6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်နဝါရီ ၁၄ ၊ ၂၀၁၅
M-Media

Gazaorphan
– Donald Duck ကာတွန်းမှ သရုပ်ဆောင်လေးများ၏ စတစ်ကာများကို ကပ်ထားသော နံရံများနှင့် အစာသွတ် ၀က်ဝံရုပ်ကလေးများကို အစီအရီချထားသော သန့်ရှင်းသည့် အိပ်ရာလေးများရှိနေသော ဂါဇာစီးတီးရှိ အလ်-အမဲလ် မိဘမဲ့ဂေဟာမှ အခန်းလေးများမှာ ကလေးငယ်တိုင်းနှင့် ပတ်သက်နေသည်။

သို့ရာတွင် ဆွဲဆောင်မှုအရှိဆုံးက အဆိုပါ မိဘမဲ့ဂေဟာ မျက်နှာစာရှိ နံရံများတွင်ဖြစ်သည်။ ဒုံးကျည်များကိုရေးဆွဲထားသည်။ အစ္စရေး တိုက်လေယာဉ်များ၊ အပိုင်းပိုင်းပြတ်တောက်နေသော လူကိုယ်ခန္ဓာကိုယ် အစိတ်အပိုင်းများ စသဖြင့် စစ်၏ အနိဌာရုံများကို ရေးခြစ်ထားကြသည်။ နှလုံးသားနုနယ်သော ထိုကလေးများအဖို့ စစ်ပွဲသာလျှင် ၎င်းတို့သိထားသည့် တစ်ခုတည်းသော အရာဖြစ်လေသည်။

`လေယာဉ်ပျံအသံကြားတဲ့အခါ၊ သမီးကြောက်ကြောက်လာတယ်´ ဟု ဂေဟာ အခန်းကျယ်ရှိ ကူရှင်တစ်ခုပေါ်တွင် ဒူးတုပ်ထိုင်နေသော အသက် ၈ နှစ်အရွယ် အိုင်ရှာ အလ်-ရှင်ဘာရီက ပြောသည်။

`စစ်ဖြစ်တုန်းက သမီးရဲ့အိမ် ပြိုသွားတယ်လေ။ အိမ်လည်း မမှတ်မိတော့ပါဘူး။ သမီးက သေချင်တာ။ အဲဒါမှ မေမေ့ဆီသွားနိုင်မှာပေါ့´ သူမက ထပ်ပြောသည်။

ဖခင်မှာ ဓမ္မတာအတိုင်းသေဆုံးသွားပြီး အကိုဖြစ်သူမှာလည်း အစ္စရေး၏ လေကြောင်းမှတိုက်ခိုက်မှုတွင် သေဆုံးခဲ့ရပြီးနောက် ခိုကိုးရာမဲ့သော အိုင်ရှာလေးမှာ အမဲလ် မိဘမဲ့ဂေဟာသို့ လွန်ခဲ့သည့် နှစ်အနည်းငယ်က ရောက်ရှိလာခဲ့သည်။ မိခင်ဖြစ်သူက ကလေးများအားလုံးကို မစောင့်ရှောက်နိုင်၍ မိဘမဲ့ဂေဟာသို့ ပို့လိုက်ခြင်းဖြစ်သည်။

၂၀၁၄ ခုနှစ် အစ္စရေး၏ တိုက်ခိုက်မှုအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသော ဂါဇာပြည်သူများအတွက် ကယ်ဆယ်ရေးစခန်းအဖြစ် ပြုလုပ်ပေးရသောကြောင့် ဂေဟာရှိ မိဘမဲ့ကလေးများကို ဆွေမျိုးများဆီ ပြန်ပို့ပေးခဲ့သည်။ ထို့ကြောင့် အိုင်ရှာလေးမှာ မိခင်ဖြစ်သူ၏ ရင်ခွင်တွင် တစ်ဖန်ပြန်၍ ခိုလှုံခွင့် ရခဲ့လေသည်။ သို့ရာတွင် သိပ်မကြာလိုက်။ မိခင်မှာလည်း အစ္စရေး၏လက်ချက်ကြောင့်ပင် ဘ၀တစ်ပါးသို့ ကူးပြောင်းခဲ့ရပြန်သည်။

ယခုတွင်တော့ ချစ်လှစွာသော မေမေက အိုင်ရှာ၏ အိပ်မက်ထဲသို့သာ ရောက်ရောက်လာတတ်သည်။ ချစ်စရာ့သမီးငယ်လေးကို နွေးထွေးသော ရင်ခွင်ထဲတွင် ထွေးပွေ့ထားပြီး အနမ်းလေးတွေပေးသည်။ ထို့နောက်တွင်တော့ ပြန်လည်ပျောက်ကွယ်သွားလေ၏။ အိပ်ရာမှ နိုးလာသည့်အခါတွင် အိုင်ရှာလေးက ဒုံးကျည်ပုံများ ရေးဆွဲတတ်သည်ဟု ဂေဟာအုပ်ချုပ်သူက ဆိုသည်။

အစ္စရေး၏ ၀န်းရံပိတ်ဆို့မှုကို ခံထားရသည့် ဂါဇာဒေသတွင်တော့ အိုင်ရှာလေး၏ ရင်နင့်ဖွယ်ကောင်းသည့် ဇာတ်လမ်းက ထူးထူးဆန်းဆန်းဇာတ်လမ်းမဟုတ်တော့။ ၂၀၁၄ ဇူလိုင်လတွင် စတင်ခဲ့သည့် အစ္စရေး၏ ၅၁ ရက်ကြာတိုက်ခိုက်မှုအတွင်း ဂါဇာပြည်သူ ၂၂၀၀ သေဆုံးခဲ့ရသည်။ ဒဏ်ရာရသူများကလည်း ရေတွက်၍မရ။ မိဘမဲ့ကလေးများ ထောင်ပေါင်းများစွာ ရှိနေသော ဂါဇာတွင် ထိုတိုက်ခိုက်မှုကြောင့် မိဘမဲ့ကလေးငယ် ၁၅၀၀ ကျော် ထပ်တိုးလာသည်ဟု အမဲလ်မိဘမဲ့ဂေဟာ ဒါရိုက်တာအဖွဲ့ ဥက္ကဌ အဘဒ် အလ်-မဂျစ် အလ်ခိုဒါရီက ပြောလေသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ကျော်က တည်ဆောက်ခဲ့သည့် အဆိုပါ မိဘမဲ့ဂေဟာက ဂါဇာရှိ မိဘမဲ့ ကလေးသူငယ်များအတွက် တစ်ခုတည်းသော ခိုလှုံရာနေရာဖြစ်သည်။ ဂါဇာရှိ များပြားလှသော မိဘမဲ့ကလေးများအားလုံးကို တာဝန်မယူနိုင်သောကြောင့် အချို့တဲ့ဆုံးသော ကလေးများကိုသာ မိဘမဲ့ဂေဟာမှ လက်ခံသည်။

`ဒီကလေးတစ်ချို့ဟာဆိုရင် သူတို့ရဲ့ မိခင်တွေ၊ မိသားစုတွေ သူတို့ရှေ့မှာ သေဆုံးတာကို မြင်ခဲ့ကြတယ်´ ဟု အလ်ခိုဒါရီက ဖွင့်ဟခဲ့သည်။

၂၀၁၄ ခုနှစ် အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုပြီးနောက် အမဲလ် မိဘာမဲ့ဂေဟာတွင် လာရောက်ခိုလှုံကြသည့် မိဘမဲ့ကလေးများ၏ အရေအတွက်မှာ ၂ ဆတိုးလာပြီး ၁၅၀ အထိ ရှိလာသည်။ ဂေဟာသမိုင်းတွင် အမြင့်ဆုံး ပမာဏလည်းဖြစ်သည်ဟု ဘုတ်အဖွဲ့ဝင် ကမားလ် မက်ဘင်ကဆိုပြီး နှစ်မကုန်ခင် မြင့်တက်မည်ဟု ခန့်မှန်းရကြောင်းလည်း ပြောခဲ့သည်။ ရန်ပုံငွေကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရှာဖွေနေရသည့် ဂေဟာအနေဖြင့် စုပြုံကျလာသည့် ကလေးများအတွက် နေရာထိုင်ခင်းပေးရန် နေရာကို တိုးချဲ့ဆောက်လုပ်နေရသည်။ ကလေးငယ်များအား စောင့်ကြည့်ရန်၊ ကျွေးမွေးရန်၊ စာသင်ပေးရန်၊ ကစားပေးရန်နှင့် ကလေးငယ်များ၏ စိတ်ဒဏ်ရာများကို ကုစားပေးရန်အတွက် ၀န်ထမ်း ၅၀ ကျော်က နေ့မအား၊ ညမနား ဆောင်ရွက်ပေးနေကြသည်။

`မျက်စိရှေ့မှာတင် မိသားစုတွေ အသတ်ခံလိုက်ရတဲ့ကလေးတွေ၊ တစ်ခုခုသွားဝယ်ပြီး အပြန်မှာ မိသားစုအားလုံးသေဆုံးနေ တာကို တွေ့လိုက်ရတဲ့ကလေးတွေ၊ ဒီကလေးတွေအတွက် စိတ်ပိုင်းဆိုင်ရာ အခြေအနေက မြင်ရသမျှထဲမှာ အဆိုးဆုံးပါပဲ´ ဟု မက်ဘင်ကဆိုသည်။ ထို့ပြင် ကလေးအများစုမှာ နက်ရှိုင်းလှသည့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများဖြင့် ရုန်းကန်နေရပြီး စိုးရိမ်ထိတ်လန့်မှုကိုလည်း အကြီးအကျယ် ခံစားနေရသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

`သူတို့ အိပ်လို့မရကြဘူး။ အမြဲတမ်းကြောက်ရွံ့နေကြတယ်။ ဒါမျိုးတွေကို သူတို့လေးတွေ ကျော်လွှားနိုင်ဖို့ ကျွန်တော်တို့က တတ်နိုင်သလောက် အချိန်ပေးကြပါတယ်´

အသက် ၁၀ နှစ်အရွယ်ရှိ နောင်ဝလ် ယာစင်းတစ်ယောက် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက အမဲလ် မိဘမဲ့ဂေဟာကို ရောက်ရှိ လာသည်။ ဦးလေးဖြစ်သူက ဖုန်းကို နောင်ဝလ်၏ ဖခင်ကို ပေးထားပြီး အစ္စရေးဘက်က ဖုန်းခေါ်သည့်အခါ ဖခင်ဖြစ်သူက `ခင်ဗျားတို့ ကျုပ်ညီဆီက ဘာလိုချင်လို့လဲ´ ဟု မေးလိုက်သည်ဟု နောင်ဝလ်လေးက ပြောပြသည်။ တစ်ဖက်မှလူက `မင်းညီကို ဘယ်နေရာမှာပဲ ဖွက်ထားထား၊ ငါတို့လိုက်ရှာပြီး သတ်ပစ်မယ်´ ဟု ပြောသည်ဟူ၏။

`သမီးဖေဖေက အဲဒီအစ္စရေးတွေကို ပြန်ပြောလိုက်တာပေါ့။ `ငါတို့ တယ်လ်အဗီးလ်ကို လာပြီး မင်းတို့လည်ပင်းကို နင်းပစ်လိုက်မယ်´လို့´ ဟု နောင်ဝလ်လေးက ဆိုလေသည်။ ထိုအချိန်တွင်တော့ သူမ၏ ချစ်စရာမျက်နှာလေးတွင် ဂုဏ်ယူမှုအလင်းတန်းလေးက ဖျတ်ခနဲ ၀င်းလက်သွားသည်။

ဂေဟာမှ တာဝန်ရှိသူ ရီဝေဒါ ကာဆက်က ထိုအကြောင်းအရာမှာ တကယ်မဟုတ်ဘဲ ဖခင်အား သူရဲကောင်းတစ်ယောက်အဖြစ် ထင်မှတ်စေရန်အတွက် မိခင်ဖြစ်သူမှ ဖန်တီးထားသော ဇာတ်လမ်းတစ်ခုဖြစ်သည်ဟု နောင်ဝလ်လေးမကြားအောင် ရှင်းပြသည်။ တကယ်တော့ နောင်ဝလ်၏ ဖခင်မှာ နှလုံးသို့ ဒုံးကျည်မှအမြောက်ဆန် မှန်သောကြောင့် ဆေးရုံသို့အပို့-၎င်းတို့စီးလာသည့်ကားကို အစ္စရေးက ဗုံးကြဲလိုက်ရာမှ သေဆုံးခဲ့ရခြင်းဖြစ်သည်။ သေဆုံးကြောင်းကို ၎င်းဝတ်ဆင်ထားသော အ၀တ်အစားအပိုင်းအစကို ကြည့်ရှု၍သာ ဆုံးဖြတ်နိုင်ခဲ့လေသည်။

မန်နဲလ် အဘူ တိုင်ယီမာမှာ အသက် ၁၁ နှစ်ရှိပြီး ခန်ယူနစ်ဒေသမှဖြစ်သည်။ သူမ၏ ဖခင် သေဆုံးမှုကို ကွက်ကွက် ကွင်းကွင်းပင် ပြောပြသည်။ `ပြတင်းပေါက်နားမသွားနဲ့´ ဟုဖခင်ဖြစ်သူက လှမ်းသတိပေးသည်ကို သူမ မှတ်မိနေ၏။ ခဏအကြာတွင်တော့ ဒုံးကျည် ၂ လုံးက သူမတို့အိမ်ကို ထိမှန်ခဲ့သည်။

`တစ်လုံးက သမီးရဲ့ ၀မ်းကွဲမောင်တစ်ဦးဆီကို တည့်တည့်ကျသွားပြီး အစိတ်စိတ် အမွှာမွှာဖြစ်သွားတယ်။ နောက်တစ်ခုကတော့ အဖေ့ပေါ် ကျသွားတယ်လေ´ ဟု ဆို့နင့်ကြေကွဲသံဖြင့် သူမက ပြောခဲ့သည်။ မျက်နှာမှာတော့ ရင့်ကျက်သည့် အမျိုးသမီးတစ်ဦး၏ ပုံစံမျိုးဖြင့်။

`အဖေ့ခေါင်းကို ပွင့်ထွက်သွားတာပါပဲ´

ထိုကဲ့သို့ပြောနေစဉ်အတွင်း တိုင်ယီမာတစ်ယောက် သူကမ၏ လက်ကလေးနှစ်ဘက်ကို ဖျစ်ညှစ်နေသည်။ ဘေးနားတွင် ထိုင်နားထောင်နေသော သူမ၏ အမကလည်း ထိုအမူအရာကိုပင် လုပ်နေ၏။

`လူနာတင်ယာဉ်သံတွေကြားတာနဲ့ သမီးငိုတာပဲ။ စစ်ပွဲတုန်းကဆို ခဏခဏကြားရတယ်လေ။ ဂေဟာမှာ လုံခြုံပေမယ့် ဂါဇာကတော မလုံခြုံပါဘူး။ အမြဲတမ်း စစ်ဖြစ်မယ်လို့ပဲ ထင်နေတယ်´ ဟု သူမ၏ စိုးရိမ်ကြောင့်ကြနေမှုကို ဖွင့်ဟခဲ့သည်။

ဂေဟာ၏ လူသွားလမ်း တစ်ဖက်တစ်ချက်တွင်တော့ အသက် ၁၄ နှစ်အရွယ် ယူဆက်ဖ် အလ်-ရှင်ဘာရီက အမြောက်ဆန်မှန်၍ ရထားသော ခြေချင်းဝတ်မှ အနာရွတ်ကြီးကို ပြသရန် ဘောင်းဘီကို ခေါက်တင်နေသည်။ ကယ်ဆယ်ရေးစခန်းအဖြစ်လုပ်ထားသော ကုလသမဂ္ဂ၏ စာသင်ကျောင်းအတွင်း မိသားစုနှင့်အတူ ခိုလှုံနေစဉ် ထိုကျောင်းအား အစ္စရေးက ဗုံးကြဲတိုက်ခိုက်မှုမှ ရရှိခဲ့သည့် ဒဏ်ရာဖြစ်သည်။

ထိုတိုက်ခိုက်မှုအတွင်း ရှင်ဘာရီ၏ ညီမငယ်ကတော့ ခြေထောက်  နှစ်ဘက်စလုံး ဖြတ်ပစ်လိုက်ရပြီး ဆေးကုသရန်အတွက် တူရကီသို့လွှတ်လိုက်ရသည်။

`ညီမလေးကိုမြင်တိုင်း ကျွန်တော် ထိတ်လန့်တုန်လှုပ်ရပါတယ်။ ဘာဖြစ်ခဲ့သဲဆိုတာကိုလည်း ကျွန်တော် မှတ်မိနေပါတယ်´

အထစ်ထစ်အငေါ့အငေါ့ဖြင့် ယူဆက်ဖ်က ပြောပြနေသည်။

အမဲလ် မိဘမဲ့ဂေဟာရှိ ကလေးအချို့ကတော့ ဖျက်ဆီးခံလိုက်ရသည့် အဆောက်အဦးများအား ကစားစရာ ပလတ်စတစ်တုံးလေးများဖြင့် ဖန်တီးနေကြသည်။ အချို့ကတော့ ထိုဂေဟာမှ မိဘမဲ့ကလေးတစ်ဦးဖြစ်သည့် ပန်းချီ ပန်းပုပညာရှင် မဟ်မူးဒ် အီးဒ်နှင့် လေ့ကျင်နေကြသည်။ အသက် ၂၀ စွန်းစွန်း ရှိပြီဖြစ်သည့် မဟ်မူးဒ်အီးဒ်၏ လက်ရာများကို ပြသရန် အတွက် ဂေဟာထဲတွင် ပြခန်း တခန်း ဖန်တီးပေးထားသည်။ ထိုပြခန်းတွင် သစ်သားဖြင့် ပြုလုပ်ထားသော ပါလက်စတိုင်းမြေပုံ၊ ရွှံ့ဖြင့်ပြုလုပ်ထားသော အိုးများ၊ စိတ္တဇပန်းချီများနှင့် ကြောက်စရာမျက်နှာများ စသည့် မဟ်မူးဒ်၏ လက်ရာများကို ပြသထားသည်။

ဂေဟာရှိအချို့သောကလေးငယ်များ၏ လက်ရာများကိုလည်း အဆိုပါ ခန်းမတွင် ပြသထားသည်။ စိတ်နှလုံးညှိုးနွမ်းဖွယ်ရာများတော့ မဟုတ်။ နေမင်းကြီးပုံ၊ ရွက်လွှင့်နေသော လှေပုံ စသည့် ခွန်အားပေးသော၊ လွတ်မြောက်ခြင်းကိုပြသော ပန်းချီများ၊ မှန်ပေါ်တွင် ရေးဆွဲ ထားသော ပန်ချီးကားများကို ပြသထားခြင်းဖြစ်လေ၏။ အဆိုပါ ကလေးငယ်များ၏ ဘ၀ ဆက်လက်တောက်ပနေမည်ဆိုသည်ကို အတည်ပြုခြင်းမျိုးလည်း ဖြစ်လေသည်။

အချိန်ကြာလာသည့်နှင့်အမျှ စစ်မဖြစ်ခင် ၎င်းတို့၏ ဘ၀များ၊ မိသားစုများ စသည့် အမှတ်တရ အချိန်ကလေးများမှာ ပို၍ ဝေးကွာ သွားမည်ဖြစ်၏။ သို့ရာတွင် ထိုအရာများမှာ မည်သည့်အချိန်မှ ပျောက်ပျက်သွားမည်မဟုတ်ဟု မက်ဘင်က ပြောကြားခဲ့လေသည်။

`ဘယ်သူမှ မေ့ပျောက်ကြမှာ မဟုတ်ပါဘူး။ အထူးသဖြင့် ကလေးတွေပေါ့ဗျာ။ ကလေးတွေက သူတို့ရဲ့ မိသားစုကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ (ပါလက်စတိုင်းသားအားလုံးက) ကျွန်တော်တို့ ပိုင်နက် သိမ်းပိုက်ခံလိုက်ရတဲ့ ၁၉၄၈ ခုနှစ်ကို သတိရနေကြမှာပါ။ အစ္စရေးကတော့ ကျွန်တော်တို့ကို မေ့စေချင်ကြတယ်လေ။ ဒါပေမယ့် ကျွန်တော်တို့ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး´

ref: Al Jazeera
.လေးမောင် ဘာသာပြန်ဆို တင်ဆက်သည်။

Leave a Reply