ဒီဇင်ဘာ ၁၁၊ ၂၀၁၄
M-Media
ညီသွေးရေးသည်။
ငြိမ်းချမ်းရေးဆိုတဲ့ မီးခိုးဖြူဖြူတွေနောက်မှာ မငြိမ်းချမ်းသေးတဲ့ ဘဝလောင်စာတွေက တစ်ချက်ခြစ် တစ်ချက်တောက်ပဲ။ ငြိမ်းချမ်းရေးအကြောင်းပြောတိုင်း မငြိမ်းချမ်းသေးဘူးဆိုတာ သက်သေပြရလို့၊ ရင်တွေနာရလို့၊ မျက်ရည်စို့ရလို့ တော်လောက်ပြီ။ ငြိမ်းချမ်းရေး အကြောင်း ပြောနေကြတာတွေ ရပ်သင့်ပြီ။ သခင်ကိုယ်တော်မှိုင်းပြောခဲ့တယ်။ ဒဂုန်တာရာပြောခဲ့တယ်။ အရွယ်သုံးပါးက စီးဆင်းလာတဲ့ မျက်ရည်တွေပေါင်းစုတဲ့ မျက်ရည်မြစ်ဆုံမှာရပ်ပြောခဲ့ကြတယ်။ အဲဒီလိုပြောရင်းနဲ့ပဲ တစ်ချို့ပျံလွန်တော်မူ၊ တစ်ချို့အရိုးဆွေး၊ တစ်ချို့လည်းသူငယ်ချင်းတွေနဲ့ဝေးခဲ့ရပြီ။ ခုချိန်ထိတော့ အာဏာမူးသူတွေရဲ့ အဘိဓာန်မှာ ဒီစကားလုံးဟာ စုန်းပြူးဖြစ်ဆဲပဲ။
အဲဒီပန်းစကားတွေအောက်မှာ လေအေးစက်တပ်အခန်းထဲမှာ ငြိမ်းချမ်းရေးတေးကို ဘယ်လိုဆိုဝံ့ကြသလဲ မသိဘူး။ အဲဒီမှာ အတ္တတံခါးတွေ မပိတ်ရသေးခင် ကျောင်း တံခါးတွေ ပိတ်သွားခဲ့ရပြီ။ အဲဒီမှာလက်တွေဆွဲ မနှုတ်ဆက်ရသေးဘူး။ သားတစ်ကွဲ မယားတစ်ကွဲ တွဲလက်တွေဖြုတ်ခဲ့ရပြီ။ အဲဒီမှာလက်မှတ်တွေမရေးထိုးနိုင်ခင်မှာ ဒီမှာကျည်ဆံတွေက အသက်တွေကို လက်မှတ်ဖြစ်ပီးနေပြီ။ ပြည်တွင်းစစ်၊ ဒုက္ခသည်စခန်း၊ ဘာသာရေးပဋိပက္ခ၊ ဆန္ဒပြထုတ်ဖော်ပွဲ၊ ဒါတွေအားလုံးကို ခုမြန်မာပြည်တွင် ပြုလုပ်ပါသည်။ မိတ်အင်မြန်မာ ဂုဏ်ယူစရာပါ။ အဆင်းရဲဆုံးတိုင်းပြည်၊ ခြစားမှုအများဆုံးတိုင်းပြည်၊ စားနပ်ရိက္ခာဖွံ့ဖြိုးလုံလောက်မှု အနိမ့်ဆုံးတိုင်းပြည်၊ စာနယ်ဇင်း လွတ်လပ်မှု အနည်းဆုံးတိုင်းပြည်၊ ဒီလိုဘွဲ့ထူး ဂုဏ်ထူးနဲ့ ဘွဲ့လွန်တွေ တစ်သီတစ်တန်းကြီးရထားတဲ့ တိုင်းပြည်မှာ ကျွန်တော်တို့နေထိုင်ပါတယ်။
ခိုတောင်ကျွန်းက မြန်မာနိုင်ငံသား နှစ်ယောက် အတွက် အချိန်တွေယိုစိမ့်ခံတယ်။ ငွေကြေးတွေယိုစိမ့်ခံတယ်။ လူတွေပင်ပန်းခံရတယ်။ လက်နက်ကြီး ကျည်ကျလို့ မိုင်းနင်းမိလို့ ၂၀၁၄ အောက်တိုဘာ တစ်လတည်းအတွင်းမှာတင် အရပ်သားတွေ ၁၀ ဦးကျော်သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရတယ်လို့ကြားရတဲ့ သတင်းတွေရဲ့နောက်မှာတော့ တာဝန်ခံမည့်သူ မည်သူ၊ တာဝန်ယူမဲ့သူမည်သူ ဘယ်ဝါ မရှိကြပါဘူး။ ခိုတောင်ကျွန်းမှာက တိုင်းတစ်ပါးသားနဲ့ဖြစ်တာ ဒီမှာကကိုယ်ပြည်ထောင်စုသားရင်း အချင်းချင်းတွေရဲ့ အသက်ဝိညာဉ်တွေကြွေလွင့်သွားရတာ၊ အာဏာစက် ယန္တရားရဲ့ခွေးသွားစိတ်ကလေးတွေပမာ၊ ဇီဝတွေပွန်းပဲ့ခံခဲ့ရတာ ဘယ်သူက တားမြစ်မှာလည်း၊ ဘယ်သူတွေကရှက်ရမှာလည်း၊ နိုင်ငံတစ်ကာ လူမြင်ကွင်းတွေရဲ့ရှေ့မှာ လူနှစ်ယောက်အတွက် လုံးပမ်းကြိုးစားနေကြပေမယ့် မမြင်ရတဲ့ ကန့်လန့်ကာနောက်ကွယ်မှာ အပြစ်မဲ့ပြည်သူတွေရာနဲ့ထောင်နဲ့မြေစာပင်ဖြစ်နေတာ မတွေ့မမြင်မကြားဆွံအနဲ့ မိုက်ဇာတ်တွေ ခင်းနေကြတာ အံ့ဖွယ်သုတဖြစ်ရပါတယ်။
ဒီနိုင်ငံမှာကလွဲလွဲလေးပဲကောင်းပါတယ်ဆိုတဲ့ စကားနဲ့ နေသားကျနေတာကြာလှပါပြီ။ ဘယ်နေရာမှ သာယာအောင် မလုပ်နိုင်တဲ့ဌာနက စည်ပင်သာယာဆိုတဲ့ ဘွဲ့နာမည်ကို အလိုလိုရတယ်။ ဘယ်တုန်းကမှ မဝယ်ခဲ့ဘဲနဲ့ စည်ပင်ပိုင်၊ တပ်ပိုင်တွေဖြစ်ကုန်တယ်။ တိုးတက်များပြား လာတဲ့ လူ့အဖွဲ့အစည်းမှာ ပြသာနာတွေ၊ ပဋိပက္ခတွေကို ဖြေရှင်းရ လွယ်ကူအောင်ပြည်သူ အများထဲကမှ သမာဓိရှိတဲ့ လူတစ်စုံကိုရွေးချယ် ခန့်အပ်ပြီး အားလုံးရဲ့ကိုယ်စား တာဝန်ယူရင်ဆိုင်ဖြေရှင်းဖို့ဆိုတာ အဖွဲ့အစည်းရဲ့အဓိကတာဝန်ပါ။ အားလုံးနဲ့ဆိုင်တဲ့ အဖွဲ့အစည်းမဖြစ်ရပါဘူး။ အခုတော့ အားလုံးရဲ့ပြသာနာတွေကို ဖြေရှင်းပေးရမည့်အစား ဒီစည်ပင်တွေစစ်တပ်တွေနဲ့ ဆိုင်တဲ့ ပြသာနာတွေကိုချည်းပဲ ပြည်သူက လိုက်ဖြေရှင်းပေးနေရပါတယ်။
ငြိမ်းချမ်းရေးလည်း ထိုနည်း၎င်း၊ စားပွဲဝိုင်းထိုင်ဖြေရှင်းနေကြ၊ လိုချင်ပါတယ်လို့ သမ္မတကြီးကပြော၊ လွှတ်တော်ဥက္ကကြီးကပြော၊ ကာချုပ်ကြီးကလည်းပြော၊ တိုင်းရင်းသားအဖွဲ့အစည်းတွေကလည်းပြောနဲ့ အားလုံး ကပြောနေကြပါလျှက် ဘာကြောင့်သဘောတူ လက်မှတ် မရေးထိုးနိုင်ကြသေး တာပါပဲ။ ငြိမ်းချမ်းရေးရသွားနဲ့ တစ်နေ့ တစ်ချို့ဇာတ်လိုက်ကြီးတွေက ဇာတ်ရံတွေ၊ ဖြတ်လျောက်တွေဖြစ်သွားမယ်။ လက်နက်ကုန်သည်ကြီးတွေ မျက်ဖြူစိုက်ပြီး စီးဆင်းနေတဲ့ငွေမည်းချောင်းတွေ ရပ်တန့်သွားမယ်။ တစ်ချို့ကလည်း စစ်သံဘင်သံကြားမှ စိတ်ငြိမ်၍ စားဝင် အိပ်ပျော်ကြသည် မဟုတ်လား။ ငြိမ်းချမ်းရေးရသွားတဲ့ တစ်နေ့ ရှေ့တန်းရောက် တပ်မတော်သားကြီးဆိုတဲ့ ဝါကျဟာ မှိုတက်သွားမယ်။ ကာချုပ်ကြီးတို့ ဘာမှူးကြီးတို့ ညာမှူးကြီးတို့ ဆိုတာပြတိုက်ထဲက စကားလုံးတွေဖြစ်သွားမယ်။ လူတစ်စုအတွက်ကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုတာ သူတို့မျက်စေ့ထဲဝင်နေတဲ့ ချည်မျှင်စပဲ။ သူတို့ဇလုပ်ထဲနင်နေတဲ့ ထမင်းစေ့ပဲ။
အင်္ဂလိပ်ဗြိတိသျှက လွတ်လပ်ရေး မရခင် တောင်တန်းနဲ့ပြည်မဆိုတဲ့ စကားနှစ်လုံးထဲနဲ့ မြန်မာပြည်ကြီးကို သပ်လျှိုခဲ့လိုက်တာ နှစ်ပေါင်း (၆၀) ကျော်ကြာခဲ့ပြီ။ ခုချိန်ထိ ဒီတုတ်ထိုးမှုကို အဆုံးမသတ်နိုင်သေးဘူး။ ကြာကြာ ဝါးမယ့်သွားတွေ အရိုးကြည့်ရှောင်ခဲ့ကြတဲ့ အနှစ် (၆၀)၊ လမ်းပြကြယ်ကြီးတွေ အလံပြမှားခဲ့ကြတာပေါ့။ မြန်မာ ရာဇဝင်ဆိုတာ ပဒေသရာဇ်ခေတ်ကတည်းက သတ်ပွဲဖြတ်ပွဲတွေနဲ့ ထောင်းလမောင်းကြေခဲ့ရတာ အခုထိလည်း နောက်လာနောင်သားတွေက ရာဇဝင်ကို တုတ်တစ်ပွဲ ဓါးတစ်ပွဲနဲ့ စာတင်နေကြတုန်းပဲ။ ကြီးနိုင်ငယ်ညှင်း ကမ္ဘာဦးဆန်နေတုန်းပဲ။ ခုချိန်ထိ ကိုယ်စီးနေတဲ့မြင်းဟာ ထိမည့်မြင်းလား မမယ့်မြင်းလားမသိ (ထိမှန်းမသိ၊ မမှန်းမသိ) ဖြစ်နေတုန်းပဲ။ နောင်မှာ မြန်မာ့သမိုင်းဆိုသည်မှာ စစ်ပွဲများ၊ ပဋိပက္ခများ၊ အရေးအခင်းများကို မှတ်တမ်းတင်ခြင်းဖြစ်ပါသည်လို့ အနာဂတ်ရဲ့ကလေးသူငယ်တွေ အမှတ်မှားရှာပေတော့မည်။
ငြိမ်းချမ်းရေးဆိုတဲ့ မြေသြဇာထည့်မှသာ ဒီမိုကရေစီဆိုတဲ့ အသီးအပွင့်တွေကို ပြည်သူက ခူးဆွတ်ခွင့်ရမှာပါ။ ဒီမိုကရေစီဆိုတာ ဘာကြောင့်တောင် ဒီပြည်သူတွေက လိုလားနေရတာပါပဲ။ ဒီမိုကရေစီဆိုတာ ဘာကောင်းလို့လဲဆိုတဲ့ မေးခွန်းတွေကိုအဖြေပေးတဲ့ သတင်းတစ်ပုဒ်ကိုတင်ပြပါမယ်။ အမေရိကန်နိုင်ငံ ဒုသမ္မတရဲ့သားကို သူတို့အမေရိကန်ရေတပ် အရန် တပ်ဖွဲ့ကဆေးကျ၍ အထုတ်ပယ်ခံလိုက်ရသည်ဆိုတဲ့သတင်းပါ။ ဒါဟာ ဒီမိုကရေစီပါ။ ဒီမိုကရေစီရှိခြင်းရဲ့ရလာဒ်ပါ။ သူ့ဟာသူ့ VIP မကလို့ သမ္မတ၏ သားဖြစ်နေပါစေ။ အရည်အချင်း မရှိလျှင် ထိုသူ့အတွက် သူတို့နိုင်ငံမှာ နေရာမရှိ။ အခွင့်အထူးခံလုပ်၍မရ။ ခြေမကောင်းလျှင်ခြေမ၊ ထိုက်တန်သူသာနေရာရမည်။ ဒီမှာတော့ ညွှန်မှူးတို့ ညွှန်ချုပ်သားတို့ အဆင့်ဖြင့်ပင် မော်တော်ပီကယ် မဖမ်းရဲတော့၊ မီးနီဖြတ်မောင်း အဆင့်တို့ရှိနေပြီလို့ ကိုယ့်ကိုကိုယ်အထင်ရောက်နေကြပြီ။ အလွဲကလေး အလွဲကြီး အလွဲဧရာမ များနဲ့အသင်းခေါင်းဆောင် သမ္မတကြီးတို့အဖွဲ့တန်းဆင်ရန်မှ မထွက်နိုင်သေး။
ကိုယ်တို့ သမ္မတကြီးကြောက်ပုံများပြောပါတယ်။ ကိုယ့်အခြေအနေ၊ ကိုယ့်အဆင့်အတန်းကို စာမေးပွဲကြေး မပေးရဘဲ အကဲဖြတ်ပေးနေသည့် ကုလသမဂ္ဂ၏ နှစ်စဉ်အဆို တင်သွင်းနေမှုကို ရပ်ဆိုင်းပေးပါလို့ ထုတ်ဖော်ပြောရသည်အထိ။ ကိုယ့်စာမေးပွဲ အောင်စာရင်းကိုပြန် မကြည့်ရဲသည်ကျောင်းသားဖြစ်နေ ပါသည်။ ကိုယ့်နိုင်ငံ ထဲပြန်ကြည့်တော့လည်း လူမြင်ကောင်းအောင် ထုံးဖြူဖြူသုတ်သည့် အဆင့်ကမတတ်သေး။ တစ်ခါကကိုဌက်ရဲ့ “ခေါင်းလောင်ကြီးလဲအိပ်ပျော်နေဆဲ စာသင်မယ့်ဆရာကိုမျှော်နေဆဲ၊… စာသင်ခုံတွေလည်း ဖရိုဖရဲပိုစားခြကိုက်နဲ့” ဆိုတဲ့စာသားတွေဟာ နှစ်ပေါင်း ၂၀ ကျော်ကြာခဲ့သည့် တိုင်ခေတ်မှီနေဆဲ။ ကျေးလက်ရဲ့ပညာရေး၊ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေက ဂရမ်မျဉ်းတွေရဲ့ မြေညီထပ်မှာပဲရှိနေသေးရဲ့။
ဘယ်တုန်းကမှ တာဝန်မခံသည့် လူတွေက တာဝန်ခံတွေဖြစ်နေတော့လည်း အဓိပ္ပာယ်ဖွင့်ဆိုချက်တွေဟာ မျက်မမြင် ပုဏ္ဏားများလို ကိုယ်စမ်းမိတဲ့အရာ ဘာမှန်းမသိရမ်းသမ်း ဖွင့်ဆိုခဲ့ကြလို့ အသက်တွေ မအိုခဲ့ကြသေးဘူး။ ဘဝတွေ အိုခဲ့ရတဲ့ပြည်သူတွေများလှပါပြီ။ အထက်လူကြီးတွေရဲ့မျက်နှာမှာ အပြုံးပန်းကိုယ်စီ တပ်ဆင်ထားပေမယ့် အောက်ခြေ အဆင့်မှာတော့ တိုက်ပွဲတွေ၊ အသေအပျောက်တွေ၊ မုဆိုးမ လက်သစ်တွေ မိဘမဲ့သားရေးနည်းငါး လက်သစ်တွေစာရင်းတိုးနေဆဲပါ။
တစ်ကယ်အပစ်အခတ် ရပ်စေလိုလျှင် နောက်ထပ် အသေအပျောက်တွေ ထပ် မတိုးလိုလျှင် ရိုးရှင်းလွယ်ကူသော အချက်တစ်ချက်မှ စတင်ရပါမည်။ ထိုအချက်မှာ တပ်မတော်မှ တစ်ဖက်သတ် အပစ်ရပ်ပြီး တပ်ရင်းတွေနေရပ်ပြန်ပါမည်ဟု ဂုဏ်သိက္ခာရှိကြီးမြတ်သည့် ကြေငြာချက် ထုတ်ရန်သာဖြစ်ပါသည်။ သို့ဆိုလျှင် တပ်မတော်လည်း အမှတ်တစ်မှတ်ရ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လည်း အားကောင်းမောင်းသန် ခရီးလမ်းချောမွေ့နိုင်စရာရှိပါသည်။ တိုက်စရာလူ မရှိမှတော့ ဘယ်သူ့ကိုသွားတိုက်မှာလည်း။ တိုက်ပွဲတွေရပ်ဖို့ရန်မှာ ဒီတစ်လမ်းသာရှိပါသည်။ ခုလွှတ်တော်အတွင်းက အမတ်တွေကစု၍ ခိုတောင်ကျွန်း လူနှစ်ဦးအတွက် ငွေသိန်း ၃၀၀ လှူဒါန်းပါသည်။ အလွန်ကောင်းမွန်ပါသည်။ ထိုထက်ပိုကောင်းမယ့် လှူဒါန်းမှု တစ်ခုထပ်လုပ်နိုင်ရန်တင်ပြပါမည်။ ဒါကတော့ မြန်မာပြည်သူပြည်သားများအတွက် အပစ်အခတ်ချက်ချင်းရပ်ဖို့ လွှတ်တော်အမတ်တွေ အားလုံးတစ်ညီတစ်ညွတ်တည်း စုပေါင်းတောင်းဆိုသွားမည်ဆိုလျှင်ဖြင့် ဒီလိုတောင်းဆိုမှုကသာ အကောင်းဆုံး နတ်လူသာဓုခေါ်မည့် လှူဒါန်းမှုစစ်စစ်ဖြစ်လာမှာပါ။ ဖြစ်တည်ခွင့်ရနေတဲ့ခဏတာအချိန် ကာလလေး တစ်ခုအတွင်းမှာ သုဝဏ္ဏသာမ အလောင်းလျာရဲ့မိဘတွေလို သားရွှေအိုးထမ်းလာတဲ့ ဆုတောင်းမျိုး တောင်းတတ်ဖို့ လိုပါတယ်။
ညီသွေး
Comments