6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၂၉၊ ၂၀၁၄
ဆောင်းပါးရှင် – ညီသွေး
M-Media

10891948_817259068316565_1931739408314451615_n

နော်ဝေဘုရင်တစ်ရက်အတွက် ဂေါဝိန်သားတွေဘဝပျက်ပြီးနောက် “ဘယ်သူ့ကိုမှကြောက်မနေဘူး။ အားလုံးကိုတိုက်ရဲတယ်” ဆိုသော ကာချုပ်ရဲ့သတ္တိနှင့် အခက်အခဲပဋိပက္ခကို လော်စပီကာဖြင့် ဖြေရှင်းပြလိုက်တဲ့ ဦးဆောင်စည်ပင်နဲ့ ရန်ကုန်မြို့ကြီးရဲ့နောင်ရေး စိတ်မချသေးခင် တိုင်းပြည်မငြိမ်မသက်ဖြစ်လျှင် အာဏာပြန်သိမ်းမည်ဆိုသော ရွေးကောက်ပွဲကော်မရှင် ကျင်းပရေးဥက္ကဌ၏ ခြောက်လုံးလှန့်လုံးများကြား၊ “လှိုင်သာယာစက်မှုဇုံမှ လူရမ်းကားအုပ်စုကြီးနှင့် ကျောက်ရုပ်ရဲသားကြီးများ” ရဲ့ ဇာတ်လမ်းတွေ မဆုံးသေးခင် အခု ပူနွေးနေတဲ့သွေးစတွေနဲ့ လက်ပံတောင်းတောင်ရဲ့ နောက်ဆုံးဓားစားခံဖြစ်ရရှာတဲ့ ဒေါ်ခင်ဝင်းရဲ့ ဈာပနာဟာ အခု မြေချပါတော့မယ်။

ဂျာနယ်အပေါင်းရဲ့စာမျက်နှာ ဒိုရေမီဖာတွေဟာ ပဋိပက္ခ၊ သပိတ်စခန်းဖြိုခွင်း၊ အိမ်ယာမြေဖျက်သိမ်း၊ အင်အားသုံးဖြေရှင်းစဉ် သွေးမြေကျ စတဲ့အမင်္ဂလာသံတွေညံလို့၊ ကဗျာမဆန်သောနေ့ရက်များ၊ လူမဆန်သောနေ့ရက်များသာ သက္ကရာဇ်ရဲ့ ပြက္ကဒိန်စာမျက်နှာထက် ကြက်ခြေခတ်ရာတွေ ပြည့်နှက်လို့…. သြော် – မြန်မာ မြန်မာ၊ ဒီမြန်မာပြည်မှာ သန်မာထွားကျိုင်းတာဆိုလို့ မတရားမှုတွေပဲ ရှိပါတော့လား။ နတ်လူအပေါင်း သာဓုခေါ်စေကြောင်းသတင်း၊ ပြည်သူအများရဲ့ လတ်ခုတ်သြဘာ စိတ်ချမ်းသာရစေမည့်သတင်း၊ မေတ္တာတရား ကိုယ်ချင်းစာတရားနှင့် အရာရာကိုကြိုးပမ်းအောင်မြင်သွားတယ်ဆိုတဲ့သတင်း၊ တနည်းအားဖြင့် လူဆန်သောသတင်းများကို ဖတ်ခွင့်၊ ရေးခွင့် ကြုံရဖို့ဆိုတာကိုတော့ “မျှော်သာမျှော် ပေါ်မလာသည်၊ ရင်မှာဝေဒနာ ပွင့်ခက်ဝါနီ” ဆိုသလို။

တိုင်းပြည်ကချောက်ထဲမကျသေး။ ချောက်ထဲကဆွဲတင်မယ်ဆိုတဲ့ ကယ်တင်ရှင်တွေကတော့ အခုကတည်းက ဟန်ရေးပြနေကြပြီ။ အာဏာရှင်တွေဟာ သိပ်ကြောက်စရာကောင်းသလို၊ တရားသံဝေဂဆိုတဲ့ အရာအားလုံးကလည်း အဲဒီအာဏရှင်တွေထံမှပဲ ထွက်ပေါ်ပါတယ်။ ကမ္ဘာတစ်ခုလုံး ကြောက်ရပါတယ်ဆိုတဲ့ အာဏာရှင်ပဲဖြစ်ဖြစ်၊ တစ်နိုင်ငံလုံးက ကြောက်ရပါတယ်ဆိုတဲ့ အာဏာရှင်ပဲဖြစ်ဖြစ်၊ ဘယ်လောက်တန်ခိုးကြီးကြီး ဘယ်လို`ရာဇမာန်´ ပြပြ နောက်ဆုံးဇာတ်သိမ်းခန်းကတော့ ထူးမခြားနားပါပဲ။ မြေအောက်ခန်းထဲ မိသားစုလိုက်သတ်သေ၊ ပစ်သတ်ခံရ။ ပြည်သူလူထုလက်ချက်နှင့် အသေမကောင်း၊ ကြိုးစင်တင်ခံရ။ လူမသိသူမသိ မသာချ၊ သင်္ချာပုစ္ဆာတစ်ပုဒ်လို ပေးထားချက်က အာဏာရှင်သို့ အကြွင်းကသုံးည ဇာတ်သိမ်းမလှပါပဲ။

ဒီနေရာမှာ အကြောင်းသင့်လို့ အိန္ဒိယနိုင်ငံသမိုင်းမှာ တန်ခိုးတင့်တယ်လှတဲ့ စူလတန်ဘုရင်ကြီးတစ်ပါးအကြောင်း အတွေးစပေါ်မိတယ်။ ဘုရင်က အလွန်စည်းစိမ်မက်၊ ကောင်းပေ့ညွှန့်ပေ့ဆိုတာတွေချည်း နှစ်သက်ခုံမင်၊ ဆင်ယင်ခြယ်သလေ့ရှိသပေါ့။ အကောင်းဆုံးစီးတော်ယဉ်၊ အဖိုးအကြီးဆုံး အဝတ်အထည်၊ အရည်အသွေးအရှိဆုံး လက်ဝတ်ရတနာ စသဖြင့် အမြဲတမ်း နံပါတ်ဝမ်းပေါ့။ တစ်နေ့တော့ ခမ်းခမ်းနားနား သူ့စက်တော်ခေါ်ရာခန်းမထဲက နူးညံ့တဲ့မွေ့ရာထူထူပွပွကြီးကို သန့်ရှင်းရေးလုပ်ပေးရတဲ့ ကျွန်မတစ်ယောက်ဟာ သန့်ရှင်းရေးလုပ်ရင်း လှည်းရင်းကျင်းရင်းကနေ အိစက်ညက်ညောနေတဲ့ ဖဲမွေ့ရာပေါ် ခေတ္တခဏ ထိုင်မိ၊ လှဲလျောင်းမိလိုက်တယ်။ ပင်ပင်ပန်းပန်းအလုပ်လည်းလုပ်ရ၊ အိပ်ယာခင်းရဲ့နူးညံ့မှုက ဆွဲဆောင်လိုက်မှုအပေါ် ရုတ်တရက်မှေးကနဲ အိပ်ပျော်သွားမိလေရဲ့။ အဲဒီမှာဘုရင်က ဝင်အလာနဲ့ ပက်ပင်းတိုး အဖြစ်ဆိုးကြီးနဲ့ ကိုယ်ကျိုးနည်းရတာပေါ့။ ဘုရင့်ဒေါသမာန်က သူ့အိပ်ယာကို ရှယ်ယာဝင်ရမလားဆိုပြီး ချက်ချင်းပဲ ကြိမ်ဒဏ်အချက် (၁၀၀) ချ မှတ်မှတ်ရရဖြစ်စေရမယ်ပေါ့။ အားလုံးစိတ်မကောင်းပေမယ့် သက်ဦးဆံပိုင်ဘုရင်။ ဘယ်သူမှမလွန်ဆန်ရဲ။ စပြီးတစ်ချက်ရိုက်တယ်။ အားကနဲ နားကျဉ်းမြည်တမ်း အော်ဟစ်သနားခံ၊ ငိုသံတွေအစား ဟက်ဟက်ပက်ပက်ရယ်မောသံ၊ နောက်တစ်ချက်ထပ်ရိုက် နောက်ထပ်ရယ်မောသံ၊ နန်းရင်းပြင်ဟာ ဘုရင်နဲ့သူ့မူးမတ်တွေရဲ့ “ဟာ”၊ “ဟင်”၊ “အို” အာမေဋိတ်သံတွေ ညံသွားတယ်။

ဘုရင်က ရိုက်နေတဲ့ ရိုက်ချက်တွေကိုရပ်ပြီး အံ့သြတကြီးနဲ့မေးရပြီပေါ့။ ဘာကြောင့်လဲ၊ ဘာအတွက်လဲ။ သင်မရဲ့ ငိုသံအစား ရယ်မောသံဟာ ငါ့ဘုရင်ကို ပုစ္ဆာဖြစ်စေတယ်။ အဲဒီမှာ ကျွန်မကလေးပြန်ဖြေတဲ့စကား “ကျွန်မဟာ မိမိရင်ထဲက အိပ်ချင်တဲ့ဆန္ဒမပါဘဲ ကိုယ်ပိုင်မဟုတ်တဲ့ အိပ်ရာပေါ်မှာ ခေတ္တလဲလျောင်းမိရာက အိပ်ပျော်သွားမိတဲ့အပေါ်မှာ ကြိမ်ဒဏ်အချက်တစ်ရာ အရိုက်ခံရတယ်။ ဒီအိပ်ရာကြီးပေါ်မှာ နှစ်ရှည်လများ ဇိမ်ခံအိပ်စက်လာခဲ့တဲ့သူ အဖို့တော့ ဘယ်လိုများ၊ ဘယ်လောက်တောင် သံသရာမဆုံးခင်မှာ ခံရ၊ ပေးဆပ်ရမလဲဆိုတာ တွေးဆစဉ်းစားမိလို့ ရယ်မောရတာပါလို့ လျှောက်သတဲ့။ ဘုရင်ကြီး ခေါင်းနပန်းကြီးသွားတယ်။ ဘာသာတရား၊ လောကနီတိတွေနဲ့ ကြီးပြင်းခဲ့ရတဲ့ဘုရင် ငြိမ်ငြိမ်သက်သက် စဉ်းစားတယ်။ စောစောစီးစီး အချိန်မီ နောင်တနဲ့သံဝေဂ ပေါင်းရသွားတယ်ထင်ပါရဲ့။ ကြိမ်ဒဏ်ပေးတာကိုရပ်စဲလိုက်တယ်။ သူ့နှလုံးသားကို ဆွဲဟဖွင့်ဟပေးလိုက်တဲ့ `ကျွန်´မကို သူကောင်းပြုလိုက်တယ်။ နန်းစည်းစိမ်ကို စွန့်တဲ့အထိ နှလုံးသားဂွမ်းဆီထိပြီး တရားဘာဝနာကျင့်ကြံအားထုတ် သူတော်စဉ်သူတော်ကောင်းဘဝနဲ့ သူ့နောက်ဆုံးအချိန်တွေကို တန်ဖိုးရှိစွာ၊ နှောင်ကြိုးမဲ့စွာ ကုန်လွန်သွားခဲ့ပါတယ်။”

အစိုးရသော ထီးဆောင်းမင်းတရားကြီးတွေဟာ ဒီပုံပြင်ကို သင်ခန်းစာမယူလည်း ရပါတယ်။ ဒါပေမယ့် ထီးနန်းစည်းစိမ်အားလုံးဟာ ပြည်သူ့ဘဏ္ဍကနေ စီးဆင်းလာတာချည်းပါပဲ။ ကံ၊ ကံရဲ့အကျိုးကို ယုံကြည်တယ်ဆိုရင်တော့ သူတစ်ပါးယုံကြည်စိတ်ချလို့ အပ်နှံထားတဲ့ငွေကို အလွဲသုံးစားလုပ်လျှင် ဒီဘဝအပြင် နောင်သံသရာမှာလည်း ပုဒ်မများစွာဖြင့် စွဲချက်တင်ခံရမည်သာ။

မိုးကြိုးပြင်ရွာက အသက် (၅၆) နှစ်ပဲရှိသေးတဲ့ ဒေါ်ခင်ဝင်းကတော့ သေဆုံးလို့ သူ့ဘဝ၊ သူ့ဝါကျဟာ အစစအရာရာမှာ ရပ်တန့်ပြီးသွားခဲ့သယောင်ပါ။ ဒါပေမယ့် ဝမ်ပေါင်နဲ့သူ့အပေါင်းအပါများ၊ ခွင့်ပြုမိန့်ချမှတ်ပေးခဲ့တဲ့သူ၊ တာဝန်ရှိသူ၊ တာဝန်မခံသူ အားလုံးရဲ့ ဈာပနကတော့ အခုမှစတင်တော့မှာပါ။ သေလျှင်လက်တစ်ဆုပ်စာမြေကို ယူဆောင်မသွားနိုင်တဲ့သူတွေက အဲဒီမြေအတွက် ဘဝတွေကိုစတေး၊ အသက်တွေကိုစတေး၊ မိသားစုအသိုက်အမြုံတွေကို စတေးခိုင်းနေတာ ရင်နင့်စရာပါ။ သေမင်းကို မသန့်ရှင်းတဲ့မြေ၊ မတရားတဲ့ငွေတွေနဲ့ လာဘ်ထိုးဖို့ ကြိုးစားမရဘူးဆိုတာ သိသိကြီးနဲ့ ဇွတ်မှိတ်တိုးနေသူတို့အဖို့ကတော့ ပြည်သူတွေရဲ့မျက်ရည်စတွေ သွေးစတွေက ဟိုးအဆုံးစွန်သောအဆင်းလမ်းကို ညွှန်ပြပါလိမ့်မယ်။ နောက်ဆုံးတော့လည်း လက်ပံတောင်းတောင်ဆိုတာ အာဏာရှင်တွေအတွက် အကောင်းဆုံးသောရတနာသိုက်၊ ဝမ်ပေါင်ဆိုတာ ဆင်သေကောင်နား တဝဲလည်လည်ဖြစ်နေရရှာတဲ့ ကျီးကန်း၊ ဒေသခံပြည်သူတွေအတွက်တော့ မပြေနိုင်သောလျော်ကြေး ဖြစ်ခဲ့ရပါပြီ။ ဒီလျော်ကြေးဟာ တစ်နိုင်ငံလုံးကပြည်သူတွေကို အချိန်နဲ့အမျှကူးစက်၊ အားကောင်းမောင်းသန် ဆက်လက်ရွေ့လျားလို့နေပါတယ်။ အခုကိစ္စက အမှိုက်ကစ ပြသာဒ်မီးလောင်တာမဟုတ်။ ပြသာဒ်ကို ဓါတ်ဆီလောင်း မီးရှို့တဲ့ကိစ္စ ဖြစ်နေပါတယ်။

Leave a Reply