ဒီဇင်ဘာ ၁၈၊ ၂၀၁၄
M-Media
– ၁၉၆၇ ခုနှစ် ၆ ရက်စစ်ပွဲပြီးကတည်းက အစ္စရေးတို့ ပြုလုပ်ခဲ့သည့် ပါလက်စတိုင်းဒေသ ကျူးကျော်မှုအား အဆုံးသတ်ရန်နှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်မူကြမ်း တစ်ခုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မဲခွဲရန်အတွက် ဂျော်ဒန်နိုင်ငံက တင်သွင်းခဲ့သည်ဟု သိရသည်။
အဆိုပါ ဆုံးဖြတ်ချက်မှုကြမ်းတွင် ပါလက်စတိုင်း ပိုင်နက်မှ အစ္စရေးစစ်တပ်များ ၂၀၁၇ ခုနှစ် နှစ်ကုန်အထိ နောက်မကျစေဘဲ ထွက်သွားရန် တောင်းဆိုထားပြီး ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်းကိုယ်စားလှယ် ရီယဒ် မန်ဆူရ်ကမူ အဆိုပါ ဆုံးဖြတ်ချက်မှုကြမ်းမှာ အမေရိကန်အပါအ၀င် မည်သူနှင့်မဆို ထပ်မံ၍ ဆွေးနွေးမှု များ ပြုလုပ်ရန် အတွက် တံခါးပိတ်ခြင်းမဟုတ်ဟု ပြောကြားခဲ့သည်။
`တကယ်လို့ သူတို့သာ ဆန္ဒရှိရင် သူတို့အားလုံးနဲ့ နောက်ပြီး အမေရိကန်နဲ့ပါ ကျွန်တော်တို့ဟာ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်သွားမှာပါ။ ဒါမှသာ ငြိမ်းချမ်းရေး တံခါးကိုဖွင့်ဖို့ လုံခြုံရေးကောင်စီက ပြဌာန်းတဲ့ ဥပဒေတစ်ခုခုဟာ အောင်မြင်နိုင်မှာပါ။ အဓိပ္ပါယ်ရှိတဲ့ အရာတွေအတွက် ကျွန်တော်တို့နဲ့ အလုပ်လုပ်လိုသူတွေအားလုံးနဲ့ အလုပ်လုပ်ဖို့ ကျွန်တော်တို့ ဆန္ဒရှိပါတယ်´ ဟု မန်ဆူရ်က ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းတွင် ဒီကရေစီစနစ်ထွန်းကားပြီး ကြွယ်ဝသည့် လွတ်လပ်သောနိုင်ငံ နှစ်နိုင်ငံဖြစ်လာရေးကို ရှေ့ရှုသော ငြိမ်းချမ်းရေး အစ္စရေးနှင့် ပါလက်စတိုင်းအကြား တစ်နှစ်အတွင်း ရရှိရန်အတွက်လည်း တိုက်တွန်းထားသည်။
ပါလက်စတိုင်းမှာ လုံခြုံရေးကောင်စီတွင် စောင့်ကြည့် အဖွဲ့ဝင်တစ်ဦးဖြစ်သောကြောင့် ထိုဆုံးဖြတ်ချက်မှုကြမ်းကို တိုက်ရိုက်တင်သွင်းခွင့်မရှိဘဲ ဂျော်ဒန်က တင်သွင်းပေးခဲ့ရခြင်းဖြစ်သည်။
Comments