ဒီဇင်ဘာ ၁၉ ၊ ၂၀၁၄
M-Media
– ကုလသမဂ္ဂမှ ပြီးခဲ့သည့်လက အတည်ပြုခဲ့သော ဆုံးဖြတ်ချက်တွင် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ လူမျိုးများ ခံစားနေရသည့် ဒုက္ခသုက္ခများအပေါ် `အလွန်အမင်း စိုးရိမ်မိသည်´ ဟု ဖော်ပြထားလေသည်။ ထိုဒေသတွင် ၂၀၁၂ ခုနှစ်က ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များအကြား ဖြစ်ပွားခဲ့သော ပဋိပက္ခများပြီးနောက် အကျယ်ချုပ် ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသူ ဒုက္ခသည်ဦးရေမှာ ၁၄၀၀၀၀ ခန့် ရှိသည်။ ထိုအထဲမှ ထောင်ပေါင်းများစွာမှာ သွားလာလှုပ်ရှားမှု ကန့်သတ် ခံထားရပြီး အခြေခံ လူ့အခွင့်အရေးများနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကိုလည်း ငြင်းပယ်ခြင်းခံထားရသည်။
မြန်မာအစိုးရကမူ အဆိုပါ ရိုဟင်ဂျာများအား ဘင်္ဂလားဒေ့ရှ်မှ ၀င်ရောက်လာသူများအဖြစ် အတန်းအစားခွဲထားပြီး စော်ကားခြင်း၊ နိုင်ငံခြားသားဖြစ်ခြင်းကို ထင်ရှားစေသည့် `ဘင်္ဂါလီ´ ဟူသော စကားလုံးဖြင့် ခေါ်ဝေါ်သမုတ်လေသည်။ ကုလ၏ ဆုံးဖြတ်ချက်တွင်မူ ရိုဟင်ဂျာ လူနည်းစုများ အတွက် ပြည့်ဝသော နိုင်ငံသားဖြစ် ခွင့်ပေးရန် မြန်မာအစိုးရအား တိုက်တွန်းထား၏။
မြန်မာအစိုးရကတော့ အဆိုပါ ဆုံးဖြတ်ချက်ကို ငြင်းပယ်ခဲ့သည်။ သမ္မတဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကမူ နိုင်ငံ၏ ဥပဒေစံနှုန်းများနှင့် မကိုက်ညီသည့် မည်သူ့ကိုမဆို နိုင်ငံသားအဖြစ် သတ်မှတ်မည်မဟုတ်ဟု ပြောကြားခဲ့သည်။ ထိုကဲ့သို့ပင် သမ္မတဦးသိန်းစိန်ကလည်း ရိုဟင်ဂျာများမှာ ညှင်းပန်းနှိပ်စက်ခံရမှုကြောင့် ထွက်ပြေးနေရသည်ဆိုသည်ကို ငြင်းဆိုခဲ့ပြီး မီဒီယာများက မမှန်မကန် ဖော်ပြခြင်းသာဖြစ်သည်ဟု VOA မြန်မာပိုင်းနှင့် တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့လေသည်။
ရိုဟင်ဂျာများ၏ ဒုက္ခသုက္ခများအပေါ် အာရုံစိုက်ရန်အတွက် နိုင်ငံတကာမှ ဖိအားများ တစ်ဖြည်းဖြည်း ကြီးထွားလာချိန်တွင် နော်ဝေနိုင်ငံအနေဖြင့် ရိုဟင်ဂျာအရေး၌ မည်သည့်အတွက်ကြောင့် နှစ်များစွာ နှုတ်ဆိတ်နေသနည်းဟု အများစုက မေးလာကြသည်။
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းအား ပံ့ပိုးကူညီမှုတွင် အဓိကကျသူဖြစ်ပြီး မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများကို ပထမဆုံး ဖယ်ရှားပေးခဲ့သည့် နိုင်ငံများ ထဲမှ တစ်နိုင်ငံဖြစ်သည့် နော်ဝေနိုင်ငံအနေဖြင့် ရိုဟင်ဂျာကိစ္စနှင့်ပတ်သက်၍ နှုတ်ဆိတ်နေမှုမှာ ပေါ်လွင်နေ၏။ ဦးသိန်းစိန်အစိုးရမှ အကောင်အထည်ဖော်သော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ တရားဝင်ဖြစ်ခြင်း အတွက် နော်ဝေနိုင်ငံက အမှီပြုပေးထားသည်။ ထို့ပြင် အနောက်နိုင်ငံများနှင့် ကုန်သွယ်ရေးချဲ့ထွင်မှု အတွက်လည်း နော်ဝေနိုင်ငံကပင် ကူညီပေးထား၏။ ထိုမျှကမသေး မြန်မာငြိမ်းချမ်းရေး ပံ့ပိုးမှုအစီအစဉ် MPSI ကို အကောင်အထည်ဖော်ကာ လက်နက်ကိုင် တိုင်းရင်းသားများနှင့် အပစ်ရပ်ရေး သဘောတူညီချက်ကို ပံ့ပိုးကူညီပေးရန် အတွက်လည်း နော်ဝေမှာ မြန်မာအစိုးရနှင့် အလုပ်တွဲလုပ်လျက်ရှိနေသည်။
၂၀၁၂ ခုနှစ် သြဂုတ်လကို ပြန်ကြည့်လျှင် ထိုစဉ်က ဆိုရှယ်လစ် ပါလီမန် အမတ်တစ်ယောက် ဖြစ်သည့် အခ်တာရန် ချောင်ဒရီ (Akhtar Chaudhry) က ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ ပါလီမန်တွင် မေးခွန်းထုတ်ခဲ့သည်။ နိုင်ငံခြားရေး ၀န်ကြီး ဂျိုနက်စ် ဂါရ်စတိုး ကမူ နော်ဝေအနေဖြင့် ရိုဟင်ဂျာများ၏ အခြေအနေကို စိုးရိမ်မိပြီး သမ္မတဦးသိန်းစိန်နှင့်အတူ ထိုကိစ္စကို ဆောင်ရွက်နေသည်ဟု ပြန်လည်ဖြေကြား ခဲ့လေသည်။ ထို့ပြင် အကြမ်းဖက်မှုအား စုံစမ်း စစ်ဆေးရန် သမ္မတ ဦးသိန်းစိန်က ကော်မရှင် ဖွဲ့ခဲ့ခြင်းကို ထောက်ပြခဲ့ပြီး အပြု သဘောဆောင်သည့် လက္ခာဏာ ဟုမြင်ကြောင်း ထည့်သွင်းပြောကြားခဲ့လေသည်။
ထိုဆောင်ရွက်ချက်မှ အပ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ဆိုးရွားစွာဖြစ်ပေါ်နေသည့် အထောက်အထားများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ မြင့်တက်လာမှုကို တွေ့ရှိနေရသော်လည်း ရိုဟင်ဂျာရေးကိစ္စနှင့်ပတ်သက်၍ အော်စလိုဘက်က တရားဝင် ကြေညာချက်များ မထုတ်ခဲ့ဘဲ၊ ဆွေးနွေးမှုလည်း အနည်းငယ်သာရှိသည်ကို အံ့သြစွာပင်တွေ့ရ၏။ မြန်မာနိုင်ငံမှာ နော်ဝေ၏အကူအညီကို အဓိကရယူနေသော နိုင်ငံ ၁၂ နိုင်ငံထဲမှ တစ်နိုင်ငံဖြစ်သည်။
ရိုဟင်ဂျာပြဿနာနှင့် ပတ်သက်၍ နော်ဝေက ဘာ့ကြောင့် နှုတ်ဆိတ်နေရသလဲ?
Development Today သတင်းစာက အဆိုပါမေးခွန်းအား အော်စလိုတွင် နိုင်ငံခြားရေး အကြီးအကဲကို မေးမြန်းခဲ့သည့်အခါ ၎င်းက နော်ဝေအစိုးရအနေဖြင့် ထိုပြဿနာအား သီးသန့် ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။
`၂၀၁၂ ခုနှစ်ကတည်းက မြန်မာ အစိုးရနဲ့ပြုလုပ်တဲ့ ကျွန်တော်တို့ရဲ့ ဆွေးနွေးမှုတွေမှာ ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာတွေရဲ့ အခြေအနေနဲ့ပတ်သက်တဲ့ ကိစ္စတွေကို ထပ်တလဲလဲ ပြောပါတယ်။ ဒီသီတင်းပတ် အစောပိုင်းက မြန်မာနိုင်ငံကိုသွားခဲ့တဲ့ နိုင်ငံတော်အဆင့် အလည်အပတ်အတွင်း သမ္မတဦးသိန်းစိန်နဲ့တွေ့တဲ့ အချိန်မှာလည်း နိုင်ငံခြားရေးဝန်ကြီး ဘရန်ဒီက ဒီအကြောင်းကို ပြောခဲ့ပါသေးတယ်´ ဟု ရိုဟင်ဂျာအရေး ၎င်းတို့ ဆောင်ရွက်ခဲ့သည်များနှင့် ပတ်သက်၍ နိုင်ငံခြားရေးရာ အကြီးအကဲ မော်တန် ဟဂ်လန်က ပြောခဲ့သည်။
ဒီမိုကရေစီ လှုပ်ရှားမှုများနှင့် လူ့အဖွဲ့အစည်း ပြုပြင်ပြောင်းလဲရေး အကြောင်း လေ့လာနေသည့် အော်စလို တက္ကသိုလ်မှ လူသားရေးရာကျွမ်းကျင်သူ ခရစ္စတီယန် စတော့ကီက နော်ဝေနိုင်ငံမှာ မြန်မာ အာဏာရှင်များနှင့် အထူး ဆက်ဆံရေးအား ထိန်းသိမ်းချင်သောကြောင့် ရိုဟင်ဂျာအရေး နှုတ်ဆိတ်နေ ရခြင်းဟု မှတ်ချက်ပေးခဲ့သည်။
`ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီး လူသိရှင်ကြားပြောခြင်းက စက်ထဲကိုသဲလောင်းထည့်သလိုပါပဲ။ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ လုပ်ငန်းစဉ်နဲ့ သွေဖည်သွားပါလိမ့်မယ်။ တကယ်လို့များ ရိုဟင်ဂျာပြဿနာမှာ ၀င်ရောက်စေ့စပ်ပေးလို့ရှိရင် ရှေ့လာမယ့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ လွှမ်းမိုးမှုရှိဖို့ ခက်ခဲသွားပါလိ့မ်မယ်။ အာဏာရှင်တွေနဲ့ ဆက်ဆံမှု၊ သူတို့ကိုလွှမ်းမိုးမှု ဆုံးရှုံးသွားမှာကို သူတို့ ကြောက်နေကြပါတယ်´ ဟု စတော့ကီက Development Today သတင်းစာသို့ ပြောကြားခဲ့သည်။
ပေါ်လစီ အပြောင်းအလဲလား?
မကြာသေးမီက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် နိုင်ငံတော်အဆင့် လည်ပတ်မှုနှင့် ဆက်စပ်၍ နိုင်ငံခြားရေး ၀န်ကြီး ဘော်ဂီ ဘရန်ဒီက ဒီဇင်ဘာ ၂ ရက်နေ့တွင် နော်ဝေသတင်းစာ သုံးစောင်သို့ ဆောင်းပါး တစ်ပုဒ် ပေးပို့ခဲ့သည်။ ထိုဆောင်ပါးတွင် ရခိုင်ပြည်နယ်အကြောင်း ဖော်ပြထားသည်။ ထိုဆောင်းပါးမှာ ချောင်ဒရီ၏ မေးခွန်းကို ဂါရ်စတိုးက ပြန်လည်ဖြေကြားခဲ့ပြီးသည့်နောက်ပိုင်း နော်ဝေအစိုးရဘက်မှ ရိုဟင်ဂျာကိစ္စနှင့် ပတ်သက်၍ လူသိရှင်ကြားထုတ်ပြန်ခဲ့သော စိုးရိမ်ကြောင်းကြေညာချက် တစ်ခုလည်းဖြစ်သည်။
ထိုဆောင်းပါး၌ –
`ရခိုင်ပြည်နယ်ရှိ အခြေအနေက စိုးရိမ်မှုကို ဖြစ်စေသည်။ လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းများလည်း ကြားနေရပြီး မွတ်စလင်လူနည်းစုများ၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေများနှင့် အနေအထားများမှာလည်း ဆိုးရွားနေသည်။ ကျွန်ုပ်၏ ဆွေးနွေးမှုအတွင်း မိမိတို့၏ စိုးရိမ်မှုကိုပြောဆိုခဲ့ပြီး နိုင်ငံတကာ စံနှုန်းများနှင့်အညီ ဆောင်ရွက်ပေးရန် အရေးကြီးပုံနှင့် ပတ်သက်၍လည်း ထောက်ပြခဲ့သည်´ ဟု ရေးသာဖော်ပြထား၏။
ဝန်ကြီး၏ ရေးသားမှုတွင် အရေးပါသည့်နောက်တစ်ချက်က `နော်ဝေနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ် အတွင်းရှိ စိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် အထောက်အကူပြုနိုင်မည့် အားထုတ်မှုများ အတွက်လည်း ပံ့ပိုးပေးသွားမည်´ ဆိုသော စကားပင်ဖြစ်လေသည်။
ထိုသို့ ထုတ်ပြန်လိုက်ခြင်းက အခြားသော တိုင်းရင်းသား အုပ်စုများ အဓိကအားဖြင့် ကရင်၊ မွန်၊ ချင်း၊ ကရင်နီ၊ ရှမ်းတို့၏ ပဋိပက္ခများနှင့် ပတ်သက်၍ MPSI မှတစ်ဆင့် နော်ဝေနိုင်ငံက အဓိကထားဆောင်ရွက်နေသာ အရေးပါသည့် ပြောင်းလဲမှုတစ်ခုဟုလည်း မှတ်ယူနိုင်သည်။ ရိုဟင်ဂျာများမှာ မြန်မာအစိုးရ၏ ငြိမ်းချမ်းရေး ဆောင်ရွက်မှု အတွင်း ယခုအချိန်အထိ ပါဝင်နိုင်ခြင်းမရှိသေး။ ရခိုင်ပြည်နယ် အတွက် မည်သည့် ပံ့ပိုးမှုများ ပြုလုပ်ပေးရန် ဘရန်ဒီက စဉ်းစားနေသည်ကိုတော့ ရှင်းလင်းလင်း မသိရချေ။
မကြာသေးမီက Development Today နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတွင် MPSI လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်ပေးနေသော အန်ဂျီအိုတစ်ခုဖြစ်သည့် နော်ဝေ ပြည်သူ့အကူအညီပေးရေးအဖွဲ့ NPA မှ ကလော်ဒီယို ဖီအိုက ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးအတွက် နော်ဝေနိုင်ငံမှ စတင်ကူညီခဲ့သော ၂၀၁၂ ခုနှစ်ကတည်းက `နိုင်ငံရေး အကျပ်ရိုက်ခြင်း´ ကို တွေ့ကြုံနေရသည်ဟု ဖြေကြားခဲ့သည်။ နိုင်ငံအရှေ့ပိုင်းတွင် အပြုသဘောဆောင် သည့် နိုင်ငံရေးဖွံ့ဖြိုး တိုးတက်မှုများဖြစ်ပေါ်နေပြီး တစ်ပြိုင်နက်ဆိုသလိုပင် နိုင်ငံအနောက်ပိုင်း၌ ရိုဟင်ဂျာနှင့် ဗုဒ္ဓဘာသာဝင်များအကြား အကြမ်းဖက်မှုများ ဖြစ်ပွားနေသည်ဟု ဆိုသည်။ NPA က ရိုဟင်ဂျာပြဿနာအား ၀င်ပါခြင်းဖြင့် နိုင်ငံအရှေ့ပိုင်းရှိ လုပ်ငန်းစဉ်တွင် စေ့စပ်ဆောင်ရွက်ရန် ဖြစ်နိုင်ချေကို မပျက်စီးစေရန် သတိရှိသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့လေသည်။ ဖီအိုကမူ NPA မှာ ရခိုင်ပြည်နယ်သို့ ၀င်ရောက်ခွင့်မရှိဘဲ ထိုအခြေအနေနှင့် ပတ်သက်၍လည်း ရေရေလည်လည် သိရှိခြင်းမရှိဟု ပြောကြားခဲ့သည်။
နော်ဝေ အစိုးရကလည်း ထိုကဲ့သို့သော မဟာဗျူဟာမြောက်သည့် တွက်ချက်မှုကို ပြုလုပ်ခဲ့သလား?
ထိုကိစ္စနှင့်ပတ်သက်၍ Development Today မှာ နိုင်ငံခြားရေးဝန်ကြီးအား မေးမြန်းခဲ့သော်လည်း တိုက်ရိုက်တုံ့ပြန်မှုကို မရခဲ့။ ဟာ့ဂ်လန်က MPSI မှာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီတွင် အဆုံးသတ် လိ့မ်မည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် MPSI ၏ လှုပ်ရှားမှုများမှာ အလှူရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အတူ အခြားသော အန်ဂျီအိုအဖွဲ့များအောက်သို့ ရောက်ရှိသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ ဆန့်ကျင်ဘက်အားဖြင့် ဖီအိုက နော်ဝေပြည်သူ့အကူအညီပေးရေးအဖွဲ့ NPA မှာ ရိုဟင်ဂျာများ၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာဆိုးရွားမှု၊ အခြားသော နိုင်ငံရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် နိုင်ငံရေး အကျိုးဆက်များ၊ ထိခိုက်မှုများကို လျှော့တွက်ခဲ့သည်ဟုလည်း ဆိုသည်။ လွန်ခဲ့သည့် ၂ နှစ်တာကာလအတွင်း အသောမသတ် ဖြစ်ပေါ်ခဲ့သည့် ဘာသာရေးတင်းမာမှုများက နိုင်ငံတည်ဆောက်မှု၏ ဒီမိုကရေစီလုပ်ငန်းစဉ်ကို ပျက်ဆီးစေနိုင်သည်ဟု ယခုအချိန်တွင် ၎င်းက စိုးရိမ်နေ၏။
ပြဿနာ၏ ပမာဏ
ရိုဟင်ဂျာပြဿနာတွင် နော်ဝေ၏ အများပြည်သူနှင့် သက်ဆိုင်သည့် စေ့စပ်ဆွေးနွေးမှု နည်းခြင်းကို ပြဿနာ၏ အခြေအနေတွင် မုချ တွေ့မြင်ရမည်ဖြစ်သည်။ ရိုဟင်ဂျာ ကိစ္စနှင့်ပတ်သက်၍ တကယ့်လက်တွေ့ကြုံတွေ့နေရသော အလွန်ဆိုးဝါးသော အခြေအနေများကို သတင်းများက ဖော်ပြခဲ့ကြရာ ဦးသိန်းစိန်အစိုးရ၏ ပြောကြားမှုနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။
လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ကမူ ထိုအခြေအနေများကို လူမျိုးစု မျိုးဖြုတ်ရှင်းလင်းရေုးဟု ခေါ်ဝေါ်သမုတ်ခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် ယန်ဟီးလီ၏ မကြာသေးမီက ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အစီရင်ခံစာတွင် လွတ်လပ်စွာ လှုပ်ရှား သွားလာခွင့်နှင့် မြေယာပိုင်ဆိုင်ခွင့်၊ အစားအသောက်၊ သောက်သုံးရေ၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မူ စသည်တို့ ကန့်သတ်ခြင်းအပါဝင် ရိုဟင်ဂျာများ အပေါ် စနစ်တကျ ခွဲခြားဆက်ဆံမှုများ ရှိနေပြီး၊ ရိုဟင်ဂျာများအား စိတ်ထင်တိုင်း သတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ အဓမ္မပြုကျင့်ခြင်းနှင့် အတင်းအဓမ္မ အလုပ်ခိုင်းစေခြင်းတို့လည်း ရှိနေသည်ဟု ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ဟု ယန်ဟီးက ၀န်ခံခဲ့သော်လည်း နောက်ပြန် သွားနိုင်သည့် လက္ခဏာများ ရှိနေသည်ဟုလည်း သတိပေးခဲ့လေသည်။
Pacific Rim Law & Policy Journal Association တွင် မောင်ဇာနည်နှင့် အလိုက် ကိုလေး တို့ ပူးပေါင်း၍ ရေးသားထားသော ဆောင်းပါး၌ ထိုထက်ပို၍ပင် ဆိုထားသည်။ ၎င်းတို့က ရိုဟင်ဂျာများ၏ အခြေအနေမှာ ၁၉၄၈ ခုနှစ် `အပြစ်ပေးခြင်းနှင့် လူမျိုးတုန်းသတ်ဖြတ်မှု တားမြစ်ရေး သဘောတူညီချက်´ ပါ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ အဓိပ္ပါယ်သတ်မှတ်ချက်များနှင့် ကိုက်ညီနေသည်ဟု ပြောကြားခဲ့သည်။
စီးပွားရေးဆိုင်ရာ နိုဘယ်ဆုရှင် Amartya Sen က ဟားဗတ် တက္ကသိုလ်တွင် မောင်ဇာနည်နှင့်ပူးတွဲကာ ပြီးခဲ့သည့်လက ပြုလုပ်ခဲ့သည့် ညီလာခံတွင် ထိုပြောကြားမှုအား အားဖြည့်ခဲ့သည်။
`ဒီအတွက်(ရိုဟင်ဂျာကိစ္စအတွက်) `ဖြည်းဖြည်းခြင်း လူမျိုးတုန်း သတ်ဖြတ်မှု´ ဆိုတဲ့ အသုံးအနှုန်းဟာ အံဝင်ခွင်ကျဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ လူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို မပေးဘဲထားတယ်၊ လူတွေရဲ့ အာဟာရဆိုင်ရာ အခွင့်အလမ်းတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ ၀င်ငွေ ရှာဖွေမှုတွေ၊ ကိုယ်တိုင်နဲ့ မိသားစုတွေကို ကျွေးမွေးစောင့်ရှောက်ပြီး ဘ၀တစ်ခု ထူထောင်ဖို့ စတာတွေကို မပေးဘဲ ထားတာတွေကြောင့်ပါပဲ။ တစ်ခုတည်းသော ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ဖြစ်တဲ့ Médecins Sans Frontières (MSF) အဖွဲ့ကို မောင်းထုတ်တယ်။ ဒါတွေဟာ လူတွေကို သတ်နေတာပါပဲ။ ဒါမျိုးပုံစံဟာ ရ၀မ်ဒါလို ဒါမှမဟုတ် ခမာနီတွေလို မဟုတ်ပေမယ့် လူမျိုးတုန်း သတ်ဖြတ်မှုပါပဲ´ ဟု ဆန်က အဆိုပါ ညီလာခံတွင် ပြောကြားခဲ့သည်။
ထို့ပြင် ထိုကဲ့သို့ အစီအစဉ်တကျ သတ်ဖြတ်ခြင်း အတွက် မြန်မာအစိုးရတွင် တာဝန်ရှိသည်ဟုလည်း ၎င်းကဆိုပြီး (ဗုဒ္ဓဘာသာဝင်များအကြားရှိသည့်) ရိုဟင်ဂျာများအပေါ် မုန်းတီးမှုကလည်း အစိုးရ ကိုယ်တိုင် ဂရုတစိုက် ရေလောင်းပေါင်းသင်ထားသည့် အမုန်းတရားများ ဖြစ်သည်ဟူသော အထောက်အထားများ ရှိနေသည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
နော်ဝေ၏ အခန်းကဏ္ဍ
ရိုဟင်ဂျာများ၏ အခြေအနေကို လူမျိုးတုန်းသတ်ဖြစ်မှုဟု ခေါ်ဆိုခြင်း၏ ဂယက်ရိုက်မှုက ဘာတွေလဲ?
အော်စလိုတက္ကသိုလ် လူ့အခွင့်အရေးစင်တာမှ ဥပဒေ ပါမောက္ခ တစ်ဦးဖြစ်သူ တိုရီ လင်ဒ်ဟွမ်းက ၎င်း၏ အမြင်ကို ယခုကဲ့သို့ ပြောဆိုခဲ့သည်။
`ဂယက်ရိုက်မှု ရှိလား၊ မရှိဘူးလား ဆိုတာကိုတော့ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ဒီအခြေအနေဟာ လုံးဝ လက်မခံနိုင်စရာဖြစ်တယ်ဆိုတာကို ပြောနိုင်ဖို့ `လူမျိုးတုန်း သတ်ဖြတ်မှု´ လို့ အော်စရာမလိုပါဘူး။ ဒီလူတွေရဲ့ မလိုအပ်တဲ့ထိခိုက်ခံစားမှုတွေကို အစိုးရက ရပ်ကို ရပ်တန့်ရပါမယ်´
နော်ဝေအစိုးရအနေဖြင့် မြန်မာနိုင်ငံအား အကောင်းမြင်လွန်းသော နည်းလမ်းမျိုးဖြင့် သိမ်းသွင်းနေသည်ဟု လင်ဒ်ဟွမ်းက ယုံကြည်နေသည်။
`ဒါဟာ အချိန်ကြာလာရင် အလုပ်ဖြစ်မယ့် သံတမန်ရေးအရ ချဉ်းကပ်မှုမျိုးလို့ ဆိုကြပါတယ်။ ဒါမျိုးကို လက်တွေ့အချက်အလက်တွေနဲ့ တန်းမညှိရဘူးလို့ ကျွန်တော်ထင်ပါတယ်။ ပြီးတော့ နော်ဝေအနေနဲ့ (ရိုဟင်ဂျာ အခြေအနေနဲ့ ပတ်သက်ပြီး) ပိုမိုဖွင့်ဟသင့်တယ်လို့လည်း ကျွန်တော်ထင်ပါတယ်။ နော်ဝေ ကစားနေတဲ့ ဒီကစားပွဲဟာ အန္တရာယ်ကြီးတဲ့ မှန်းဆကစားပွဲသာဖြစ်ပါတယ်။ နော်ဝေအစိုးရအနေနဲ့ အနှောင်းသေချာမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အကောင်းမြင်လွန်းမှုအတွက်တော့ အကြောင်းပြချက်ကောင်းကောင်း ရှိနေမယ်လို့ ကျွန်တော်မထင်ပါဘူး´ ဟု ၎င်းက DT သို့ ပြောကြားခဲ့လေ၏။
အော်စလို ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးစင်တာတွင် ဥက္ကဌဖြစ်နေသူ ၀န်ကြီးချုပ်ဟောင်း ကဂျီလ် မဂ်နီ ဘွန်ဒန်ဗစ်ကတော့ ရိုဟင်ဂျာများ၏အခြေအနေမှာ အမှန်တကယ် လူမျိုးတုန်းသတ်ဖြတ်မှု အခြေအနေမျိုး ဖြစ်နေပြီလားဆိုသည်ကို ဆုံးဖြတ်ရမည့် နေရာမျိုးတွင် မိမိက ရှိမနေဟု ပြောကြားခဲ့သည်။
`ဒါပေမယ့် လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှုမျိုးဆိုတာကိုတော့ သံသယဖြစ်စရာ မလိုပါဘူး။ သူတို့ဟာ (ရိုဟင်ဂျာတွေဟာ) ဆိုးရွားကြောက်မက်ဖွယ် ဘ၀မျိုးမှာ ရှင်သန်နေထိုင်နေရပါတယ်။ ပြီးတော့ တော်တော်များများဟာ နေ့စဉ်ပြုလုပ်နေတဲ့ ညှင်းပန်းနှိပ်စက်မှုတွေရဲ့ သားကောင်တွေလည်း ဖြစ်နေပါတယ်။ (အဲဒီအခြေအနေအတွက်) တိကျတဲ့ အသုံးအနှုန်းမျိုး ရှာဖွေတာထက် ထင်သာမြင်သာဖြစ်နေတဲ့ ဒီလိုပြဿနာတွေကို ဖြေရှင်းဖို့ အရေးကြီးတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်´ ဟု ဘွန်ဒန်ဗစ်က DT သို့ ဖွင့်ဟခဲ့သည်။
ထို့ပြင် ရိုဟင်ဂျာပြဿနာအတွက် အဓိက တာဝန်ယူမှုမှာ အစိုးရအပေါ်တွင်ရှိနေသည်ု ၎င်းက ထောက်ပြခဲ့သည်။
`ဒီပြဿနာကို ရှင်းရှင်းလင်းလင်း ကိုင်တွယ်ဖြေရှင်းရာမှာ နော်ဝေနဲ့ အခြားသော ပါဝင်ပတ်သက်သူတွေကို ကျွန်တော် တွေ့မြင်ချင်ပါတယ်။ တကယ်လို့များ အခြေအနေဟာ ဆက်လက်ဆိုးဝါးလာမယ်ဆိုရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တစ်ခုလုံး ဒုံရင်းအခြေအနေဆီကိုပဲ ဦးတည်သွားနိုင်ပါတယ်´
—————————–
** Development Today တွင် ဖော်ပြခဲ့သည့် “Børge Brende breaks Norway’s years of silence on the Rohingya of Burma” ဆောင်းပါးကို” လေးမောင်” မှ ဆီိလျော်အောင် ဘာသာပြန်ဆိုသည်။
Comments