6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၁၈ ၊ ၂၀၁၄
M-Media
.လေးမောင်(M-Media ) ဘာသာပြန်ဆိုသည်။
15170178953_bb49ab841c_z
.မေး။    ။ကျွန်တော့်နာမည်ကတော့ () ဖြစ်ပါတယ်။ ကျွန်တော်ဟာ ရခိုင်ပြည်နယ် ဒါမှမဟုတ် သမ္မတကြီးပြောတဲ့ ရခီန်းပြည်နယ် စစ်တွေတက္ကသိုလ်မှာ အင်္ဂလိပ်စာအဓိကနဲ့ တတိယနှစ် တက်ရောက်နေသူပါ။

အိုဘားမား။    ။အသံထွက်မှန်အောင် ကျွန်တော်ကြိုးစားနေပါတယ်။ (ရယ်သံများ)

.မေး။    ။ ကျွန်တော့်ဒေသမှာ ဂိုဏ်းဂဏကွဲတာတွေ၊ လူမျိုးရေး ဟန်ချက်တွေကို ကိုယ်တွေ့ ကြုံခဲူ့ဖူးပါတယ်။ ဒါ့ကြောင့် မေးချင်တာက မတူညီတဲ့ယဉ်ကျေးမှုတွေအပေါ်မှာ သည်းခံလေးစားမှုကို မြှင့်တင်ဖို့၊ မတူညီတဲ့ လူမျိုးစုတွေအကြားက အကြမ်းဖက်ဝါဒကို ဖယ်ရှားဖို့ ကျွန်တော်တို့ရဲ့မျိုးဆက်ကို အသိပညာပေးရာမှာ ကျွန်တော်ဟာ ဘယ်လိုနေရာမှာ ပါဝင်နိုင်ပါသလဲ။

အိုဘားမား။    ။ သိပ်ကောင်းတဲ့မေးခွန်းပါပဲ။ ကျေးဇူးတင်ပါတယ်။ ကျွန်တော်ဟာ အရပ်ဖက်အဖွဲ့အစည်းအချို့နဲ့ တွေ့ဆုံခွင့် ရခဲ့ပါတယ်။ ခုနကပဲ ကျွန်တော်ဟာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါသေးတယ်။ မနေ့တုန်းကဆို ကျွန်တော်ဟာ လွှတ်တော်ဥက္ကဌနှစ်ယောက် အပါအ၀င် လွှတ်တော်အမတ်တွေ၊ ဒေါ်အောင်ဆန်းစုကြည် တို့နဲ့ တွေ့ခွင့်ရခဲ့ပြီး သမ္မတဦးသိန်းစိန်နဲ့လည်း စကားပြောခွင့် ရခဲ့ပါတယ်။ သူတို့အားလုံးကို ကျွန်တော်က “တကယ်လို့များ ပြည်သူတွေဟာ ဘာသာရေး၊ လူမျိုးရေးကိုအခြေခံပြီး စိတ်ဝမ်းကွဲနေကြမယ်ဆိုရင် အောင်မြင်တဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်လာမှာမဟုတ်ဘူး” လို့ ပြောခဲ့ပါတယ်။ အခုလက်ရှိ အရှေ့အလယ်ပိုင်းကို ကြည့်မယ်ဆိုရင် ဆီးရီးယားလိုနိုင်ငံမျိုးမှာ ဖြစ်ပွားနေတဲ့ မတည်ငြိမ်မှုတွေအားလုံးဟာ ဘာသာရေး မတူညီမှုတွေကို အခြေခံပြီး ဖြစ်လာတာပါ။ သူတို့ဟာ မွတ်စလင်တွေဖြစ်ကြပေမယ့် ရှီအာနဲ့ စွန်နီတို့ဟာ တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်နေကြ တယ်။ မြောက်အိုင်ယာလန်ကို ကြည့်မယ်ဆိုရင် ခရစ်ယာန် ကက်သလစ်နဲ့ ခရစ်ယာန် ပရိုတက်စတင့်တို့ဟာလည်း ဆယ်စုနှစ်များစွာ တိုက်ခိုက်ခဲ့ကြပြီး ငြိမ်းချမ်းရေးရသွားတာ သိပ်မကြာသေးပါဘူး။

ဂလိုဘယ်လိုက်ဇ်ဖြစ်လာတဲ့ ဒီကမ္ဘာကြီးမှာ မတူညီနဲ့ အယူဝါဒ၊ မတူညီတဲ့ ယဉ်ကျေးမှုရှိတဲ့ သူတွေ တစ်ယောက်နဲ့တစ်ယောက် တွေ့ကြဆုံကြတာမျိုးဟာ ရှောင်လွှဲလို့ကို မရပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ဘယ်သူမှ သူ့ရဲ့မြို့ရွာမှာ ကျောက်ချပြီး မနေကြတော့ဘူးလေ။ လူတွေဟာ အခြားသောနေရာဒေသတွေကနေ သတင်းအချက်အလက်တွေ၊ အယူအဆအသစ်တွေ အမြဲမပြတ် ရနေကြပြီး သူတို့နဲ့မတူတဲ့ လူတွေနဲ့လည်း တွေ့ကြဆုံကြပါတယ်။ လူသားအားလုံးဟာတူညီကြတယ်၊ လူသားအားလုံးဟာ လေးစားမှုနဲ့ထိုက်တန်တယ်၊ လူသားအားလုံးဟာ ဥပဒေအောက်မှာ အတူတူပဲဖြစ်တယ်၊ လူသားအားလုံးဟာ သူတို့ရဲ့ တိုင်းပြည်အတွင်းမှာ ပါဝင်နိုင်ရမယ်၊ လူအားလုံးဟာ သူတို့ရဲ့အမြင်တွေကို ကြောက်ရွံ့မှုမရှိ ဖော်ပြနိုင်ရမယ် စတဲ့ အခြေခံစည်းမျဉ်းတွေကို ဘယ်တိုင်းပြည်မျိုးမှာမဆို လိုက်နာစောင့်ထိန်းဖို့ အရေးကြီးပါတယ်။ ဒါတွေအားလုံးကို ကျွန်တော်တို့ဟာ တစ်ဦးတစ်ယောက်ချင်းစီကပဲ စတင်ရမှာပါ။ ပြီးတော့ ထင်မရာမဆိုင်းတဲ့၊  အုပ်စုတစ်စုထက် အခြားအုပ်စုတစ်စုအပေါ် ဦးစားပေးခြင်းကို အခြေခံမထားတဲ့ မျှတတဲ့ဥပဒေတွေကို ပြဌာန်းပေးရာမှာ အစိုးရက အဓိကအခန်းကဏ္ဍက ပါဝင်တယ်ဆိုတာကလည်း အရေးကြီးတဲ့ အချက်ပါပဲ။

ဒါပေမယ့် အမှန်တရားကတော့ ကျွန်တော်တို့တစ်ယောက်ချင်းစီဟာ သည်းခံမှု၊ အပြန်အလှန်နားလည်မှုဆိုတဲ့ စိတ်သဘောထားအပြုအမူတွေကို မွေးမြူရပါမယ်။ လူငယ်တွေအတွက် ကျွန်တော်တို့ဟာ တစ်ယောက်နဲ့တစ်ယောက် သည်းခံဖို့၊ လေးစားဖို့ဆိုတာတွေကို အားပေးဖို့ ကြိုးစားရမယ်။ အမေရိကန်သမိုင်းကြောင်းမှာ ထင်ထင်ရှားရှားရှိခဲ့ပြီး အကြီးမားဆုံး ပြဿနာကတော့ လူမျိုးရေးခွဲခြားမှုပါပဲ။ ဒီလူမျိုးရေးခွဲခြားမှုကို ကျော်လွှားဖို့ ကျွန်တော်တို့ရဲ့ ကြိုးစားမှုမှာ “ပြည်သူ့အခွင့်အရေးဥပဒေ” “ဆန္ဒမဲပေးခွင့် ဥပဒေ” ပြဌာန်းတာမျိုးတွေ ပါဝင်ပြီး၊ လူမျိုးရေးခွဲခြားမှုကိုဆန့်ကျင်တဲ့ ချီတက်ဆန္ဒပြမှုတွေ၊ ဒေါက်တာ မာတင်လူသာကင်းလို ဦးဆောင်တဲ့သူတွေလည်း လိုအပ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအားထုတ်မှုတွေထဲမှာ ပြည်သူတွေရဲ့ နှလုံးသားနဲ့ စိတ်ဓာတ်တွေကို ပြောင်းလဲတာ၊ အခြားလူတစ်ယောက် မိမိနဲ့ မတူညီတာဟာ လေးစားမှုနဲ့ မထိုက်တန်ဘူးလို့ ဆိုလိုတာမဟုတ်ဘူးဆိုတာကို အသိတရားရအောင် လုပ်တာတွေလည်း ပါဝင်ပါတယ်။

ခင်ဗျားတို့အရွယ်ရောက်လာလို့ ခင်ဗျားတို့ရဲ့ သူငယ်ချင်းတစ်ယောက်ဟာ သူနဲ့ မတူညီတဲ့ အခြားလူတစ်ယောက်ကို ရိုင်းစိုင်းတဲ့အမည်၊ နှိမ့်ချတဲ့ အမည်နဲ့ခေါ်တာကိုတွေ့ရင် ဒီလိုအပြုအမူဟာ မှန်ကန်တဲ့အပြုအမူ မဟုတ်ဘူးလို့ ပြောရမှာက ခင်ဗျားတို့ရဲ့ အလုပ်ပါ။ တစ်ကယ်လို့ ခင်ဗျားဟာ ခရစ်ယာန်ဖြစ်ပြီး ခင်ဗျားရဲ့သူငယ်ချင်းထဲမှာ “မွတ်စလင်ကိုမုန်းတယ်ကွာ” လို့ပြောတဲ့သူရှိရင် အဲဒီသူကို “မင်းသိလား။ ငါကတော့ ဒါမျိုးကို လက်မခံဘူး။ ဒါဟာ မှားယွင်းတဲ့ စိတ်နေသဘောထားပဲ။ ငါကတော့ မွတ်စလင်လူ့အဖွဲ့အစည်းကို လေးစားရမယ်လို့မြင်တယ်” လို့ ပြောရမှာ ခင်ဗျားရဲ့ တာဝန်ပါပဲ။ တကယ်လို့ခင်ဗျားဟာ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ပြီး ခင်ဗျားတို့ထဲက တစ်ယောက်ဟာ “ငါကတော့ ဟိန္ဒူတွေကို တစ်မျိုးဆက်ဆံချင်တယ်” လို့ပြောလာရင်လည်း ဒါကိုတုံ့ပြန်ဖို့က ခင်ဗျားတို့ရဲ့ အလုပ်ပါပဲ။ ဒါ့ကြောင့် ခင်ဗျားတို့အတွက် အရေးအကြီးဆုံးလို့ ကျွန်တော်ထင်တဲ့အချက်က ဘယ်လိုလွှမ်းမိုးမှုမျိုးထဲမှာပဲ ခင်ဗျားဟာရှိနေပါစေ- သည်းခံမှု၊ မတူကွဲပြားမှုနဲ့အတူ ယှဉ်တွဲနေထိုင်နိုင်မှု၊ လေးစားမှုအကြောင်းတွေကိုသာ တုံ့ပြန်ပြောဆိုကြပါ။

တစ်ကယ်လို့ ခင်ဗျားဟာ ရေငုံနှုတ်ပိတ်နေမယ်ဆိုရင် သည်းခံစိတ်မရှိတဲ့သူတွေဟာ နေရာ ရသွားပြီး ပြောချင်တာတွေ ပြောကြ ပါလိ့မ်မယ်။ နောက်ပြီး ခေါင်းဆောင်မှုပိုင်းမှာ လိုအပ်နေတဲ့ အချက်တွေထဲက တစ်ချက်ကတော့ သက်တောင့်သက်သာ မရှိတဲ့အခါမျိုး၊ လူကြိုက်မများတဲ့ အခါမျိုးမှာတောင် ဒါတွေကို ပြောထွက်ဖို့ပါပဲ။ ခင်ဗျားတို့အနေနဲ့ လွှမ်းမိုးမှုပိုရှိလာတဲ့အခါ ဒီတန်ဖိုးတွေနဲ့ပတ်သက်ပြိး ဆက်လက်ပြောဆိုလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။
…………………

15787749951_4a697c4036_z
မေး။ ။ အမျိုးသား identity လိုမျိုး ဒါမှမဟုတ် မြန်မာ identity လိုမျိုး မတူဘူးပေါ့လေ- ကျွန်တော်တို့ တိုင်းပြည်မှာ ခိုင်မာတဲ့ identity ကို ဘယ်လိုဖန်တီးမလဲဆိုတာနဲ့ပတ်သက်ပြီး သမ္မတကြီးရဲ့ သဘောထားအမြင်ကို သိပါရစေ။

အိုဘားမား။ ။ သိပ်ကောင်းတဲ့မေးခွန်းပါပဲ။ ဟုတ်ပါတယ်။ အရပ်ဖက်အဖွဲ့တွေနဲ့ တွေ့တဲ့အခါ ဒါနဲ့ပတ်သက်ပြီး ကျွန်တော် ပြောခဲ့ပါသေးတယ်။ ဘာ့ကြောင့်လည်း ဆိုတော့ အပစ်ရပ်ရေးနဲ့ အချိန်အတော်ကြာဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေအတွက် တိုင်းရင်းသားအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ကျွန်တော်တို့ အလွန် အားပေးထောက်ခံတာကြောင့်ပါ။ နောက်ပြီး ရခိုင်ပြည်နယ်က မွတ်စလင်ပြည်သူတွေ ရင်ဆိုင်နေရတဲ့ ပြဿနာအချို့နဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ ပြောဆိုဆွေးနွေးပြီးပါပြီ။

ဒါပေမယ့် အရပ်ဖက်အဖွဲ့တွေကို ကျွန်တော်ပြောခဲ့တာက- လူမျိုးစုတွေဟာ ခွဲခြားခံရမှုကနေ အကာအကွယ်ရဖို့ အရေးကြီးတယ် ဆိုတာပါပဲ။ ဒီမိုကရေစီစနစ်မှာ လူမျိုးစုတွေဟာ အာဏာဝန်းအ၀ိုင်းအတွင်း ၀င်ဆံ့ဖို့ သူတို့ကြားထဲမှာ အဖွဲ့တွေဖွဲ့ကြတာ သဘာဝပါပဲ။ ဥပမာအားဖြင့် အမေရိကန်မှာဆိုရင်လည်း ဒီမိုကရေစီ ထွန်းကားလာတဲ့အခါ မြို့ကြီးတွေမှာရှိတဲ့ အိုင်းရစ်ရှ်လူမျိုးတွေဟာ အတူတကွ ပါဝင်လာကြပြီး အဖွဲ့အစည်းတွေ တည်ထောင်ကြပါတယ်။ အိုင်းရစ်ရှ်အမေရိကန်တွေရဲ့ အကျိုးကို သူတို့မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။ ပြီးတော့ အာဖရိကန်-အမေရိကန်တွေ- သူတို့ဟာ လွတ်လပ်မှုကိုရှာဖွေတဲ့အခါ NAACP လို အသင်းအဖွဲ့တွေ ပေါ်လာပြီး အာဖရိကန်-အမေရိကန်တွေရဲ့ အကျိုးကို မြှင့်တင်ပေးခဲ့ကြပါတယ်။ ဒါ့ကြောင့် လူမျိုးစု identity၊ စီးပွားရေး အကျိုးအမြတ်၊ ဒါမှမဟုတ် ဒေသတွင်းပြဿနာတွေကို အခြေပြုပြီး လူမျိုးစုတွေ အသင်းအဖွဲ့တွေဖွဲ့ကြတာ မှားယွင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒီမိုကရေစီသဘာဝကိုက ဒီလိုပဲ သွားရတာပါ။ ခင်ဗျားတို့ရဲ့ စိုးရိမ်ပူပန်မှုတွေ၊ ပြဿနာတွေကို အခြားသူတွေကို ကြားသိအောင်လုပ်ဖို့ ခင်ဗျားနဲ့ အယူအဆတူသူ ဒါမှမဟုတ် ခင်ဗျားတို့ကို ကြိုက်နှစ်သက်သူနဲ့ ပေါင်းကြပါတယ်။

ဒါပေမယ့် ဒီမိုကရေစီအတွက် အရေးအကြီးဆုံးက ပြည်သူတွေကို အမှတ်သညာပြုရာမှာ အမျိုးသား identity ပဲဖြစ်ရမယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ နယူးယောက်က လမ်းတွေပေါ်မှာ ခင်ဗျားလျှောက်သွားကြည့်တဲ့အခါ ဒီမှာရှိနေတဲ့ အုပ်စုနဲ့ တော်တော်လေးကွဲပြားတဲ့ လူတွေကို ခင်ဗျားတို့ တွေ့ရမှာပါ။ မျက်လုံးပြာနဲ့ ရွှေရောင် ဆံပင်ရှိသူတွေ၊ အသားမည်းတဲ့ လူမည်းတွေ၊ အာရှသားတွေ၊ မွတ်စလင်တွေ- ခင်ဗျားတို့ တွေ့ရမှာပါ – ဒါပေမယ့် “မင်းတို့က ဘာတွေလဲ” လို့ ခင်ဗျားတို့ ဘယ်သူ့ကိုမေးမေး- သူတို့က “ငါတို့အမေရိကန်တွေ” လို့ ဖြေကြပါလိ့မ်မယ်။

အခု ကျွန်တော်ဟာ အာဖရိကန်-အမေရိကန် ဖြစ်ကောင်းဖြစ်မယ်။ ဒါမှမဟုတ် အာရှ-အမေရိကန်၊ အိုင်းရစ်ရှ်-အမေရိကန် စသဖြင့် ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် ပထမဆုံးကျွန်တော် ပြောမှာကတော့- အမေရိကန်တစ်ယောက် ဖြစ်တယ်ဆိုတာပါပဲ။

တကယ်လို့များ ခင်ဗျားတို့မှာ ဒီလို အမျိုးသားသွေးစည်းညီညွတ်မှုမျိုး မရှိဘူးဆိုရင်- နိုင်ငံတစ်နိုင်ငံ အောင်မြင်ဖို့ဆိုတာ သိပ်ခက်ခဲသွားမှာပါ။ အထူးသဖြင် မြန်မာနိုင်ငံလို့ နိုင်ငံလေးပေါ့ဗျာ။ တကယ်လို့ လူတွေဟာ “အမျိုးသား identity” အရင် “လူမျိုးစု identity” ကို စဉ်းစားကြမယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ တိုင်းပြည်ဟာ ပြိုကွဲသွားပြီး ဒီမိုကရေစီကလည်း အလုပ်ဖြစ်မှာ မဟုတ်တော့ပါဘူး။ ဒါ့ကြောင့် ဘုံရည်ရွယ်ချက်တစ်ခုတော့ ရှိရပါမယ်။

ဒါ့ပေမယ် တိုင်းရင်းသားလူနည်းစုတွေဟာ စောဒက တက်ကောင်းတက်နိုင်တာကြောင့် လူနည်းစုတွေ စောဒက မတက်နဲ့လို့ ပြောဖို့အတွက် ဒီရည်ရွယ်ချက်ဟာ လူများစုတွေရဲ့ဆင်ခြေတော့ မဖြစ်ရပါဘူး။ တကယ်လို့များ လူနည်းစုတွေထဲက တစ်ယောက်ယောက်ဟာ မျှတစွာ ဆက်ဆံမခံရဘူးဆိုရင် နိုင်ငံကို ဆိုးရွားစွာ ထိခိုက်တာကြောင့် လူများစုတွေ အရေးတကြီး လုပ်ရမယ့်အပိုင်းက ခင်ဗျားတို့ဟာ လူနည်းစုတွေကိုလည်း စိုးရိမ်တယ်လို့သဘောသက်ရောက်စေတဲ့ “အမျိုးသား identity” ဖော်ထုတ်ဖို့ပါပဲ။

လူမည်းနိုင်ငံသားတွေ မျှတစွာ ဆက်ဆံမခံရမချင်း အမေရိကန်ရဲ့ အလားအလာဟာ ကောင်းလာနိုင်မှာ မဟုတ်ပါဘူး။ အချက်တစ်ချက်ကို ပြောရရင်- အမေရိကန်ပြည်သူအားလုံး မဲမပေးနိုင်ခဲ့တဲ့အချိန် ဒါမှမဟုတ် ဥပဒေအရ ကာကွယ်မှု မရခဲ့တဲ့အချိန်ဟာ အမေရိကန်အတွက် အစွန်းအထင်း ဖြစ်ခဲ့ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ လွတ်လပ်ရေးကြေညာစာတမ်း၊ အခြေခံဥပဒေနဲ့ တရားဥပဒေစိုးမိုးရေးတွေ အာလုံးမှာ ဒါမျိုး ဖြစ်ခဲ့တာကြောင့်ပါ။

လူ့အခွင့်အရေးလှုပ်ရှားမှုတွေ အမေရိကန်မှာဖြစ်လာတဲ့အခါ အာဖရိကန်-အမေရိကန်တွေအတွက် အောင်မြင်မှုသာမဟုတ်ဘဲ တစ်နိုင်ငံလုံးဟာ လူတိုင်းအတွက် သက်ဆိုင်တော့မှာဖြစ်တာကြောင့် ဒါဟာ အမေရိကန် တစ်နိုင်ငံလုံးရဲ့ အောင်မြင်မှုပါပဲ။ လူတစ်ချို့အတွက် အောင်မြင်မှု မဟုတ်ပါဘူး။ ပြီးတော့ လူနည်းစုတွေကို မျှတစေတဲ့ အမေရိကန်ရဲ့ “အမျိုးသား identity” အတွက် အောင်မြင်မှုလည်း ဖြစ်ပါတယ်။

မြန်မာအပါအ၀င် အာဆီယံနိုင်ငံတွေဟာ ဒီပြသနာတွေနဲ့ ပတ်သက်ပြီး စဉ်းစားဖို့လိုမယ်လို့ ကျွန်တော်ထင်ပါတယ်။ လူသားတွေရဲ့ မတူညီမှုတွေကို ခင်ဗျားတို့ လေးစားဖို့လိုပါတယ်။ ခွဲခြားဆက်ဆံခံရနိုင်တဲ့ လူနည်းစုတွေရဲ့ နစ်နာမှုတွေကိုလည်း ခင်ဗျားတို့ အလေးထားဖို့ လိုပါတယ်။ ဒါပေမယ့် လူများစုနဲ့ လူနည်းစုတွေ၊ အာဏာရှိသူ အာဏာမဲ့သူတွေ အားလုံးဟာ တိုင်းပြည်အောင်မြင်ဖို့အတွက် “အမျိုးသား identity” နဲ့ ပတ်သက်ပြီး အာရုံရှိဖို့ လိုအပ်ပါတယ်။
—————————————

15604454767_28f8d4be88_z
မေး။ ။ ကျွန်မဟာ ကချင်-ဗမာ ကပြားပါ။ အာဆီယံအကြောင်းနဲ့ ပတ်သက်ပြီး မေးချင်ပါတယ်။ အဆီယံနိုင်ငံတွေမှာ မတူညီတဲ့ နိုင်ငံရေးစနစ်တွေနဲ့ ခြားနားတဲ့ ဒီမိုကရက်တစ် လွတ်လပ်ခွင့်တွေ ရှိနေပါတယ်။ ဒီလိုခြားနားမှုတွေက အာဆီယံနိုင်ငံတွေ ပေါင်းစည်းမှုအတွက် စိန်ခေါ်မှုတွေ ဖြစ်မယ်လို့ သမ္မတကြီးထင်ပါသလား။ အာဆီယံနိုင်ငံတွေအားလုံး ပေါင်းစည်းဖို့အတွက် တွန်းအားပေးဖို့ အချိန်ကောင်းလို့ ထင်ပါသလား။ ကျေးဇူးတင်ပါတယ်။

ဘိုဘားမား။    ။ အာဆီယံ ၁၀ နိုင်ငံရှိတဲ့အထဲက- ကျွန်တော်ဟာ အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အဲဒီနိုင်ငံက ခေါင်းဆောင် အားလုံးနဲ့ တွေ့ဆုံခွင့် ရခဲ့ပါတယ်။ သတင်းကောင်းတစ်ခုက အာဆီယံဟာ အဖွဲ့ဝင်နိုင်ငံတွေ ပေါင်းစည်းမှု၊ ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး၊ ပြည်သူ့ကျန်းမာရေး၊ အဏ္ဏ၀ါလုံခြုံရေး၊ ပညာရေးတိုးတက်မှု စတဲ့ကဏ္ဍတွေ တိုးမြှင့်ဆောင်ရွက်ရေး ကြိုစားရာမှာ လွန်ခဲ့တဲ့နှစ်များအတွင်း ပိုပြီး ရည်ရွယ်ချက်ကြီးမားလာပါတယ်။ ပြီးတော့ အာဆီယံနိုင်ငံတွေ ပိုမို ပေါင်းစည်းမှုဟာ မလွဲမသွေဖြစ်လာမယ်လို့ ကျွန်တော်ထင်ပါတယ်။

ဒီလိုပေါင်းစည်းခြင်းကို အားပေးခြင်းအားဖြင့် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတို့နဲ့ ပတ်သက်ပြီး ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နေတဲ့ နိုင်ငံတွေဟာ အဲဒီလို မှတ်တမ်းကောင်းတွေမရှိတဲ့ နိုင်ငံတွေကို တွဲခေါ်တဲ့နေရာမှာ အပြုသဘောဆောင်တဲ့ လွှမ်မိုးမှုတွေ ရှိလာမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော် ထင်သလို ဖြစ်လာတာကိုလည်း ကျွန်တော်တို့ တွေ့မြင်ခဲ့ပြီးပါပြီ။ ကျွန်တော် ပထမဆုံး သမ္မတတာဝန် စယူတဲ့အခါ မြန်မာနိုင်ငံဟာ အာဏာရှင်စနစ်အောက်မှာ ရှိနေတုန်းပါပဲ။ ပြီးတော့ ကျွန်တော့်အနေနဲ့ အာဆီယံအစည်းဝေးတွေမှာ ပါဝင်ဖို့နဲ့ပတ်သက်ပြီး အငြင်းပွားစရာအချို့ ရှိခဲ့ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ လွတ်လပ်မှု မရှိလို့ပါ။ နောက်ပိုင်းမှာ ပွင့်လင်းတဲ့လူ့အဖွဲ့အစည်းအတွေဟာ ဘယ်လိုပိုမိုအောင်မြင်လာလဲဆိုတာ သမ္မတဦးသိန်းစိန် စမြင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါဟာ အပြုသဘောဆောင်တဲ့ လွှမ်းမိုးမှုပါပဲ။ အာဆီယံအဖွဲ့မှာ သူ့ရဲ့ ပါဝင်ခြင်းဟာ မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် စတင်ဖို့ လမ်းဖွင့်ပေးရာမှာ၊ ဆောင်ရွက်ရာမှာ အပြုသဘောဆောင်တဲ့ လွှမ်းမိုးမှုတွေ ရှိခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။

နောက်တစ်ခုက ပွင့်လင်းမှုနည်းတဲ့ ဒီမိုကရက်တစ်မဆန်တဲ့ တိုင်းပြည်တွေနဲ့ ကျွန်တော်တို့ စေ့စပ်ဆောင်ရွက်ရာမှာ ဘယ်နေရာတွေက နောက်ပြန်ရောက်နေသလဲ၊ ဘယ်ဟာတွေကတော့ ကျဆင်းနေသလဲ စသဖြင့် ကျွန်တော်တို့ဟာ အပြုသဘောဆောင်တဲ့ ဝေဖန်မှုမျိုးတွေကို ဆက်လက်ပေးအပ်သွားဖို့ အရေးကြီးပါတယ်။ တစ်ခါတစ်ရံမှာတော့ ဒါမျိုးလုပ်ဖို့ ခက်ပါတယ်။ အာဆီယံက ခေါင်းဆောင်အများစုဟာ တစ်ယောက်နဲ့တစ်ယောက် ဝေဖန်စောကြောတာကို မကြိုက်ကြဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒါမျိုးဟာ သူတို့ကို မလေးစားရာရောက်တယ်လို့ ထင်လို့ပါ။ ဘယ်တိုင်းပြည်မှ ပြည့်စုံတယ်ဆိုတာ မရှိဘူး။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ အခြားတိုင်းပြည်ကို ဝေဖန်လိုက်ရင် သူတို့ကလည်း ကိုယ့်ကို ပြန်ဝေဖန်မှာ သူတို့စိုးရိမ်ကြပါတယ်။

ဒါပေမယ့် ကျွန်တော်တို့အတွက် ရည်ရွယ်ချက်ပန်းတိုင်ဟာ နေ့စဉ်နေ့တိုင်း ပြည်သူတွေကိုယ်စား ကျွန်တော်တို့ လုပ်နေတာတွေကို တိုးတက်အောင်ကြိုစား ဖို့ပဲ ဖြစ်သင့်ပါတယ်။ အမေရိကန်ပြည်ထောင်စုအတွက် ကျွန်တော် အရမ်းဂုဏ်ယူပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာကြီးအတွက် ကောင်းမွန်တဲ့အင်အားလို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါပေမယ့် တကယ်လို့များ ကျွန်တော်တို့ရဲ့ ပေါ်လစီတွေအတွက် ဝေဖန်မှုကို ကျွန်တော် နားမထောင်ဘူးဆိုရင်၊ အခြားတိုင်းပြည်တွေက ကျွန်တော်တို့နဲ့ ပတ်သက်ပြီး ပြောတာတွေကို ဖွင့်မထားဘူးဆိုရင် ကျွန်တော်ဟာ သမ္မတကောင်းတစ်ယောက် ဖြစ်မှာ မဟုတ်တော့ပါဘူး။ တစ်ခါတစ်ရံမှာ ဒီလိုဝေဖန်မှုများတွေဟာ မမျှတဘူးလို့ ကျွန်တော်ထင်ပါတယ်။ အမေရိကန်ဟာ အလုပ်တွေအများကြီး လုပ်နေတာကြောင့် လူတွေက ကျွန်တော်တို့ကို စောဒက တက်ချင်ကြတယ်လို့ ကျွန်တော်ထင်ပါတယ်။ တစ်ခါတစ်လေ သူတို့ဟာ နည်းနည်းပဲလုပ်တာကြောင့် များများလုပ်တဲ့ ကျွန်တော်တို့ကို စောဒကတက်ပါတယ်။ ကမ္ဘာတစ်ဝှမ်းက ပြဿနာတိုင်းနဲ့ ပတ်သက်ပြီး အမေရိကန်က ဘာကြောင့် တစ်ခုခုလုပ်မပေးတာလဲ ဆိုတာမျိုးပေါ့။ တစ်ခါတစ်ရံမှာ ကိုယ့်ကိစ္စကို ကိုယ်တိုင်တာဝန်မယူတဲ့ နိုင်ငံတွေလည်း ရှိပါသေးတယ်။ သူတို့က ကျွန်တော်တို့ကို ဖြေရှင်းစေချင်တယ်။ အဲဒီလို ကျွန်တော်တို့က ဖြေရှင်းပြီဆိုရင် “မင်းတို့က ငါတို့ကိစ္စကို ဘာ့ကြောင့် ကြားဝင်တာလဲ” လို့ ပြောကြပါတယ်။ ဟုတ်ပါတယ်။ ဒါမျိုးတွေကျတော့လည်း တစ်ခါတစ်ရံမှာ စိတ်ညစ်ရပါတယ်။

ဒါပေမယ့် ဒီလိုဝေဖန်မှုမျိုးတွေကို လက်ခံရယူနေတဲ့အချက်က ကျွန်တော်တို့ဟာ အမြဲမပြတ် တွေးတောနေတယ်လို့ ဆိုလိုတာပါ။ ဟုတ်ပါပြီ။ ဒီပေါ်လစီကို ကျွန်တော်တို့ ဘယ်လိုချမှတ်သင့်လဲ? တိုင်းပြည်ကို လူတစ်စုက အုပ်စိုးထားပြီး၊ ပေးသမျှဟာ ပြည်သူတွေဆီ မရောက်တဲ့ နိုင်ငံမျိုးကို ကျွန်တော်တို့ အကူအညီတွေပေးနေတာ မှန်သလား? ဖိနှိပ်ချုပ်ချယ်မှုတွေ ဆက်လက်လုပ်ကောင်းလုပ်နိုင်တဲ့ စစ်တပ်ကို ပရော်ဖက်ရှင်နယ်ပီသအောင် ကျွန်တော်တို့ လေ့ကျင့်ပေးနေတာတွေကရော မှန်ကန်ရဲ့လား? စသဖြင့်ပေါ့။ တကယ်လို့ ကျွန်တော်တို့ဟာ ဒီလိုဝေဖန်မှုမျိုးတွေကို ဖွင့်မပေးထားရင် ကျွန်တော်တို့ ပိုကောင်းအောင် လုပ်နိုင်မှာမဟုတ်သလို၊ တိုးတက်အောင် လုပ်နိုင်မှာလည်း မဟုတ်ပါဘူး။

ကျွန်တော်တို့အားလုံးဟာ ပိုကောင်းအောင် ကြိုးစားလုပ်ဆောင်တဲ့နေရာမှာ စိတ်ဝင်စားသင့်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ထဲက ဘယ်သူမှ၊ ဘယ်တိုင်းပြည်မှ ပြည့်စုံမနေလို့ပါပဲ။ ဒါ့ကြောင့် အာဆီယံဟာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ဖို့ အခွင့်အလမ်းတစ်ခု ရှိနေပါတယ်။ ဒါပေမယ့် အခုခေတ်စီးပွားရေးသဘာဝကြောင့် အာဆီယံနိုင်ငံတွေ ပေါင်းစည်းခြင်းဟာ မလွဲမသွေဖြစ်လာမှာပါ။ ခရီးတွေသွားကြတယ်။ အင်တာနက်တွေသုံးကြတယ်။ စမတ်ဖုန်းတွေလည်း များလာတယ်။ ကျွန်တော်ဒီကို ကားနဲ့လာတုန်းက လူထိုင်း ဖုန်းကိုင်ထားတာ တွေ့တယ်။ ကျွန်တော် လူတစ်သိုက်ကိုတွေ့တော့ သူတို့မှာ အင်္ကျီမရှိဘူး။ ဒါပေမယ့် စမတ်ဖုန်းတွေ ကိုင်ထားကြတယ်။ ဒါက ဘာကိုပြသလဲဆိုတော့ ဒီနေ့ခတ် ပစ္စည်းထုတ်လုပ်မှုအများဆုံးမှာ အစိတ်အပိုင်းတွေဟာ နိုင်ငံ ငါးနိုင်ငံလောက်ကနေ လာကြပြီး ပေါင်းစည်းတပ်ဆင်လိုက်ကြတာပါ။ ပြီးတော့ တစ်ကမ္ဘာလုံးကို ရောင်းကြပါတယ်။ ဒါ့ကြောင့် ဘာတွေပဲဖြစ်နေဖြစ်နေ ပေါင်းစည်းမှုဆိုတာ ဖြစ်လာတော့မှာပါ။ အဲဒီမှာ မေးခွန်းက လွတ်လပ်မှုတွေ၊ အခွင့်အလမ်းတွေ တိုးပွားနေတဲ့ မြင့်မားတဲ့ အဆင့်မှာ ပေါင်းစည်းကြမလား? ဒါမှမဟုတ် လွတ်လပ်မှုနဲ့ အခွင့်အလမ်းနည်းပါးတဲ့ နိမ့်ပါးတဲ့အဆင့်မှာ ပေါင်းစည်းကြမလား? ဆိုတာပါပဲ။ ကျွန်တော်ကတော့ မြင့်မားတဲ့အဆင့်မှာ ပေါင်းစည်းကြမယ်လို့ ယုံကြည်ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံအများစုက ဒီလိုပဲလုပ်ကြမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။

——————————————————————–

U.S. President Barack Obama speaks at the Young Southeast Asian Leaders Initiative town hall in Yangon 2
မေး။    ။ ဟဲလို။ သမ္မတကြီးခင်ဗျား။ ကျွန်တော့်နာမည်ကတော့ () ဖြစ်ပါတယ်။ ကျွန်တော်က ဥပဒေပညာရပ်ကို လေ့လာဆည်းပူးနေတာပါ။ ကျွန်တော်မေးချင်တာက အခု ကျွန်တ်ာတို့ဟာ ဒီမိုကရက်တစ် အကူးအပြောင်းကာလမှာ ရှိနေပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့တိုင်းပြည်ဟာ ကဏ္ဍတိုင်းမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တကယ်လို့များ သမ္မတကြီးသာ ကျွန်တော်တို့နိုင်ငံရဲ့ သမ္မတဖြစ်ရင် (ရယ်သံများ၊ လက်ခုပ်သံများ) ဘယ်ကဏ္ဍကို အလေးထားဆောင်ရွက်သွားမလဲ? ပြီးတော့ ကျွန်တော်တို့တိုင်းပြည် ဖွံဖြိုးတိုးတက်အောင် ဘယ်လိုဆောင်ရွက်မလဲ? ကျေးဇူးတင်ပါတယ်။

အိုဘားမား။    ။ ကောင်းပါပြီ။ ပြောရမယ်ဆိုရင် ကျွန်တော်ဟာ သူများနိုင်ငံမှာတော့ အမြဲတမ်းလူကြိုက်များပါတယ်။ (ရယ်သံများ) ကိုယ့်နိုင်ငံကိုယ် ပြန်ရောက်ရင်တော့ လူတိုင်းက စောဒက တက်ကြတာပါပဲ။ ခင်ဗျားမှန်တယ်လို့ ကျွန်တော်ထင်ပါတယ်။ မြန်မာနိုင်ငံမှာ စိန်ခေါ်မှုတွေ အများကြီးရှိနေပါတယ်။ အခုလက်ရှိ အရေးအကြီးဆုံး စိန်ခေါ်မှုကတော့ ဒီမိုကရေစီ အကူးအပြောင်းကာလကို ပြည့်စုံအောင်ဆောင်ရွက်ခြင်းလို့ ကျွန်တော်ထင်ပါတယ်။ ဒါ့ကြောင့် ကျွန်တော့်ရဲ့ ပထမဆုံး အလေးထားလုပ်ဆောင်မှုကတော့ လူတွေအများကြီး ပြောနေကြတဲ့ ကိစ္စပဲ ဖြစ်မယ်လို့ ထင်ပါတယ်။

နံပါတ် ၁ အနေနဲ့ လာမယ့်နှစ်မှာ ရွေးကောက်ပွဲ ကျင်းပဖို့လိုတယ်။ အချိန်ဆွဲလို့တော့ မဖြစ်ပါဘူး။ နံပါတ် ၂ က ပြည့်ဝတဲ့ အရပ်သားအစိုးရဖြစ်စေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း ဖြစ်ပါတယ်။ နံပါတ် ၃ အချက်ကတော့ စာနယ်ဇင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာပြောဆိုခွင့်၊ နိုင်ငံရေးအသင်းအဖွဲ့တွေ လွတ်လပ်စွာဖွဲ့စည်းခွင့်ကို ကာကွယ်ပေးမယ့် ဥပဒေတွေ ပြဌာန်းခြင်း ဖြစ်ပါတယ်။

တကယ်လို့များ ဒီလုပ်ငန်းစဉ်တွေကို လုပ်ဆောင်ပြီး အတည်တကျဖြစ်ပြီဆိုရင်တော့ အခြားသော စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့အတွက် နည်းလမ်းတွေရမယ်လို့ ကျွန်တော်ထင်ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ဒီမိုကရေစီ ရပြီဆိုရင် မလွဲမသွေ နောက်ထပ် အလေးထား လုပ်ဆောင်ရာမှာက စီးပွားရေးအခွင့်အလမ်း ဖော်ဆောင်ပေးဖို့ပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ မြန်မာနိုင်ငံဟာ အင်မတန်ဆင်းရဲတဲ့ နိုင်ငံဖြစ်လို့ပါ။ ၂၁ ရာစုမှာ ကျွန်တော်တို့သိထားရမှာက စီးပွားရေးအခွင့်အလမ်းအတွက် အရေးအကြီးဆုံး နည်းလလမ်းတွေကတော့ လူငယ်တွေကို ကောင်းမွန်တဲ့ပညာရေး ရရှိအောင် လုပ်ပေးဖို့ပါပဲ။ နောက်ပြီး ကျွန်တော်နားလည်ထားတာက မြန်မာနိုင်ငံက ပညာရေးစနစ်ဟာ နိမ့်ကျနေတုန်းပါပဲ။ ခင်ဗျားတို့အားလုံးဟာ မြန်မာနိုင်ငံက အတော်ဆုံးကျောင်းသားတွေကို ကိုယ်စားပြုတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ကျောင်းမရှိတဲ့ရွာတွေ အများကြီးရှိနေတုန်းပါပဲ။ နောက်ပြီး လက်တွေ့မှာ ဆိုရင်လည်း ကျောင်းတွေဟာ ပြဿနာတွေ ကို ဘယ်လို ဝေဖန်ပိုင်းခြားမလဲ ဆိုတာထက် သင်ခန်းစာတွေကို ဘယ်လို အလွတ်ကျက်မလဲဆိုတာကိုပဲ သင်ပေးနေကြတုန်းလို့ ကျွန်တော်သိရပါတယ်။

ဒီလိုအခြေအနေအမျိုးရှိတဲ့ နိုင်ငံတိုင်းဟာ အောင်မြင်ချင်တယ်ဆိုရင်တေ့ လူငယ်တွေအတွက် လွတ်လပ်ပြီး မသင်မနေရ ပညာရေးစနစ်ကို ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့တွေဟာ အခြေခံကျွမ်းကျင်မှုတွေမရှိရှင် မအောင်မြင်နိုင်တာကြောင့်ပါပဲ။ သူတို့ ဖတ်မှတ်နိုင်ရမယ်။ တွက်ချက်နိုင်ရမယ်။ ကွန်ပျူတာနဲ့ ရင်းနှီးသင့်သလောက် ရင်းနှီးရမယ်။ သိပံ္ပရဲ့ အခြေခံစည်းမျဉ်းတွေကို သူတို့ နားလည်ရမယ်။ တကယ်လို့ သူတို့မှာ ဒီလို အခြေခံနည်းစနစ်တွေ မရှိဘူးဆိုရင် ဒီနေ့ခေတ်စီးပွားရေးလောကမှာ သင့်တော်တဲ့အလုပ်တစ်ခုရဖို့ တော်တော့ကို မလွယ်ပါဘူး။

အခုလက်ရှိမှာ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ဆောင်နေတုန်း ဖြစ်တာကြောင့် လယ်ယာပြုပြင်ပြောင်းလဲရေး၊ လယ်ယာထွက်ကုန်တွေ တိုးတက်ဖို့ ဆောင်ရွက်ခြင်း စတဲ့ကိစ္စတွေဟာလည်း ချက်ချင်းလက်ငင်း လုပ်ဆောင်ရမယ့် ပြဿနာတွေပါပဲ။ ဒါတွေဟာ မြန်မာနိုင်ငံတစ်နိုင်ငံတည်း လုပ်ရမယ့်ကိစ္စတွေ မဟုတ်ပါဘူး။ ဆင်းရဲတဲ့နိုင်ငံတွေအားလုံး ယေဘုယျအားဖြင့် လုပ်ရမယ့် ကိစ္စတွေပါ။ ဥပမာအားဖြင့် အာဖရိကမှာဆိုရင် “Feed the Future” အစီအစဉ်ကို ကျွန်တော်တို့ စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ လယ်သမားတွေရဲ့ ထုတ်လုပ်နိုင်စွမ်းကို တိုးတက်စေဖို့ပါပဲ။ ဆင်းရဲတဲ့နိုင်ငံအများစုက လယ်သမားတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ လောက်က သုံးခဲ့တဲ့ နည်းပညာတွေကို သုံးနေရတုန်းပါပဲ။ နွားတွေ၊ ကျွဲတွေကို သုံးနေရတုန်းပဲ။ မိုးရာသီကို စောင့်နေရတုန်းပဲ။ ပြီးတော့ တစ်ခါတစ်ရံမှာဆိုရင် လုံးဝဈေးမကြီးတဲ့ နည်းပညာအသစ်တွေ- အဲဒါတွေကို သူတို့ နည်းမှန်လမ်းမှန် အသုံးပြုရမယ့် ပြဿနာတွေပါ။

တကယ်လို့ ခင်ဗျားတို့ဟာ လယ်တစ်ကွက်မှာ နှစ်ဆအထွက်တိုးမယ်ဆိုရင် မြန်မာလိုနိုင်ငံမျိုးက လယ်သမားတွေရဲ့ဝင်ငွေဟာ နှစ်ဆတိုးလာမှာပါ။ ချက်ချင်းပဲ ကြွယ်ဝမှုတိုးလာမယ်။ ဒါက လူတွေဟာ အခုအချိန်မှာ စီးပွားရေးလုပ်ငန်းအသစ်ကို စတင်နိုင်မယ်ဆိုတဲ့ သဘောပါပဲ။ အဲဒီလိုရတဲ့ အကျိုးအမြတ်တွေထဲက နည်းနည်းယူပြီး အဲဒီလယ်သမားတွေဟာ လယ်ထွန်စက်ဝယ်နိုင်ပါပြီ။ ဒါမှမဟုတ် သူတို့ ထုတ်လုပ်တဲ့ စပါးကို စီမံပြုပြင်နိုင်ပြီး- ဒါဆိုရင် ဈေးကောင်းလည်း ရနိုင်ပါပြီ။ ဒါမှ မဟုတ်ရင်တော့ သူတို့တွေဟာ စမတ်ဖုန်းတွေဝယ်နိုင်ပြီး ဈေးကွက်မှာ စပါးဈေးဘယ်လောက်ရှိသလဲ ဆိုတာကိုလည်း စုံစမ်းနိုင်ပါတယ်။ ဒါ့ကြောင့် အပြောင်းအလဲ သေးသေးလေးကလည်း အရေးပါပါတယ်။

ကျွန်တော် ကျွမ်းကျင်သူတစ်ယောက်တော့ မဟုတ်ပေမယ့် အခုလက်ရှိ မြေယာပိုင်ဆိုင်မှုနဲ့ ငှားရမ်းမှုတို့မှာ ပြုပြင်ပြောင်းလဲမှု အချို့ လိုအပ်နေတယ်လို့  ကျွန်တော် နားလည်ထားပါတယ်။ ဒီလိုပြောင်းလဲမှသာလျှင် ပြည်သူတွေဟာ သူတို့ရဲ့ ၀ါယမ စိုက်ထုတ်မှုက ရရှိလာတဲ့ ထွက်ကုန်တွေကို သိမ်းထားနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ အမေရိကန်မှာခေါ်တဲ့ “သီးစား” စနစ်နဲ့ တော့ မတူပါဘူး။ သီးစားစနစ်မှာ ခင်ဗျားဟာ လယ်လုပ်တယ်။ ဒါပေမယ့် အခြား တစ်ယောက်ကို ပေးလိုက်မယ်ဆိုရင် ဘယ်တော့မှ မအောင်မြင်တော့ပါဘူး။

ဒါတွေဟာ ဒီမိုကရေစီစနစ် အသားကျသွားရင် အလိုအလျောက်ဖြစ်လာမယ့် လယ်မြေစနစ်ရဲ့ ဥပမာနှစ်ခုလို့ ကျွန်တော်ထင်ပါတယ်။
…………………

ref:http://www.whitehouse.gov/

Tags:

Leave a Reply