News @ M-Media

လူမည်းလူငယ်အား ပစ်သတ်သည့် ရဲကို တရားမစွဲဟု တရားရုံး၏ ဆုံးဖြတ်ချက် အမေရိကန် တစ်ဝှမ်း ဆန္ဒပြ

နိုဝင်ဘာ ၊ ၂၆ ၊ ၂၀၁၄
M-Media
WireAP_3fae549b3b434fe6af259a3242988b77_16x9_992
– အမေရိကန်ပြည်ထောင်စု မစ်ဇူရီပြည်နယ်တွင် ပြီးခဲ့သည့်သြဂုတ်လက လူမည်းလူငယ် မိုက်ကယ်ဘရောင်းအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သော ရဲအရာအရှိကို တရားစွဲဆိုခြင်းမပြုလုပ်ရန် တရားရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

စိန့်လူးဝစ်ခရိုင် ဖာဂူဆန်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ အဖြစ်အပျက်တွင် ရဲတပ်ဖွဲ့က အဆိုပါလူငယ်အား သေနတ်ဖြင့် ၆ ချက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး တရားရုံးကမူ ရဲအရာရှိမှာ မိမိကိုယ်ကို ကာကွယ်သည့်အနေဖြင့် ပစ်ခဲ့ခြင်းဖြစ်သည်ဟု တနင်္လာနေ့က ဆုံးဖြတ်ခဲ့သည်။

မိုက်ကယ်ဘရောင်း၏ မိသားစုကလည်း မိမိတို့အနေဖြင့် ထိုဆုံးဖြတ်ချက်အတွက် စိတ်ပျက်ခဲ့ရသည်ဟု ပြောကြားခဲ့သည်။ ထိုသို့ ဆုံးဖြတ်ခဲ့ပြီးနောက် စိန့်လူးဝစ်ခရိုင်တွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ဈေးဆိုင်များ၊ အစိုးရအဆောက်အအုံများ၊ ရဲကားများအား ဖျက်ဆီး မီးရှို့သည်အထိ ပြင်းထန်ခဲ့သည်။ ထို့ပြင် ဆန္ဒပြသူများမှာ မစ်ဇူရီရှိ ပြည်နယ်ချင်းဆက် အဝေးပြေးလမ်းမနှင့် မစ္စစီပီမြစ်ကူးတံတားများကိုလည်း ပိတ်ဆို့ခဲ့ကြသည်။

အမေရိကန်လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း ဆန္ဒပြသူများအား မျက်ရည်ယိုဗုံးများ၊ မီးခိုးဗုံးများ အသုံးပြုကာ လူစုခွဲခဲ့ကြပြီး ဖမ်းဆီးမှုများလည်း ရှိခဲ့သည်။

အမေရိကန်ရှိ အခြားသော မြို့ကြီးများတွင်လည်း တရားရုံး၏ ထိုဆုံးဖြတ်ချက်ကို မကျေနပ်သည့်အတွက် ပြည်သူအများအပြား ချီတက်ဆန္ဒပြခဲ့ကြသည်။ သမ္မတအိုဘားမားကမူ အမေရိကန်ပြည်သူများအနေဖြင့် ငြိမ်းချမ်းစွာရှိကြရန် တိုက်တွန်းခဲ့သည်။

Al Jazeera and agencies

Comments

Leave a Reply