နိုဝင်ဘာ ၂၉ ၊ ၂၀၁၄
M-Media
ZY ရေးသည်။
“နင်တို့လူငယ်တွေ တော်တော်ရိုင်းပါလား။ လူကြီး လူကြီးမှန်းမသိ၊ ဆရာ ဆရာမမှန်းမသိ၊ မိဘကို မိဘမှန်းမသိနဲ့ ငါတို့ခေတ်ကလူတွေနဲ့များကွာပါ့”…
အသက်ကြီးနေပြီဖြစ်သော အဘိုးကြီး၊ အဘွားကြီး တော်တော်များများက ကျွန်တော်တို့လို အသက် (၂၀) ကျော် လူငယ်များကို အမြဲလိုလိုပြောလေ့ရှိသော စကားပင်။
သူတို့ပြောပုံအတိုင်းသာဆိုရင် သူတို့ခေတ်က လူငယ်များဟု ထင်ထားကြသောသူများသည် ယခုအချိန်တွင် အသက် (၅၀) ကျော်အရွယ်များ ရှိနေကြပေလိမ့်မည်။ လက်မခံဘူးဟု မငြင်းလိုသော်လည်း ခဏခဏ အပြောခံရပြန်တော့လည်း စိတ်ထဲအောင့်သက်သက် ဖြစ်မိသည်။ စဉ်းစားကြည့်လေ သူတို့ပြောပုံအရဆိုလျှင် ယခုခေတ်လူငယ်များ အားလုံးလိုလိုက အသက်ကြီးသူများအပေါ် လေးစားအားနာမှု မရှိတော့ကြောင်း မှတ်သားထားရမလို။
သို့ပေမယ့် အခုချိန်မှာတော့ ကျနော့်ထံတွင် ပြန်လည်ချေပစရာ စကားလုံးများအတွက် အကောင်းဆုံး သက်သေများကိုကိုယ်တိုင် ကြုံတွေ့ခဲ့ရပြီဖြစ်သည်။
မှတ်မှတ်ရရဆိုလျှင် မြို့ထဲသို့သွားသောနေ့ တစ်နေ့ကဖြစ်သည်။ အသွားကားပေါ်တွင် ကြုံရသည်က သက်ကြီးရွယ်အိုများနှင့် သံဃာတော်များ တက်လာလျှင် ထိုင်နေကြသော လူငယ်အများစုကနေရာ ဖယ်ပေးကြသည်ကို တွေ့ရသည်။ အသက်ကြီးသူများပြောသလို ယနေ့ ခေတ်လူငယ်များ ရိုင်းသည်ဆိုသည်မှာ နေရာတကာမှာ မဟုတ်ပါလားဟု တွေးမိသည်။
တခုတော့ရှိသည်ပေါ့။ ယနေ့ခေတ်လူငယ်အများစုသုံးကြသော ဘမ်းစကားများကတော့ လူကြီးများ၏ နားတွင် အတော်လေးကိုရိုင်းလိမ့်မည်ဟု ထင်ပါသည်။ ကောင်မလေးများကို စော်လေးများ၊ လူကြီးများကို ဘဲကြီးတွေ၊ ထမင်းစားသည်ဟုမပြော ဆွဲပြီးပလား ဘာညာ စသောစကားများကတော့ ရိုင်းသည်ဟု သတ်မှတ်၍ ရသလို မရိုင်းဟုလည်းသတ်မှတ်လျှင်လည်း ရပါသည်။ စကားအပြောအဆိုများကို သာရိုင်းသည်ဟု ပြောလျှင် လက်မခံနိုင်ပါသော်လည်း ယဉ်ကျေးမှုမရှိလောက်အောင် ကိုယ်၊ နှုတ်၊ အမူအယာ အားလုံးရိုင်းပျသည်ဟု စွပ်စွဲခြင်းကိုတော့ ခံစားရခက်ပါသည်ဟု ဆိုချင်ပါသည်။
မြို့ထဲတွင်လုပ်စရာရှိသော ကိစ္စများကိုလုပ်ပြီး၍ အိမ်ပြန်ရန် ဘတ်စ်ကားစီးသောအခါတွင်တော့ ယဉ်ကျေးလှပါသည်ဟုဆိုသော လူကြီးများ၏စကားမှာ ရယ်စရာဖြစ်ကြောင်း၊ အကောင်းဆုံး သက်သေကို ကျွန်တော်ကိုယ်တိုင်ကြုံတွေ့လိုက်ရပါသည်။
ကျွန်တော်စီးသောကားမှာ မီနီဘတ်စ် အမျိုးအစား ဖြစ်ပါသည်။ ထို့ကြောင့် ကားအမြန်မောင်းသောအခါ အပေါ်တန်းကိုကိုင်ထားသော်လည်း ဘရိတ်အုပ်သောအခါမျိုးတွင်တော့ ကိုယ့်ကိုကိုယ်ထိန်းလို့မရအောင်ပါသွားတတ်သော အခြေအနေရှိပါသည်။ ကားပေါ်တွင် ထိုင်ခုံနေရာ လွတ်မရှိဘဲ မတ်တပ်ရပ်စီးခရီးသည် အနည်းငယ်လည်း ပါရှိပါသည်။
ကျွန်တော်မတ်တပ် ရပ်စီးသောနေရာ၏ဘေးခုံတွင် အသက်(၅၀) ကျော်ခန့် လင်မယားနှစ်ဦးထိုင်နေကြသည်။ မြို့ထဲမှ ပစ္စည်းများဝယ်လာကြပုံရသည်။ အမျိုးသမီးကြီးက ပြတင်းပေါက်ဘက်တွင်ထိုင်ပြီး အမျိုးသားက ကျွန်တော် မတ်တပ်ရပ်နေရသော ဘေးခုံတွင်ထိုင်ပါသည်။ ဝယ်လာသော ပစ္စည်းထုတ်ကို ကျွန်တော်တို့မတ်တပ်ရပ်စီးရသော အလယ်လမ်းပေါ်တွင်ချထားသည်။ အထုပ်မှာကြီးသောကြောင့် ကျွန်တော်တို့မတ်တပ်ရပ်သူများနှင့် မလွတ်ပါ။ ကားဘရိတ်အုပ်ချိန်တွင် ထိုအထုပ်ကို ကျွန်တော်၏ခြေထောက်နှင့် မတော်တဆ သွားထိမိလျှင် ထိုပုဂ္ဂိုလ်ကြီးက ကျွန်တော့်ကို မကြာခဏ မော့ကြည့်တတ်သည်။ ကိုယ်ပိုင် ကားမဟုတ်သော ဘတ်စ်ကားပေါ်တွင် အခြေအနေအရ မတော်တဆထိမိခြင်းကို လူကြီးနားလည်ပေးနိုင်ဟန် မတူပါ။
ကျွန်တော်လည်း ဘာမှမပြောလို၊ မဖြစ်လိုသောကြောင့် အတတ်နိုင်ဆုံးကြိုးစား၍ မထိအောင်ရှောင်ပေးနေလိုက်သည်။ သိပ်မကြာခင် လူတတ်များသော မှတ်တိုင်တစ်ခုမှ ခရီးသည်များ တက်လာကြပြန်သည်။ တက်လာသော ခရီးသည်များထဲတွင် သားသည် မိခင်တစ်ဦး သူမ၏ လသားအရွယ်ကလေးကို ချီ၍တက်လာပါသည်။
မီနီဘတ်စ်ကားဖြစ်သောကြောင့် ထိုင်ခုံအရေအတွက် နည်းနည်းသာပါသော ထိုကားပေါ်တွင် မိန်းကလေး အများစုသာ ထိုင်ခုံနေရာတွင် ထိုင်နေကြပြီး ကျွန်တော့်ဘေးကပုဂ္ဂိုလ်ကြီးနှင့် နောက်ဆုံးတန်းမှ သက်လတ်ပိုင်း လူရွယ်တစ်ယောက်သာ ထိုင်ခုံရကာထိုင်နေကြသည်။ ထိုသားသည် မိခင်တက်လာသည်ကိုမြင်သော ထိုပုဂ္ဂိုလ်ကြီးကတော့ ကျွန်တော့ခြေထောက်နှင့် ထိမိမှာစိုးရိမ်နေသော အထုပ်ကို ကျွန်တော့်ခြေထောက်နှင့် ထိမိအောင်ပင်ဆွဲယူလိုက်သည်။ သဘောကတော့ သားသည် မိခင်သူ့ဘေးတွင် လာရပ်လျှင် အားနာပါးနာ စာပေးရမည်ကိုစိုးသောကြောင့် ဖြစ်ဟန်တူသည်။
စိတ်ထဲမှ နည်းနည်းအချဉ်ဖောက်သွားသော်လည်း ဘာမှမဆိုင်သောကြောင့် ဝင်မပြောတော့ပါ။ နောက်ဆုံးတတန်းတွင် ထိုင်နေသော အကိုကြီးက ထိုသားသည် မိခင်ကိုလှမ်းခေါ်ကာသူ့နေရာတွင် ထိုင်စေလိုက်ခြင်းဖြင့် ကျွန်တော့်ဘေးမှ ပုဂ္ဂိုလ်ကြီး၏စိုးရိမ်သောကကို ဖယ်ရှားပေးလိုက်ပါသည်။
နောက်ထပ်နှစ်မှတ်တိုင်လောက်မောင်းပြီးချိန်တွင်တော့ အလွန်ဆိုးဝါးသော ကိစ္စတစ်ခုကို ထပ်မံကြုံတွေ့လိုက်ရတော့သည်။ ကားပေါ်သို့ သံဃာတော် တစ်ပါးတက်လာချိန်တွင် ဖြစ်သည်။ ကားပေါ်တွင် ထိုင်ခုံနေရာလွတ်မရှိတော့ ထိုင်ခုံများတွင်လည်း အမျိုးသမီးများသာထိုင်နေချိန် ကျွန်တော့်နံဘေးက ပုဂ္ဂိုလ်ကြီးက ကားတစ်စီးလုံးကို ခါးမတ်၍ဝေ့ဝဲကြည့်လိုက်သည်။ အခြေအနေကို သဘောပေါက်သွားသောအခါ သူထပေးရန်သာရှိတော့မှန်း သဘောပေါက် လိုက်သွားသောအခါတွင်တော့ ချက်ချင်းမျက်နှာကို တစ်ဖက်သို့လွှဲကာ မျက်စိများမှိတ်၍ အိပ်ချင် ဟန်ဆောင်နေလိုက်ပါတော့သည်။
ယခုခေတ်လူငယ်များ ရိုင်းပါသည်ဟုဆိုသော လူကြီးများထဲတွင်လည်း ထိုကဲ့သို့ ရိုင်းပုံတင်မက ယုတ်မာကောက်ကျစ်သော လူကြီးများလည်းရှိသေးသည်ဟု သက်သေပြချင်ပါသည်။ အမှန်တော့ ခေတ်နှင့်မဆိုင်။ လူတစ်ဦးတစ်ယောက်ချင်း စိတ်၏စိတ်ဓာတ်နှင့်သာ ဆိုင်ပါသည်။ လူငယ်များအားလုံးလည်း မရိုင်းသလို လူကြီးများအားလုံးလည်း လိမ္မာယဉ်ကျေးမှုမရှိကြပါ။ လူအမျိုးမျိုးစိတ်အထွေထွေသာဖြစ်ပါလိမ့်။
Z.Y
Comments