6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်နဝါရီ ၁၄ ၊ ၂၀၁၅
M-Media
ညီသွေးရေးသည်။
11
စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံတော်မှာ ဓားတစ်စင်းဟာ အစိုးရဖြစ်ခဲ့လျှင် ဓားကိုင်တဲ့လက်ဟာ ပြည်သူလူထုပဲဖြစ်ရမယ်။ သို့မှသာ ဒီဓားကို အသုံးချပြီး ပြည်သူတွေကို အလိုရှိတဲ့ဘဝ၊ လုံခြုံစိတ်ချရတဲ့ လူနေမှုစနစ်ကို ရယူပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါမှမဟုတ်ဘဲ ဓားကိုင်တဲ့လက်တွေဟာ အစိုးရမင်းများဖြစ်နေခဲ့ပြီ။ မလိုအပ်ပဲနဲ့ အဲဒီဓားကို သူတို့ခုတ်ချင်နေတဲ့နေရာမှာ စည်းမရှိကမ်းမရှိ ခုတ်ထစ်နေမယ်ဆိုလျှင်တော့ ပြည်သူတွေရဲ့ဘဝဟာ အသွားတွေတုံး၊ တွန့်လိမ်ကောက်ကွေးသုံး စားမရတဲ့ဓားဘဝ ရောက် ရပါလိမ့်မယ်။ ဒီနိုင်ငံမှာတော့ ဓားကိုင်တဲ့လက်တွေဟာ အစိုးရလား ပြည်သူလားဆိုတာ စဉ်းစားစရာမလိုတော့အောင် ကွဲပြားခြားနားသိသာထင်ရှားပြီး ဖြစ်ပါတယ်။

အခုဓားကိုင်သော လက် ပုစ္ဆာများကို တင်ပြပါတော့မယ်။ မျက်စိသောတဆင်ကြပါတော့ခင်ဗျာ။

စစ်သားကြီးကို ကျွန်တော်မျှော်မှန်းသည်ဆိုတဲ့ ၂၅ ရာခိုင်နှုန်းသောအစုက လွှတ်တော်ထဲမှာ အခန့်သား၊ တိုင်းပြည်ဟာ စိုးရိမ်သောကဗျာ ပါဒတွေနဲ့ ပြည်သူဟာ ဓားကိုင်တဲ့လက်မဟုတ်တော့ဘူး။ လက်ပံတောင်းတောင်ဟာ ပြားပြားဝပ်လို့ လယ်သမားတောင်သူဟာ ထောင် ထမင်းထောင် ဟင်းစားလို့ ပြည်သူဟာ ဓားကိုင်တဲ့ လက်မဟုတ်တော့ဘူး။ ညီငယ် ညီမငယ်တွေ နေရောင်အောက်မှာ ခမောက် ကလေးတွေဆောင်းလို့၊ ဂျပ်ဆင်အောက်မှာ အသံတွေပြာလို့ ပြည်သူဟာ ဓားကိုင်တဲ့ လက်မဟုတ်တော့ဘူး။ ကိုပါကြီးဟာ ရင်ဟောင်းလောင်းပွင့်လို့ ပဋာစာရီ မသန္တာဟာ မျက်ရည်ချောင်းဖြစ်လို့ ပြည်သူဟာ ဓားကိုင်တဲ့ လက်မဟုတ်တော့ဘူး။ မင်းကတိ မတည်ဝန်ကဆိုခဲ့တဲ့ စကားမမြဲ၊ ထွက်ပြီးသား ဆင်စွယ်ပြန်ဝင်ရရှာပြီ ပြည်သူဟာ ဓားကိုင်တဲ့ လက်မဟုတ်တော့ဘူး။

နောက်ထပ် ကိုပါကြီးတွေ အများကြီးရှိနေသေးပေမယ့် ကိုပါကြီးအဖြစ်တွေ ထပ် မဖြစ်စေချင်တော့ပါဘူး။ နောက်ထပ် အာဇာနည် ကျောင်းသား ကျောင်းသူတွေ အများကြီးကျန်နေသေးပေမယ့် ဒုတိယမ္မိ ဘုန်းမော်တွေ၊ ဒုတိကမ္မိ ဝင်းမော်ဦးတွေ အပူလုံးကြွ ယူကြုံးမဝတဲ့ ဘဝတွေ လွန်ပါစေတော့။ နောက်ထပ်ပြည်သူတွေ အများကြီးကျန်နေသေးပေမယ့် နောက်တစ်ခေါက် ၈၈ တွေ၊ နောက်တစ်ခေါက် လက်ပံတောင်းတောင်တွေ၊ နောက်တစ်ခေါက် ဒီပဲယင်းတွေကုန်ပါစေတော့။ အမှုမှန်ပေါ်ပေါက်အောင် ဆိုတဲ့ စကားလုံးနဲ့ လူထုကိုချပြတဲ့နေရာမှာ ပွင့်လင်းမြင်သာဆိုတဲ့ စကားလုံးတွေဟာ နောက်ထပ်မျက်နှာ မငယ်ရပါစေနဲ့တော့။

“ကျွန်မတို့လုပ်စရာရှိတာကို အေးအေးချမ်းချမ်းနဲ့ပြည်သူလည်း မနာအောင် ကျွန်မတို့တိုင်းပြည်ကိုလည်း သိက္ခာမကျအောင် လုပ်သွားပါမယ် လို့ ပြောလိုပါတယ်။” ဒါကပြည်သူ့ အချစ်တော် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ဆုံးစကားပါ။ အဲဒီအတိုင်း တစ်ကယ်ဖြစ်လာ ခဲ့လျှင်တော့ အတိုင်းအထက် အလွန်တံခွန်နဲ့ ကုက္ကားပေါ့။ ဒါပေမယ့် တစ်ကယ်ဖြစ်နေတာကတော့ ပြည်သူတွေဟာ နာရုံမက၊ ပြာနှမ်းနေတဲ့သူ၊ အသက်ထွက်တဲ့သူ၊ ဘဝပျက်တဲ့သူ၊ သိုက်မြုံစွန့်ရတဲ့သူတွေ များခဲ့ရပါပြီ။ တိုင်းပြည်ကို သိက္ခာမကျအောင်ဆိုတဲ့ စကားကိုအကောင်အထည်ဖော်နိုင်ဖို့ ရန်မှာတော့ အချို့မျက်ရည်တွေကို ဥပေက္ခာပြုရပါလိမ့်မယ်။ အချို့မတရားမှုတွေကို လျစ်လျူရှု ရပါလိမ့်မယ်။ အပြီးပြတ်သေးတဲ့ အမှုတွဲတွေထဲက ဥဒါန်းမကျေဆိုတာတွေကို အပြီးတိုင်မြေမြှပ် ပစ်ရပါလိမ့်မယ်။ အခက်ခဲဆုံးအပိုင်းတွေကို ၁၀၀% ရင်ဆိုင်ရပါလိမ့်မယ်။ ဒီအခြေအနေမှာပြည်သူ လူထုအနေနှင့် နှစ်ခုပဲရွေးစရာ ရှိပါတယ်။ တစ်ခုက ကိုယ်တိုင် ဦးဆောင်နိုင်တဲ့သူဖြစ်ချင်ဖြစ် မဟုတ်ခဲ့လျှင် နောက်လိုက်ကောင်းဖြစ် ဒီနှစ်ခုပဲ ရှိပါတော့တယ်။ အရည်အချင်း ရှိအောင်လုပ် (သို့) အရည်အချင်း ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်။ ကိုမင်းကိုနိုင်က ကိုပါကြီးကိစ္စ ဆန္ဒဖော်ထုတ်ပွဲ အရေးယူဖို့ကြိုးစားခဲ့ရင် နောင်ရာဂဏန်း၊ ထောင်သောင်း သိန်းသန်းတွေကို ရင်ဆိုင်ဖို့ပြင်ထား ပါလို့ပြောချင်တယ်ဆိုတဲ့ အဲဒီအင်အားစုထဲမှာ ပါဝင်နစ်မြှပ် လိုက်ဖို့ပဲရှိပါတယ်။

တိုင်းပြည်ရဲ့အကြီးမားဆုံးအင်အားဆိုတာ စည်းလုံးညီညွတ်သော စိတ်ဝမ်းမကွဲပြားသော ပြည်သူလူထုရဲ့လက်ထဲမှာပဲ ရှိပါတယ်။ ပြည်သူ အင်အားစုများဟာ အကွဲကွဲအပြားပြားဖြစ်နေမယ် ဆိုလျှင်တော့ ဝါးအစည်းပြေကိုချိုးသလို တစ်ချောင်းချင်း အချိုးခံရဖို့ကိန်းပဲရှိပါတယ်။ တစ်ချို့ အကြံအစည်တွေဟာ စကောလောက် မနက်ပါဘူး။ ဒါပေမယ့် အဲဒီငါးမျှားချိတ် မမြင်ဘဲ ငါးစာကိုသာမြင်ခဲ့တဲ့ပြည်သူ အချို့ဟာ သုတ်ကနဲပါသွားခဲ့ရရှာပါတယ်။ အဲဒီရဲ့သာဓကတွေကတော့ ရခိုင် အရေးအခင်းရှိပါတယ်။ မိထ္တီလာအရေးအခင်းရှိပါတယ်။ မန္တလေး အရေးအခင်းရှိပါတယ်။ နေက်ထပ်လည်း အလှမ်းမတော်လျှင် ပြည်သူလူထုဟာ ငါးမျှားချိတ်ပါတဲ့ ငါးစားတွေကို ဟပ်မိသွားနိုင်ပါတယ်။ ပြည်သူလူထုအနေနှင့် အလိုအပ်ဆုံးအချိန်မှာ သုံးဖို့ခုချိန်မှာ ကိုယ့်ကိုယ်ကိုထက်နေအောင်သွေးနေဖို့ လိုပါတယ်။ အချိန်တစ်ချိန်ဆိုတာ ကျိန်းသေရောက်လာမှာပါ။ Plan A, Plan B တွေနဲ့ အလုပ်မဖြစ်တော့တဲ့အခါ Plan C သုံးရမယ့် အချိန်ရောက်လာပြီဆိုလျှင်တော့ ကျွန်တော်တို့ပြည်သူတွေ အားလုံးစည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဆုံးဖြတ်ချက်တွေ ချရပါလိမ့်မယ်။

အမေရိကန်သမ္မတ အိုဘားမားလာတာ သူ့အကျိုးစီးပွားအများကြီးပါတယ်။ IS တွေကို တိုက်ခိုက်ချေမှုန်းတဲ့ ကိစ္စရပ်မှာတောင် သူ့ပြည်သူလူထု ဘဏ္ဍာငွေ ၅.၆ ဘီလီယံကို အမေရိကန် ကွန်ကရက်က တစ်ဆင့်တောင်းခံခဲ့ပါတယ်။ တရုတ်ဝန်ကြီးချုပ်လာတဲ့ ကိစ္စမှာကတော့ သူ့အကျိုး ၁၀၀% ကျော်ပါပါတယ်။ အားလုံးကတော့ သူတို့ တွက်ကိန်းနဲ့ သူတို့လာတာချည်းပါ။ ကိုယ့်နိုင်ငံအရေးက ကိုယ်တွေမှာပဲ တာဝန်ရှိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ သာမန်လူသား တစ်ဦးပါ။ ဒါပေမယ့် နိုင်ငံအတွက် တာဝန်ခံစိတ်အပြည့်၊ စွန့်လွှတ်လိုစိတ်အပြည့်၊ ကိုယ်ကျိုးမဖက်တဲ့ စိတ်အပြည့်နဲ့ဆိုတော့ သူ့နောက်ကပြည်သူ တစ်ရပ်လုံးက ယုံကြည်ကိုးစားမှုနဲ့ မားမားရပ်ခဲ့ကြပါတယ်။ ဘယ်သူက ဘယ်လောက် ကိုယ်ကျိုးစွန့်မလဲ ဘယ်လောက် တာဝန်ခံမလဲ၊ သူ့နောက်မှာရဟန်းရှင်လူ အများပြည်သူ အားလုံးက ဝန်းရံကြတာ မဆန်းပါဘူး။

ပြည်သူလူထုခမျာစားဝတ်နေရေး လူတန်းမစေ့နိုင်သေးဘူး။ ဒီလိုအချိန်မှာ ရှေ့တန်း စစ်ဆင်ရေး နယ်မြေမှာ သန်းတစ်ရာအကုန်ကျခံပြီး ဘန်ကာ (၅) လုံး တည်ဆောက်မယ်တဲ့။ ငြိမ်းချမ်းရေး လုပ်နေသည်လည်းပြောရဲ့၊ ပြီးတော့ ဒီဘန်ကာတွေ ဆောက်ပြီး ဘယ်သူတွေကို တိုက်စစ်ဆင်မှာလည်း။ အမှန်တစ်ကယ်ငြိမ်းချမ်းစေချင်သည် ဆိုလျှင် ဒီလောက် ပမာဏငွေကြေးနှင့် တိုင်းရင်းသား ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ထည့်သွင်း အသုံးချလိုက်ပါက ဒေသခံပြည်သူများ၏ ယုံကြည် အားကိုးမှုများရရှိနိုင်ကာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကိုလည်း သွယ်ဝိုက် အကျိုးရှိစေမည်ဖြစ်သည်။ အခုတော့ တစ်ဖက်ကငြိမ်းချမ်းရေး တစ်ဖက်က စစ်ဆင်ရေး တစ်နည်းအားဖြင့် ကိုယ့်တိုင်းရင်းသား အချင်းချင်း ပစ်ခတ်တိုက်ခတ်ဖို့ အတွက် အဲဒီလောက်ငွေကြေး သုံးစွဲမည်ဆိုသော စိတ်ဓာတ်က အော်ဂလီဆန်စရာ ကောင်းလှပါသည်။ နောက်ထပ် ပိုဆိုးသည်မှာ ဗိုလ်ရူခံစင်မြင့်ခေါင်းစဉ်နှင့် သန်း ၆၀၀၀ ကျော် သုံးခဲ့သော စီမံကိန်း။ ဗိုလ်ရူခံ စင်မြင့် မရှိဘဲနေလာသည်မှာ နှစ် (၆၀) ကျော်၊ ယခုရှိလာတော့လည်း ဘာများ တိုင်းပြည်အတွက် ထူးခြားသွားမှာလည်း။ ဗိုလ်ရူခံစင်မြင့် မဆောက်လျှင် တိုင်းပြည်ချောက်ထဲ ကျမှာလား၊ ဘယ်လောက်တောင် ဂုဏ်သိက္ခာတွေ ထိခိုက် ကျဆင်းသွားနိုင်မှာမို့လို့လည်း။ ပြည်သူ့ ဘဏ္ဍာငွေ ယိုစိမ့်မှုကြီး သပ်သပ်သာဖြစ်သော ထိုသို့သော စီမံခန့်ခွဲမှုများနှင့်ပြည့်နှက်နေသော အဖွဲ့အစည်း၏နောက်ကွယ်တွင် ဘယ်လောက်ပြည်သူတွေကမှ မားမားမတ်မတ် ရပ်တည်ပေးမည် မဟုတ်။

တိုင်းပြည်ရဲ့အနာဂတ် ရည်မှန်းချက်ထဲမှာ ပြည်သူတွေ လူတန်းစေ့နေထိုင်ရေး၊ လူတန်းစေ့ စားသောက်နိုင်ရေး၊ လူတန်းစေ့ကျန်းမာရေး အကျိုးခံစားခွင့်ရရှိရေးတို့ မလွဲမသွေပါဝင်ရပါမယ်။ နိုင်ငံတကာနဲ့ လုပ်နေတဲ့ စီးပွားရေး စီမံကိန်းတွေ၊ လျှပ်စစ်စွမ်းအင် ရှာဖွေရေးစီမံကိန်း၊ စစ်ရေးအစီအမံတွေအားလုံးဟာ ပြည်သူ့ အကျိုးစီးပွားရဲ့နောက်မှာပဲ နေရာယူရပါမယ်။ အခုတော့ ပြည်သူ့ အကျိုးအတွက် တစ်ကယ်လုပ်နေတဲ့ စီမံကိန်းဆိုတာ အိမ်မက်ထဲမှာပဲ သန္နေတည်ဆဲအဆင့်ရှိသေးတယ်ထင်ပါတယ်။ တစ်ခုမှ အကောင်အထည်အဖြစ် ပေါ်မလာသေးပါဘူး။ အစိုးရအဖွဲ့ဝငလူကြီးမင်းများကလည်း တစ်ပြုံကြီး၊ ခွင်တွေကလည်း တအုံကြီးပေါ့။ လောကမှာ အရှည်ဆုံးအကွာအဝေး ဆိုတာ ဦးနှောက်ကနေ နှလုံးသားကို သွားတဲ့ အကွာအဝေးတဲ့။ ဒီအကွာအဝေး အတွက် ကျွန်တော်တို့အားလုံးဘဝ တသက်တာကို အသုံးပြုကြရပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် ဦးနှောက်ကနေ ရင်ဘတ်ထဲကို စီးသွားတဲ့ “ကိုယ်ချင်းစာစိတ်၊ ကြင်နာစိတ်၊ ဂရုဏာစိတ်၊ သနားချစ်ခင်စိတ်… ” စတဲ့မှတ်တိုင်တွေ ပါဝင်ပါတယ်။ တစ်ကယ်သာပြည်သူ့ အကျိုးအတွက်ဆိုတဲ့မေတ္တာတရားသာရှေ့ထားနိုင်ခဲ့ရင် ဘယ်စီမံကိန်းမဆို ကျိန်းသေအောင်မြင်နိုင်ပါလိမ့်မယ်။ ကျွန်တော်တို့အားလုံးဟာ လူတွေပါ။ အိုဘားမားလည်းလူ၊ နာရန်ဒရာမိုဒီလဲလူ၊ ကာချုပ်လည်းလူ၊ သမ္မတကြီး ဦးသိန်းစိန်လည်းလူပါပဲ။ လူဟာဘယ်လောက်ပဲ အလုပ်တွေရှုပ်ပြီး ပြာယာခတ်နေခဲ့ပါစေ တစ်နေ့ ကျိန်းသေပြာဖြစ်မှာပါပဲ။ အဲဒီလို ပြာဖြစ်စေမယ့်နေ့ရက် တစ်ရက်ကိုမေ့လို့မရပါဘူး။ ဘယ်လောက်ပဲ အာဏာ ပါဝါပြခဲ့ပြခဲ့ တစ်နေ့ ဇရာကျလာမယ့် ဆက်တင်တွေကိုမေ့လို့ မရပါဘူး။ ဘယ်လောက်ပဲ ပကာသနတွေနဲ့ အလှဆင်ယင်ခဲ့ပါစေ။ တစ်စပြင် ဂယ်လာရီကိုမေ့လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ နောက်ဆုံး တစ်နေ့မှာ မသာချမှပဲ အထာကျ ရတာကိုက လူ့ဘဝ လူ့အပီကေးရှင်းဖြစ်နေလို့ပါပဲ။

ညီသွေး

Leave a Reply