ဇန်နဝါရီ ၁ ၊ ၂၀၁၅
M-Media
.မြင့်မိုရ်မောင်မောင် ဘာသာပြန်သည်။
အလုပ်သမားရေးရာကို အရင်း တည်လုပ်ဆောင်နေသော NGO တစ်ခုဖြစ်သည့် Norwegian People’s Aid သည် မြန်မာ့ငြိမ်းချမ်းရေး ကူညီမှုရှေ့ဆောင် အဖွဲ့ Myanmar Peace Support Initiative (MPSI) အား ရုပ်လုံးဖော်ရာ၌ အဓိက အခန်းကဏ္ဍမှ ပါဝင်ထားသည်။ ယင်း NGO မှာ ၂၀၁၂ ခုနှစ် နော်ဝေအစိုးရဟောင်းမှ ကမကထပြုပေးထားခြင်း ဖြစ်သည်။
MPSI သည် မြန်မာနိုင်ငံတွင် တိုင်းရင်းသား အုပ်စုများနှင့် အပစ်အခတ် ရပ်စဲရေးကို လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးရေး အကူအညီများဖြင့် ကျားကန်ပေးထားသည်။ အပစ်အခတ်ရပ်စဲရေးစေ့စပ်ညှိနှိုင်းမှုများ၌ ယုံကြည်မှု တည်ဆောက်နိုင်ရန်နှင့် လျှောက်လှမ်းဆဲ နိုင်ငံရေးလမ်းကြောင်းအတွက် အခြေအနေကောင်းတစ်ရပ်ထူထောင်ရန် ရည်ရွယ်၍ လက်နက်လျှော့ချခြင်းဆိုင်ရာငွေကြေးပံ့ပိုးမှု ပေးထားခြင်းဖြစ်သည်။
လွန်ခဲ့သည့်သုံးနှစ်က Norwegian People’s Aid သည် ဤအစီအစဉ်ကို ၀န်ကြီးဌာနနှင့် အနီးကပ် လက်တွဲဆောင်ရွက်ခဲ့သည်။ တိုင်းရင်းသားဒေသများရှိ အရပ်ဖက်လူ့အဖွဲ့အစည်းတို့နှင့် ကွန်ရက်ထူထောင်ရန်၊ ကနဦးငြိမ်းချမ်းရေးရယူထားသောနယ်မြေရှိ အိုးအိမ်မဲ့သူများအား ထောက်ပံ့ရန်၊ ရုတ်ခြည်းပြောင်းလဲနေသော နိုင်ငံရေးအနေအထားအတွင်း အပြန်အလှန်ဆွေးနွေးမှုများ ဖန်တီးရန် အလျော့အတင်း ကစားနိုင်သည့် ရံပုံငွေကို ၎င်းက ရရှိထား၏။
MPSIကို အဆုံးသတ်ရန် လုပ်ငန်းများအရှိန်လျှော့နေပြီဖြစ်ကာ People’s Aid ၏ မြန်မာနိုင်ငံဆိုင်ရာအကြံပေး Claudio Feo က MPSI၏ လုပ်ဆောင်မှုများနှင့် နောက်ဆက်တွဲ လုပ်ဆောင် လာနိုင်ချေရှိသည်များနှင့် ပတ်သက်ပြီး သုံးသပ်ထားသည်။
“နိုင်ငံရေးအမြုတေ”ဟု သူခေါ်ဝေါ်သည့် တိုင်းရင်းအုပ်စုများနှင့် ယုံကြည်မှုတည်ဆောက်ခြင်းကို MPSI က လုပ်ထားပြီးဖြစ်ကြောင်း Feo က Development Today နှင့်ပြုလုပ်သော အင်တာဗျူးတွင် အသားပေးပြောကြားသွားသည်။ “Norwegian People’s Aid အဖို့ ကျွန်တော်တို့ရဲ့ ပါဝင် ပတ်သက်မှုက ဂုဏ်တက်စရာပါ၊ ဒီအတွက် နောင်တ ရစရာအကြောင်းမရှိပါဘူး”။
မကြုံစဖူး ပါဝင်ဆောင်ရွက်မှု
———————————
မကြုံစဖူးအခြေအနေ အထိ လူထု၏ ပါဝင်ဆွေးနွေးမှုနှင့် ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များထံ အရောက်လှမ်းနိုင်မှုအပေါ် MPSI မှ ထောက်ပံ့ ကူညီခဲ့ကြောင်း၊ ပြည်တွင်းမှ စာနာထောက်ထားရေးအကူအညီများဖြင့် ထိုသူများထံ ပထမဆုံး အကြိမ် ရောက်ရှိခြင်း ဖြစ်ကြောင်း သူက ဆိုသည်။
“ဒီအထောက်အပံ့ကို အစိုးရနဲ့ တိုင်းရင်းသား အုပ်စု နှစ်ဖက်စလုံးရဲ့ သဘောတူညီချက်နဲ့ ဖြန့်ဝေပေးခဲ့တာပါ။ ဒါဟာ လမ်းကြောင်း တစ်ခုပွင့်သွားတာပါ။ ပြီးတော့ ဒီလူတွေအတွက် အာဏာပိုင်တွေကို တာဝန်ထမ်းဆောင်သူတွေ၊ ဖြန့်ဝေရေးစေတမန်တွေ အဖြစ် အမြင်ဖြစ်သွားစေနိုင်ပါတယ်”။
People’s Aid မှာ မြန်မာနိုင်ငံတွင် နှစ်များစွာ တလျှောက် အတိုင်းအတာ တစ်ရပ်အထိ အားကောင်းလာသည်။ ၂၀၀၆ ခုနှစ်တွင် အဖွဲ့အစည်း၏ ဘတ်ဂျက်မှာ နော်ဝေးငွေ ၄.၅ သန်း ရှိခဲ့သည်။ ယခုသော် သန်း ၄၀ နီးပါးဖြင့် ရပ်တည်နေပေသည်။
သို့သော် မြန်မာ့လက်ရှိ အနေအထားနှင့် စပ်လျဉ်း၍ Feo ၏ သုံးသပ်ဖော်ပြချက်မှာ ၂၀၁၂ ခုနှစ်က နော်ဝေ၏ခန့်မှန်းချက်နှင့်နှိုင်းစာလျှင် ဆီနှင့်ရေလို ဖြစ်နေသေး၏။
“တော်တော်ကြီး မျှော်လင့် ထားခဲ့တာပါ။ သို့တစေ MPSI အနေနဲ့ အစိုးရနဲ့ တိုင်းရင်း အုပ်စုတွေထက် ပိုမြန်ပြီး မသွားနိုင်ဘူးဆိုတာ ကျွန်တော်တို့ သိထားကြပါတယ်။ မြန်မာပြည်မှာ ဒီနေ့ထိ အကြွင်းမဲ့ငြိမ်းချမ်းရေးမရသေးဘူးဆိုတာ ကျွန်တော်တို့ လက်ခံကို ခံရမှာပါ”။
ဥပမာဆိုရလျှင် ယခုချိန်တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး အကောင်အထည်ပေါ်လိမ့်မည်ဟု ယခင်က မျှော်လင့် ထားသည်။ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်လျှင် MPSI မှ ကာလတိုခြေလှမ်း အကောင် အထည်ပေါ်ပြီဟု ကနဦးက အမြင်ထားရှိခဲ့ခြင်း ဖြစ်သည်။
“ဒါက ဖြစ်မလာခဲ့တာ သိသာလွန်းပါတယ်။” ဟု Feo က ပြောပါသည်။
သို့သာမက Norwegian People’s Aid သည် လုပ်ငန်းဆောင်တာ အတွင်း ယုံကြည်မှု တည်ဆောက်ြခင်းနည်းလမ်းတစ်ခုအနေဖြင့် အပစ်အခတ်ရပ်ဆဲရေး စာချုပ်များ ချုပ်ဆိုထားသော ဒေသများတွင် မိုင်း ရှင်းလင်းခြင်း လုပ်ငန်းများကို အကောင်အထည်ဖော်ရန် ရည်ရွယ်ခဲ့သည်။ အစီအစဉ်များက အဆင်သင့်ရှိနေ ပါသော်လည်း မိုင်းရှင်းလင်းခြင်းကို အကောင်အထည် မဖော်လိုက်နိုင်ကြောင်း Feo မှ အတည်ပြုလိုက်သည်။ အစိုးရရော လက်နက်ကိုင် အဖွဲ့များကပါ နိုင်ငံလုံး အပစ်အခတ် ရပ်ဆဲရေး သဘောတူညီချက် နေသားတကျ မဖြစ်ခင် မိုင်းရှင်းလင်းခြင်း လုပ်ငန်းကို မစချင်ကြပါ။
ပြင်းထန်သော ဝေဖန်မှု
————————–
MPSI သည် စတင်ချိန်ကတည်းက အငြင်းပွားဖွယ်ရာဖြစ်ခဲ့သည်။ ထိုင်းနိုင်ငံဖက်ခြမ်းရှိ နယ်စပ်ဖြတ်ကျော် အဖွဲ့များမှ တဆင့် ပေးကမ်းနေသော ရေရှည် အထောက်အပံ့များကို ပြန်ရုပ်သိမ်းလိုက်ခြင်းကြောင့် လက်ရှိအစိုးရအား ပိုမိုအားကောင်းအောင် ပြုရာရောက်နေ သဖြင့် နော်ဝေအဖို့ ပြင်းထန်စွာ ဝေဖန်မှုကို ခံနေရသည်။ နောက်ထပ်ကိစ္စ တစ်ရပ်မှာ နိုင်ငံရေးပဋိပက္ခများ၏အဖြေတစ်ရပ် မထုတ်နိုင်သေးချိန် ဖွံ့ဖြိုးရေးပရောဂျက်များအပေါ် MPSI ၏ ဦးတည်မှု ဖြစ်သည်။ ၎င်းအဖြေမထုတ်ဘဲ ရေရှည်ငြိမ်းချမ်းရေး ဖြစ်ပေါ်နိုင်မည် မဟုတ်။ အထူးသဖြင့် အစပိုင်း ၌ အဆက်အသွယ် မရခြင်းသည် အဓိကပြဿနာဖြစ်ကြောင်း Feo က အခိုင်အမာဆိုသည်။
“MPSI ရဲ့အနေအထားကို တလွဲမြင်ခြင်းနဲ့ ကြားဝင် စွက်ဖက်ခြင်းက နိုင်ငံရေးအရ ဝေဖန်ချက်ဖြစ်အောင် အခွင့်အလမ်းပေးစေခဲ့တယ်။ သီရိလင်္ကာနဲ့ ပါလက်စတိုင်းလို ငြိမ်းချမ်းရေးခြေလှမ်းဖြစ်နေတယ်လို့ အလွယ်တကူခေါင်းစဉ် တပ်စရာ ဖြစ်သွားတယ်။ ကြီးမားတဲ့ ကွာခြားချက်ရှိပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီ(လုပ်ငန်းစဉ်)က စေ့စပ်ရေးကိစ္စတွေ မဟုတ်လို့ပါ။ MPSI က (ကွဲပြားနေကြတဲ့) အုပ်စုတွေနဲ့ အတူထိုင်ပြီး စေ့စပ်ညှိုနှိုင်းရေး လုပ်ပေးတာမျိုး ဘယ်တုန်းကမှ မလုပ်ဆောင်ခဲ့ပါဘူး။ တံခါးပြင်ပက စောင့်ဆိုင်းတဲ့ အလုပ်ကိုသာ လုပ်နေခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်း ဖြစ်စဉ်ရဲ့ အောင်မြင်မှု ဒါမှမဟုတ် ဆုံးရှုံးမှုကို သတ်သတ်မြင်ရပါတယ်။ (အခြား နော်ဝေငြိမ်းချမ်းရေး အစီအစဉ်များနဲ့) သဘောသဘာဝအားဖြင့် အလွန့်အလွန်ကို ကွာခြားနေပါတယ်”။
ပြည်တွင်းတွင် လုပ်ငန်းနှင့် လှုပ်ရှားမှုများဆောင်ရွက်ရန် အာရုံပြောင်းကျမှုကြောင့် အဓိကနေရာပျောက်သွားကာ စိတ်ပျက်နေသော NGO အချို့ ထံမှ အသံထွက်နေမှုအချို့ကိုလည်း သူမှ အရိပ်အမြွက်ပြောဆိုပါသည်။
နိုင်ငံရေးလား၊ အရောင်းအ၀ယ်လား
—————————————-
ယခုအချိန်တွင် Feo ၏ အဓိကအကျဆုံးသောကမှာ MPSI လက်လျှော့ချိန် ဖြစ်လာမည့်အရာနှင့် နောက်တိုးအလှူရှင်များ လှုပ်နိုးရန် ၎င်းအားအစားထိုးမည့်အရာပင် ဖြစ်သည်။ MPSI အောက်မှ ရေရှည်စုဆောင်းလာသည့် နိုင်ငံရေးအမြုတေကြီး ပျောက်ဆုံးသွားမည်ကို သူက စိုးရွံ့နေသည်။
“ကျွန်တော်တို့ တိုင်းရင်းသားအဖွဲ့တွေနဲ့ အစိုးရပိုင်း အရေးပါတဲ့သူတွေဆီကို ဝင်ထွက်နိုင်မှုနဲ့ ကြီးမားတဲ့ ယုံကြည်မှုကို ရလိုက်ပါတယ်။” ဟု သူက ပြောသည်။
“ပဲ့ထိန်းတံခါးတွေ ပွင့်ကုန်ပြီး ပဋိပက္ခနဲ့မသက်ဆိုင်သော အစီအမံပုံဟန်ထဲ သမရိုးကျအထောက်အပံ့တွေ ပေးပစ်မှာကို ကျွန်တော်တို့ စိုးရိမ်ပါတယ်။ ရံပုံငွေများအပေါ် လက်ဝါးကြီးအုပ်ချုပ်ကိုင်မှုတွေ ပိုမိုကြုံတွေ့ရဖို့ အလားအလာများနေပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့အလိုက်သင့်စီးမျောမှုကို လျှော့ချရာရောက်သွားနိုင်ပါတယ်”။
နော်ဝေနိုင်ငံမှ ဤလုပ်ငန်းစဉ်ကို ဦးဆောင်ရည်မှန်းချက်ထားရှိရန် သူက မျှော်လင့်ထား၏။ နော်ဝေနိုင်ငံက MPSI မှတဆင့် ရရှိထားသော သင်ခန်းစာများကို အခြားအလှူရှင်များအား မျှဝေရန် အရေးကြီးကြောင်း သူကဆိုပါသည်။
မြန်မာနိုင်ငံ၌ နော်ဝေကုမ္ပဏီများ အခြေခိုင်ခြင်းကို အကြောင်းပြုပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် နော်ဝေနိုင်ငံရေးအခန်းကဏ္ဍ၏ အမြင်နှင့် ပတ်သက်၍လည်း Norwegian People’s Aid က စိုးရိမ်ပူပန်လျက်ရှိသည်။
Feo ၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သော မြန်မာဌာနေ ဒါရိုက်တာ Emil Jeremic သည် NRK Ytringပါ မကြာသေးမီက ဆောင်းပါး တစ်ပုဒ်တွင် “ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် နော်ဝေနိုင်ငံရဲ့အားပေးကူညီမှုဟာ အကျိုးမျှော်ရင်းနှီးမြုပ်နှံရေးသဘောတူညီမှုတွေအတွက် လက်မှတ်တစ်စောင် မဟုတ်ကြောင်း ကျွန်တော်တို့ရဲ့အဆက်အသွယ်တွေကို အသေအချာ အသိပေးထားပြီးပါပြီ။ ” ဟူ၍ ရေးသား လိုက်သည်။ Telenor ၊ Statoil နှင့် Statkraft တို့၏စီးပွားရေး လုပ်ဆောင်မှုများကို ညွှန်းလျက် သူက “MPSI ကို တစ်စစနဲ့ ဖယ်ထုတ်ခြင်းက နော်ဝေနိုင်ငံရဲ့ငြိမ်းချမ်းရေးခြေလှမ်းဟာ စီးပွားရေးအကျိုးအမြတ်ဖော်ဆောင်ရေး နည်းလမ်းတွေဖြစ်ကြောင်းဆိုတဲ့ အမြင်ကို ခိုင်မာ သွားစေမှာဖြစ်ပါတယ်” ဟု ထပ်မံဖော်ပြခဲ့သည်။
နော်ဝေနိုင်ငံအနေနှင့် မြန်မာနိုင်ငံတွင် စီးပွားရေးနှင့်နိုင်ငံရေး နှစ်မျိုးလုံးကို ပူးပေါင်းဆောင်ရွက်ရန် အပြည့်အဝဘောင်ဝင်သော်လည်း ဆက်သွယ်မှု(သတင်းအချက်အလက်ပိုင်း)အကြပ်အတည်းတစ်ရပ် ရှိကြောင်း Feo က အခိုင်အမာ ပြောကြားနေသည်။
“ငြိမ်းချမ်းရေးနဲ့ ကုန်သွယ်ရေးလမ်းကြောင်းဟာ ဒီလိုမျိုး မဆက်နွယ်သင့်ဘူးဆိုပြီး (သတင်းအချက်အလက်ပိုင်းအားနည်းမှုဖြင့်) အမြင်သွင်းခံထားရတယ်။ ဒီလုပ်ငန်းနှစ်ရပ်ဟာ မျဉ်းပြိုင်လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်နှစ်မျိုးကို အကန့်မခွဲပဲ နိုင်ငံခြားရေး ၀န်ကြီးဌာနအနေနဲ့ အဆောတလျင် ကိုယ်ထင်ပြလာဖို့ ကျွန်တော်တို့ ဆန္ဒပြုပါတယ်။ ဒါပေမယ့် မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှု ခိုင်မာစေမယ့် သံန္နိဌာန်အပေါ် ရပ်တည်ဖို့လိုပါတယ်”။
Norwegian People’s Aid အဖို့ အခက်ခဲဆုံးအချိန်အခါများအနက် တစ်ခုမှာ ယမန်နှစ်၌ တယ်လီနောမှ လိုင်စင်ရရှိချိန်ဖြစ်ကြောင်း၊ ၎င်းတို့၏ပြည်တွင်းလက်တွဲဖော်အများအပြားက မြန်မာနိုင်ငံအား ကူညီထောက်ပံ့ရေးလုပ်ငန်းစဉ်များတွင်း နော်ဝေ ရှိနေမှု၏ တကယ့်ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့ဖူးကြကြောင်း သူက ဖွင့်ပြောသည်။ ၎င်းနောက် “ငြိမ်းချမ်းရေးပေါ်ဦးတည်မှုကနေ စီးပွားရေးဦးတည်မှုဖက်ကို အလေးမပေးစိတ်မညွှတ်ဘဲ အဲ့ဒီအရာနှစ်ခုကြားမှာ ချိန်ခွင်လျှာထိန်းညှိဖို့ လိုအပ်ပါတယ်” ဟုလည်း အလေးအနက်ထားဆိုလိုက်သည်။
ရိုဟင်ဂျာမေးခွန်း
——————–
မြန်မာ့ငြိမ်းချမ်းစဉ်လုပ်ငန်းစဉ်ကို နော်ဝေ၏နိုင်ငံရေးအရ ကူညီထောက်ခံမှုအတွင်းရှိ အဓိကဇာတ်ကောင်ဖြစ်ခြင်းနှင့်အညီ Norwegian People’s Aid မှာ လူနည်းစုရိုဟင်ဂျာ၏ အနေအထားအပေါ် နှုတ်ဆိတ်ထားရသည်။ ရိုဟင်ဂျာတို့မှာ ၂၀၁၂ ခုနှစ်အတွင်း စုပြုံသတ်ဖြတ် ခံရစဉ်ကတည်းက လူ့အခွင့်အရေး ချိုးဖောက်မှုများကို မဟားဒယား ခံစားနေခဲ့ရသည်။ People’s Aid မှ ဤအခြေအနေနှင့်စပ်လျဉ်း၍ အဘယ်ကြောင့် မဖွင့်ဟပါသနည်း ?
“မြန်မာပြည်ထဲမှာ အပျော့စား တွန်းတိုက်မှုလမ်းကြောင်းကို ကျွန်တော်တို့က စည်းမျဉ်းအဖြစ် ရွေးချယ်ထားပါတယ်။ လူထုကြားထဲကို ကျွန်တော်တို့ အလွန် ရွေးချယ်ပြီးမှ ချပြမယ်လို့ အစောပိုင်းကကို ဆုံးဖြတ်ခဲ့တယ်။ ကျွန်တော်တို့ အောက်ခြေမှာ လှုပ်ရှားမှုတွေကို ဦးစားပေးခဲ့တယ်။ အောက်ခြေအဆင့်ကအသံတွေ ကြားရဖို့၊ အောက်ခြေအဆင့်ထိ ဖြန့်ဝေမှု ဆက်လက်ထိန်းသိမ်းထားဖို့ ခက်ခဲသွားနိုင်ပါတယ်” ဟု Feo က ဆိုသည်။
ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီလုပ်ငန်းစဉ် အရှိန်ရလာစဉ်မှာပဲ စုပြုံသတ်ဖြတ်မှု ဖြစ်လာခဲ့ကြောင်း၊ တစ်ဖက်တွင် မြန်မာနိုင်ငံအရှေ့ပိုင်း၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပွင့်လင်းမှုထွက်လာခြင်းနှင့်အတူ နောက်တစ်ဖက်တွင် နိုင်ငံ့အနောက်ပိုင်း၌ တိုက်ခိုက်မှုများကြောင့် ၂၀၁၂ ခုနှစ်အတွင်း မျဉ်းပြိုင်အနေအထားတစ်ရပ်ဖြစ်ပွားရကြောင်း သူမှ ထောက်ပြထား၏။
“ကျွန်တော်တို့ဟာ ရွေးချယ်မှုတစ်ခုနဲ့ ထိပ်တိုက်တိုးခဲ့တယ်။ အဲ့ဒါကတော့ နိုင်ငံရေးအကြပ်အတည်းပါပဲ။ ရိုဟင်ဂျာနဲ့ပတ်သက်တဲ့ အခြေအနေကို အာရုံထားပြီး သောကထားပြီး စောင့်ကြည့်နေခဲ့ပေမယ့် ရခိုင်ပြည်နယ်မှာ Norwegian People’s Aid က အလုပ်မဖြစ်ပါဘူး။ ဒီအနေအထားမျိုးကို ကျွန်တော်တို့ မကြုံဆုံ မထိတွေ့ဖူးကြပါဘူး” ဟု Feo က ဆိုသည်။
လူသားချင်းစာနာထောက်ထားရေးအကျဉ်းအကြပ်နှင့် နိုင်ငံရေးအလားအလာများ၊ အခြားနိုင်ငံရေးလုပ်ငန်းစဉ်တို့အပေါ် ရှိသော သက်ရောက်မှုများကို Norwegian People’s Aid အနေဖြင့် မခန့်မှန်းတတ်အောင် ဖြစ်နေရကြောင်းကိုလည်း ပြောပြသည်။
ယခုသော် ဘာသာရေးပဋိပက္ခအဖြစ် အသွင်ဆောင်နေသော ရိုဟင်ဂျာအရေးကို အပြန်အလှန်ဘာသာရေးအဓိကရုဏ်းဖြစ်ပွားအောင် မီးမွှေးဆီလောင်း၍ မတည်ငြိမ်မှုဖြစ်စေရန် ဆွဲသွင်းလုံးထွေးထားသည်။ ၎င်းသည် နိုင်ငံတော်၏ ဒီမိုကရေစီလမ်းစဉ်အား ဖြိုလဲပစ်နိုင်ကြောင်း Feo က ယူဆသုံးသပ်ထားပေသည်။
xxxxxxxxxxxxx
Development Today တွင် ဖော်ပြသော Ann Danaiya Usher ၏ Norway’s aid motives questioned when Telenor received license in Myanmar ဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုသည်။
Comments