ဇန်န၀ါရီ ၅၊ ၂၀၁၅
M-Media
– လွန်ခဲ့သည့်နှစ်ပေါင်း ၄၅၀၀ ကျော်က အီဂျစ်နိုင်ငံကို အုပ်စိုးခဲ့သည့် ဖာရိုမင်းဆက်မှ နီဖာရီဖရီး၏ မိဖုရားဟု ယုံကြည်ရသော အုတ်ဂူကို ချက် ရှေ့ဟောင်းသုတေသီများက ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။
ဘီစီ ၂၉၉၄ မှ ၂၃၄၅ ခုနှစ် အကြားတွင် မြှုပ်နှံထားခဲ့ဖွယ်ရှိသည့် အဆိုပါ အုတ်ဂူကို အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ အနောက်တောင်ဘက် အဘူဆာရ် ဘုရင်နိုင်ငံဟောင်း သင်္ချိုင်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ထိုနေရာ၌ နီဖာရီဖရီးအပါအ၀င် ပဉ္စမမြောက်မင်းဆက် ဖာရိုဘုရင်များ တည်ဆောက်ထားသည့် ပိရမစ်များ ရှိနေသောနေရာလည်း ဖြစ်သည်။
အဆိုပါ မိဖုရား၏ အမည်မှာ ခန်သာကောအက်စ်ဖြစ်ပြီး ယခုအုတ်ဂူ မတွေ့မီအချိန်အထိ ၎င်း၏ အမည်အား သိရှိခြင်းမရှိဟု အီဂျစ် ရှေးဟောင်း သုတေသန၀န်ကြီး မမ်ဒူ အလ်-ဒါမာတီက ပြောကြားခဲ့သည်။
ယခင်ကလည်း ထိုအမည်ဖြင့် မိဖုရားနှစ်ဦးအား ရှာဖွေတွေ့ရှိထားသည့်အတွက်ကြောင့် ယခုတွေ့ရှိခဲ့သည့် မိဖုရားမှာ ခန်သာကောအက်စ် ၃ ဖြစ်လာမည် ဖြစ်သည်။ သူမ၏အမည်နှင့် အဆင့်အတန်းတို့ကို အုတ်ဂူတွင် ကမ္ဗည်းရေးထိုးထားပြီး အုတ်ဂူ တည်ဆောက်သူက ရေးထိုးထားခြင်း ဖြစ်နိုင်သည်ဟု ဒါမာတီက ထည့်သွင်းပြောကြားခဲ့သည်။
`ဒီရှာဖွေတွေ့ရှိမှုဟာ ပထမဆုံး ပိရမစ်တွေကို တည်ဆောက်ခဲ့တဲ့ စတုတ္ထမြောက် ဖာရိုမင်းဆက်နဲ့အတူ ပဉ္စမမြောက် ဖာရိုမင်းဆက်ရဲ့ မသိရှိရသေးတဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဖော်ထုတ်ဖို့ အကူအညီပေးပါလိမ့်မယ်´ ဟု ဒါမာတီက ဆိုသည်။
သုတေသနပညာရှင်များမှာ အဆိုပါ အုတ်ဂူအပြင် ထုံးကျောက်ဖြင့် ပြုလုပ်ထားသော အသုံးအဆောင် ၂၄ ခု၊ ကြေးနီဖြင့် ပြုလုပ်ထားသော အသုံးအဆောင် ၄ ခု အပါအ၀င် ပန်းကန်ခွက်ယောက် အသုံးအဆောင်ပေါင်း ၃၀ ခန့်ကိုလည်း တွေ့ရှိခဲ့သည်။
Ref : aljazeera
Leave a Reply
You must be logged in to post a comment.