ဇန်န၀ါရီ ၁၃၊ ၂၀၁၅
M-Media
– လူ့အဖွဲ့အစည်း အတွင်း သည်းခံမှုများ ရှိလာရန်၊ ပဲရစ်တိုက်ခိုက်မှုအား ရှုတ်ချရန်နှင့် ဂျာမနီတွင် မြင့်တက်လာသော မွတ်စလင် ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ဆန့်ကျင်ရန် ရည်ရွယ်၍ ဂျာမနီရှိ မွတ်စလင် လူ့အဖွဲ့အစည်းမှ ပြုလုပ်သော ချီတက်လမ်းလျှောက်ပွဲတွင် ၀န်ကြီးချုပ် အိန်ဂျလာမာကဲလ်က ပါဝင်မည်ဟုသိရသည်။
ဂျာမနီမွတ်စလင်ဗဟိုကောင်စီမှ စီစဉ်သော အဆိုပါ ချီတက်လမ်းလျှောက်မှုကို ဇန်န၀ါရီ ၁၃ ရက်နေ့ ညနေပိုင်းတွင် ပြုလုပ် သွားမည်ဖြစ်ပြီး ဘာလင်ရှိ အထင်ကရ နေရာ တစ်ခုဖြစ်သော Brandenburg Gate မှ စတင်ချီတက်မည်ဖြစ်သည်။ “Let’s be there for each other. Terror: not in our name!” (ငါတို့အားလုံး အတူရှိကြစို့။ အကြမ်းဖက်ခြင်းကို တို့လက်မခံ) ခေါင်းစဉ်ဖြင့် ပြုလုပ်မည့် ထိုချီတက်ပွဲတွင် ဂျာမနီသမ္မတ ဂျိုအာချင်း ဂေါက်က မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
ဝန်ကြီးချုပ်မာကဲလ်အပါအ၀င် ထိုချီတက်ပွဲသို့ ကတ်ဘိနတ်ဝန်ကြီးများလည်း တက်ရောက်မည်ဖြစ်သည်။ မာကဲလ်မှာ PEGIDA အဖွဲ့၏ အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ဝေဖန်ပြစ်တင်ထားပြီး အစ္စလာမ်သာသနာမှာ ဂျာမနီ၏ အယူဝါဒဖြစ်သည်ဟု ယမန်နေ့ ကပင် ပြောကြားခဲ့သည်။
PEGIDA မှာ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း နိုင်ငံအရှေ့ပိုင်း ဒရက်စ်ဒန် မြို့၌ အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြမှုများကို ပြုလုပ်ခဲ့သည်။ သို့သော်လည်း ဂျာမန်ပြည်သူများက နိုင်ငံတစ်ဝှမ်းတွင် ထိုအဖွဲ့၏ လုပ်ရပ်ကို ရှုတ်ချသော ဆန္ဒပြမှုများကို တန်ပြန် ပြုလုပ်ခဲ့ကြသည်။
မာကဲလ်ကမူ ပဲရစ် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ချက်ချင်းပင် ထိုလုပ်ရပ်အား ဆန့်ကျင်ရှုတ် ချခဲ့ကြသည့် နိုင်ငံအတွင်းမှ မွတ်စလင် လူ့အဖွဲ့အစည်းကို ကျေးဇူးတင်ကြောင်း ယမန်နေ့က ပြောကြားခဲ့ကြသည်။
Ref : aljazeera
Comments