်ရာကို သတ်နိုင်ခဲ့သလဲ။ ဘယ်နှစ်ထောင်ကိုကော ဆက်သတ်နိုင်အုံးမယ်ထင်သလဲ။ မွတ်စလင်တွေ အကုန်လုံးကို ဘယ်တော့မှ ဘယ်သူကမှ မသတ်ပစ်နိုင်ပါဘူး။
အကြမ်းဖက်မှုတွေကြောင့် မြန်မာပြည်က မွတ်စလင်တွေနဲ့ မွတ်စလင်တွေကိုးကွယ်ယုံကြည်တဲ့ သာသနာရဲ့ ဂုဏ်သိက္ခာက ကမ္ဘာ့အလည်မှာ ကျဆင်းသွားသလား။ တိုးမြင့်လာသလား။ အကြမ်းဖက်သူတွေနဲ့ အကြမ်းဖက်သူတွေ ကိုးကွယ်ယုံကြည်တဲ့သာသနာရဲ့ ဂုဏ်သိက္ခာက ကမ္ဘာ့အလည်မှာ တိုးတက်လာသလား၊ ကျဆင်းသွားသလား။
ဘယ်လိုဘဲ ဖိနှိပ်ရက်စက်မှုတွေ ရှိနေပါစေ။ ကမ္ဘာတည်သရွေ့ မြန်မာတည်သလို၊ မြန်မာတည်သရွေ့ မွတ်စလင် တည်မှာဖြစ်တယ်ဆိုတာကို မြင်ကြပါ။
စာနာတတ်သူ တိုင်းရင်းသားပေါင်းစုံ မြန်မာပြည်သူတွေနဲ့ လက်တွဲပြီး မွတ်စလင်တွေဟာ မြန်မာ့လူ့အဖွဲ့အစည်းတွင်းမှာ ပြန်ရပ်တည် ဦးမော့လာကြမှာဖြစ်တယ်။ သမိုင်းရဲ့ နေရာမှန်ကို ကျနော်တို့ ပြည်လည်ဖေါ်ထုတ် ရယူသွားမှာဖြစ်တယ်။ ဒီနေ့မဟုတ်ရင် မနက်ဖန်၊ ဒီနှစ်မဟုတ်ရင် နောက်နှစ်၊ ဒီမျိးဆက်မဟုတ်ရင် နောက်မျိုးဆက် ကျနော်တို့ ဂုဏ်သိက္ခာရှိစွာ ရှင်သန်ကြမှာပါ။
ငြိမ်းချမ်းရေးကိုလိုလားသော၊ နိုင်ငံသားကောင်း ပီသသော၊ အပြန်အလှန်လေးစားမှုကို တည်ဆောက်လိုသော မွတ်စလင်တွေအတွက် ကာလသုံးပါးလုံးဖြစ်တဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်သမိုင်း ဘယ်တော့မှ မရိုင်းဘူးဆိုတာ ကျနော်တို့ အပြည့်အဝ ယုံကြည်ထားပါတယ်။ ကျနော်တို့မှာ မနက်ဖန်ရှိတယ်။ ကျနော်တို့မှာ အနာဂတ်ရှိပါတယ်။
တာဝန်မဲ့အုပ်စုတွေရဲ့ ခေါင်းဆောင်လုပ်သူတွေသာ မိမိအမှားကို မိမိမြင်၊ မိမိအချိုးကို မိမိပြင်ပြီး လမ်းမှန်ပေါ်မှာ ရဲရဲပြန်ရပ်ပြီး ပြည်သူကို အချိန်မီ ဦးဆောင်မှုပေးနိုင်ဖို့ လိုအပ်နေပါတယ်။
အချိန်မီ မပြင်နိုင်ကြဘူးဆိုရင်ဖြင့် အာဏာရှင်အုပ်စုက သမိုင်းတရားခံဖြစ်မဲ့ သမိုင်းတရားခွင်မှာ ခင်ဗျားတို့တွေလည်း ပူးတွဲတရားခံတွေ ဖြစ်ကုန်ကြမှာ အသေအချာဖြစ်တယ်။
အောင်တင်
မှတ်ချက်။ ။ ဒီဆောင်းပါးထဲက အကြောင်းအရာအချို့ဟာ နိုဝင်္ဘာလ(၁)ရက်နေ့က မသီတာ(စမ်းချောင်း) နေဘုန်းလတ်(ဘလော့ဂါ) ခင်မြဇင်တို့ရဲ့ တိုရန်တိုဟောပြောပွဲမှာ သူတို့အမြင်ကို မေးကြည့်မယ်လို့ မူလက စိတ်ကူးထားခဲ့တဲ့ အပိုင်းတွေလည်းပါဝင်ပါတယ်။ အဲဒီပွဲမှာ အဆင်မပြေတာလေးတစ်ခုကြောင့် မမေးဖြစ်ခဲ့ဘူး။
Comments