ဒီဇင်ဘာ ၃ ၊ ၂၀၁၅
M-Media (အယ်ဒီတာ့ အာဘော်)
နှစ်တစ်နှစ် သစ်ခဲ့ပြီပဲ။ ဒါပေမဲ့ စိတ်တွေ မသစ်နိုင်သေးဘူး။ ဘ၀တွေ မသစ်နိုင်သေးဘူး။ ခေတ်လည်း မသစ်နိုင်သေးဘူး။ ပန်းတိုင်လား။ ဟင့်အင်း မပြောင်းလဲဘူး။ အရင်ပန်းတိုင်တောင် ရောက်မှ မရောက်သေးဘဲကိုး။ ဘယ်မှာလာ ပန်းတိုင်အသစ်ရှေ့ရှုနိုင်ပါဦးမလဲ။ ဒီလိုနဲ့ မြန်မာပြည်သူပြည်သားတွေဟာ မသိုးမသံ့ စိတ်အဟောင်းတွေနဲ့ ဘ၀ဟောင်း၊ ခေတ်ဟောင်းထဲမှာ ပန်းတိုင်အဟောင်းဆီ လမ်းဟောင်းအတိုင်း လျှောက်မြဲလျှောက်နေရဆဲပါ။
ကမ္ဘာက နေကို ပတ်တယ်။ နေ့နဲ့ည ဖြစ်တည်လာခဲ့။ နေ့နဲ့ညပေါင်းရင် တစ်ရက်တဲ့။ ၃၆၅ ရက်ကို တစ်နှစ်လို့ သတ်မှတ်ထားကြတယ်။ တစ်နှစ်ပြည့်ရင် နှစ်သစ်ပြောင်းသတဲ့။ ဒီလိုနဲ့ သူ့ဘာသာသူလည်နေရင်းက လူတွေကို အလုပ်ရှုပ်စေဖို့ အကြောင်း ဖန်လာတယ်။ မွေးနေ့တွေ၊ နှစ်ပတ်လည်တွေ၊ သက်တမ်းတွေ ကိန်းဂဏန်းတွေနဲ့ လုံးထွေးရစ်ပတ်လို့။ ဟုတ်တယ်။ လူတွေကို အလုပ်ရှုပ်ရအောင်လို့ ကမ္ဘာ ကနေကို ပတ်နေလေရဲ့။
နေကို ကမ္ဘာက တစ်ပတ်ပတ်တယ်။ ပတ်လိုက်တိုင်း လူတွေ အသက်တစ်နှစ်ကြီးကုန်ရဲ့။ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်တော့မယ်။ လွတ်လပ်ရေးက ၆၇ နှစ်ရှိပြီတဲ့။ လက်ရှိမြန်မာအစိုးရလည်း သက်တမ်းစေ့တော့မယ်။ ဒေါ်အောင်ဆန်းစုကြည် မီးစာကုန် ရေခမ်း လုပြီလား။ ရွှေပြည်တော် မျှော်တိုင်းဝေး ရပါဦးမယ်။
နေကို ကမ္ဘာက တစ်ပတ်ပတ်တယ်။ အလင်းနဲ့ အမှောင်ကို တစ်လှည့်စီ အကွက်ဖော်ခဲ့လေရဲ့။ မစားဘဲ စွန့်ခဲ့ကြသူတွေနဲ့ မစွန့်ဘဲစားခဲ့ကြသူတွေကို မြင်လိုက်ရတယ်။ မြန်မာပြည်ဟာ အမှောင်ဘက်အခြမ်းမှာ ကာလကြာရှည်ခဲ့သလား။ ဒါမှမဟုတ် အမှောင်ကြိမ်နှုန်းများခဲ့တာလား။
နေကို ကမ္ဘာက အကြိမ်ကြိမ်ပတ်ခဲ့ဖူးတယ်။ ၁၉၄၈ မှာ မြန်မာပြည်လွတ်လပ်ရေးရတယ်။ လွတ်လပ်ရေး မရခင် ၁၉၄၇ မှာ လွတ်လပ်ရေး ပိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းက ကျဆုံးနှင့်လေပြီ။ လွတ်လပ်ရေး သစ်ပင်ကို ဗိုလ်ချုပ်စိုက်ခဲ့တယ်။ အသီးအပွင့်ကိုတော့ မစားခဲ့ရရှာဘူး။ အသက်က ၃၃နှစ်။ ငယ်ရွယ်ပျိုမျစ်တုန်း ဆုံးရှာတယ်။ သက်တမ်းတိုတဲ့ ဗိုလ်ချုပ်က အခု ရာပြည့်မွေးနေ့ပွဲတွေ ဘာတွေဖြစ်လို့။ မစားဘဲ စွန့်ခဲ့ခြင်းဟာ သက်တမ်းရှည်ခြင်းအကျိုးကို ရစေတတ်သလားပဲ။ ဒီပုံအတိုင်းဆို အနှစ် တစ်ထောင်ပြည့် မွေးနေ့ပွဲလည်း ရှိလာဦးမှာ သေချာတယ်။ လူထုရင်ထဲမှာ သူဆက်လက် ရှင်သန်နေဆဲကိုး။
မြန်မာအစိုးရကတော့ ၂၀၁၅ ဆိုတဲ့ ပန်းပဲဖိုမှာ နန်းဆွဲပြီး သက်တမ်းရှည်အောင် မီးကင် တူနှက်ဦး မယ်ထင်ပါရဲ့။ ရှေး လူတို့ကောင်းမှုကြောင့် ပြည်သူတွေရဲ့ ရင်ကွဲနာကလည်း အခုထိ အကုရခက်နေတုန်း။ လက်ပံတောင်းတောင်လို စီမံကိန်းတွေ၊ သိမ်းဆည်းခံလယ်ယာမြေတွေနဲ့ အဲဒီရင်ကွဲနာက တိုက်ရိုက် ပတ်သက်နေလေရဲ့။ လယ်မြေ၊ အိမ်ဂရံတွေကို ပေါင်နှံဖဲရိုက်ပစ်ခဲ့တဲ့ ပထွေးဆိုးရဲ့ အကြွေးမွေကို ဆက်ခံနေရတဲ့ သားသမီးတွေလိုအဖြစ်မျိုးနဲ့ မြန်မာပြည်သူတွေအဖြစ်က ရင်နင့်စရာပါ။ ရှယ်ယာပါခဲ့တဲ့ ငတေ အကိုကြီးတို့ကတော့ သူတို့ဘာမှမသိခဲ့သလို မှင်သေသေမျက်နှာပေးနဲ့ ဘောင်းဘီကိုအမြန်ချွတ်၊ တိုက်ပုံနဲ့ ပုဆိုးစွပ်ပြီး ရုပ်ပြောင်းရုပ်လွှဲ နှစ်ကိုယ်ခွဲစရိုက်နဲ့ မှင်သေသေ သရုပ်ဆောင်ကောင်းခဲ့ကြပြန်တယ်။ ဒီနှစ် အကယ်ဒမီဆုကို သူတို့ဆွတ်ခူးအံ့ဆဲဆဲမှာပဲ အကျင့်ဟောင်းတွေ ဘွားကနဲပေါ်ပြီး နှစ်ကိုယ်ခွဲပေမဲ့ တစ်ကိုယ်တည်းစရိုက်ပေါ်သွားတာကြောင့် အကယ်ဒမီဆုနဲ့ ကပ်လွဲသွားကြပုံရပါတယ်။ သူတို့ဟာ သူတို့ကြောင့်ရတဲ့ ပြည်သူတွေရဲ့ရင်ကွဲနာကို ဆေးမြီးတိုနဲ့ကြိတ် ကုဖို့ကြိုးစားနေတဲ့ ဒေါက်တာ ရမ်းကု တွေဖြစ်တယ်။ ဒီလိုနဲ့ အပ်နဲ့ ထွင်းရမယ့်ဟာက ပေါက်ဆိန်နဲ့ထွင်းရမယ့် အခြေအနေကို ရောက်လာ ခဲ့တယ်။ ကျေးဇူးကြီး လှပါပေတယ်။
၂၀၁၄ ဟာ အာဏာရှင်ခေတ်ကို အလွမ်းပြေ အလည်ရောက်ရသလိုမျိုး ခါးသက်သက် အရသာကို မြည်းစမ်းခွင့် ပြန်ရတဲ့ကာလလို့သာ ချီးမွှမ်းထောပနာ ပြုထိုက်ပါတယ်။ အခုတော့ သူလည်း လက်ပြနှုတ်ဆက်သွားပါပြီ။ တကယ်တော့ ၂၀၁၄ ဟာ သူ့အမှိုက်တွေကို သူသယ်မသွားခဲ့ပါဘူး။
မြန်မာပြည်လွတ်လပ်ရေးက ၆၇ နှစ်ရှိပြီလို့ ရှေ့မှာ ဆိုခဲ့မိပါတယ်။ အဖိုးအဖွားတွေရဲ့ တီးတိုး အမှာစကားအရတော့ လွတ်လပ်ရေးဟာ ၁၄ နှစ်သားမှာပဲ ဆုံးပါး သွားရှာပါသတဲ့။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းဟာ သူစိုက်တဲ့အပင် သေသွားရင် နောက်တစ်ပင်ထပ် စိုက်နိုင်ဖို့ မြန်မာပြည်သူတွေ အတွက် အမွေပေးခဲ့ပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်ချန်ထားခဲ့တဲ့ အမွေပါ။ သူက ဒီမိုကရေစီ သစ်ပင်ကို ပျိုးခဲ့သူပါ။ လွတ်လပ်ရေး ပိသုကာနည်းတူ ဒီမိုကရေစီပိသုကာ ခမြာလည်း မစားဘဲစွန့်မယ့် မျိုးဆက်ပေပဲလား။ ၀မ်းနည်းစရာပါ။ ဒီမိုကရေစီ သက်တမ်းကရော ဘယ်လောက်လဲ။ ၅နှစ်လား။ ၁၀ နှစ်လား။ စကို မစသေးတာလား။ ဘာမှ ရေရေရာရာ မရှိလှ။
ဂန္ဒီဟာ ငြိမ်းချမ်းရေးရဲ့ သင်္ကေတပါ။ အိန္ဒိယနိုင်ငံရဲ့ လူထုခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင်ပါ။ မြန်မာ့ လွတ်လပ်ရေးရပြီး လ မကူးခင်မှာပဲ သူ့ကို ဟိန္ဒူအမျိုးသားရေး အစွန်းရောက်ဝါဒီ စစ်သွေးကြွ တစ်ဦးဖြစ်တဲ့ နာသူရမ်ဂေါ့ဆေးက အဆုံးစီရင် လိုက်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာတို့ရဲ့လူထုခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင်ပါ။ ဂန္ဒီထက်အရင် တစ်နှစ်စောပြီး သူ့ကို မျိုးချစ် ပါတီခေါင်းဆောင် ဂဠုန်ဦးစောက အသက်နဲ့ခန္ဓာ အိုးစားကွဲစေခဲ့ပါတယ်။
အမျိုးသားရေး အစွန်းရောက်ဝါဒနဲ့ မျိုးချစ်ဆိုသူတွေဟာ လူထုခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင် တွေအတွက် နိမိတ်ဆိုး တစ်ရပ်လို့တောင် ပြောရမလိုဖြစ်နေပါတယ်။ ဒါဟာ တိုက်ဆိုင်မှုလား။ သီအိုရီ တစ်ခုလား။
ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်ပါ။ အခု သူ့ကို အမျိုးသားရေး အစွန်းရောက်ဝါဒီတွေ၊ မျိုးချစ်ဆိုသူတွေက ပစ်မှတ်ထား တိုက်ခိုက်နေပါပြီ။ တိမ်တွေညိုနေပြီလား။ တောင်စွယ်မှာ နေကွယ်လုပြီလား။ ၂၀၁၄ ကတော့ ကိုယ်လွတ်ရုန်းသွားခဲ့ပါပြီ။ ၂၀၁၅ ဟာ အနက်ရောင်ဝတ်စုံကို ၀တ်ပြီး ရောက်ရှိလာလေရဲ့။ သတိဆိုတာ ပိုတယ်မရှိ။
တစ်ခုသာ ဆိုစရာ ရှိပါတယ်။ အိုးမဲသုတ်ပေးခံရတဲ့ အိမ်ကြက်တွေ အခွပ်ရပ်ပြီး တစ်ယောက်ကို တစ်ယောက် မှတ်မိကြဖို့ လိုပါတယ်။ ပြည်သူရဲ့ရင်ကွဲနာတွေ အတွက် အုပ်ချုပ်ရေးဒေါက်တာရမ်းကုတွေနဲ့ အလုပ်မဖြစ်တော့ကြောင်းကိုလည်း သိဖို့လိုပါတယ်။ အဲဒီဒေါက်တာရမ်းကုတွေကို ပြောင်းပစ်ကြမလား။ သင်္ချိုင်းတွေကိုပဲ နေရာချဲ့ကြမလား။ တစ်ခုခုတော့ ရွေးချယ် ရပါလိမ့်မယ်။ အနာဂတ်ဘက်အခြမ်းက မှောင်ကြီးမည်းကြီးမို့ မမြင်ရ။ အမှောင်ကို တော်လှန်ဖို့ အလင်းတိုင် ကိုယ်စီဆောင်ခဲ့ကြစေ လိုပါတယ်။ ၂၀၁၅ ကို အောင်မြင်ခြင်း မီးရှူးမီးပန်းတွေ လွှတ်တင်ပြီး ကြိုဆိုလိုက်ကြရအောင်ပါ။
ဟုတ်ကဲ့။ ၂၀၁၅ မှာ အမှောင်နှင်ပွဲလည်း ရှိနိုင်တယ်။ အမှောင်နွံနစ်ပွဲလည်း ရှိနိုင်ပါတယ်။ ကျွန်တော် တို့လက်တွေနဲ့သာ ကျွန်တော်တို့ ကံကြမ္မာကို ရေးနိုင်ကြတာပါ။
M-Media ပရိသတ်များ ပညာအလင်းနဲ့ ထင်းရှင်းနိုင်ကြပါစေ။
Comments