News @ M-Media

အစ္စရေး၏ရန်စမှုကြောင့် အစွန်းရောက်အုပ်စုများ ပေါ်ပေါက်လာခြင်းဟု တူရကီဝန်ကြီးချုပ်ပြော

ဇန်န၀ါရီ ၁၇၊ ၂၀၁၅
M-Media

Ahmet Davutoglu

– အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုမှာ အကြမ်းဖက်ဝါဒီဖြစ်ပြီး အစ္စရေး၏ ကျူးကျော်ရန်စမှုများကြောင့် မွတ်စလင်ကမ္ဘာတွင် အစွန်းရောက်ဝါဒ ထွန်းကားသွားခြင်းဖြစ်သည်ဟု တူရကီဝန်ကြီးချုပ် အဟ်မတ် ဒါဗူတော့ဂ်လူက စွပ်စွဲပြောကြားလိုက်သည်။

ယမန်နေ့က ပြုလုပ်ခဲ့သော Reuters သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး ပါလက်စတိုင်းနိုင်ငံ မတည်ထောင်မချင်း အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးနှင့် အစွန်းရောက်အုပ်စုများအား သုတ်သင်ရေးမှာ ယေဘုယျသဘောအရ မဖြစ်နိုင်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

`သူ(နေတန်ယာဟု)ကိုယ်တိုင်နဲ့ သူ့ရဲ့စစ်တပ်ဟာ ကစားနေတဲ့ကလေးတွေကို သတ်ပစ်တာပါ။ ပြီးတော့ ကျွန်တော်တို့နိုင်ငံသားနဲ့ အမေရိကန်နိုင်ငံသားတွေကို နိုင်ငံတကာရေပိုင်နက်မှာ သူတို့ပဲ သတ်ပစ်တာပါ။ ဒါဟာအကြမ်းဖက်မှုပါ။ ဂျေရုစလင်နဲ့ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်ကို အစ္စရေးကကျူးကျော်သိမ်းပိုက်ထားတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး´ ဟု ပြီးခဲ့သည့်နှစ်က ဂါဇာရှိ သဲသောင်ပြင်ပေါ်၌ ဆော့ကစားနေသော ကလေးများအား အစ္စရေးတိုက်လေယာဉ်များက ဗုံးကြဲသတ်ဖြတ်မှုနှင့် ၂၀၁၀ ခုနှစ်က ပါလက်စတိုင်းသို့ သွားရောက်ခဲ့သည့် တူရကီအကူအညီပေးရေး သင်္ဘောမှ တူရကီနှင့် အမေရိကန်နိုင်ငံသားများကို အစ္စရေး ကွန်မန်ဒိုများက တိုက်ခိုက်သတ်ဖြတ်ခဲ့မှုများကို ရည်ညွှန်း၍ ဒါဗူတော့ဂ်လူက ပြောကြားခဲ့သည်။

ထို့ပြင် ထိုကဲ့သို့ ရန်စမှုများက အစွန်းရောက်အဖွဲ့များကို ပေါ်ထွက်လာစေသည်ဟု ၎င်းက ဆိုသည်။

`ဒီလိုရန်စမှုတွေက မွတ်စလင်ကမ္ဘာကို အနှောက်အယှက်ဖြစ်စေပြီး ဒီအကြောင်းအရင်းကြောင့်ပဲ အစွန်းရောက်အယူအဆတွေ ပေါ်ထွက်လာခဲ့တာပါ။ တကယ်လို့ အရှေ့အလယ်ပိုင်းမှာ ငြိမ်းချမ်းရေး တည်ဆောက်ချင်တယ်ဆိုရင်၊ အကြမ်းဖက်အဖွဲ့တွေကို သုတ်သင်ပစ်ချင်တယ်ဆိုရင် ပါလက်စတိုင်းပြဿနာကို အရင်ဖြေရှင်းရပါလိမ့်မယ်´

ဒါဗူတော့ဂ်လူမှာ ကြာသာပတေးနေ့ကလည်း နေတန်ယာဟုမှာ ပဲရစ်တိုက်ခိုက်မှုများကို ကျူးလွန်ခဲ့သူများနှင့် အတူတူပင်ဖြစ်ပြီး ၎င်းတို့ အုပ်စုနှစ်ခုစလုံးမှာ လူသားထုအပေါ် ရာဇ၀တ်မှု ကျူးလွန်ကြသူများသာ ဖြစ်ကြသည်ဟု ပြောဆိုခဲ့သည်။

ယမန်နေ့ အင်တာဗျူးတွင် ဒါဗူတော့ဂ်လူက ISIL အဖွဲ့နှင့် ပူးပေါင်းရန် ဆီးရီးယားသို့ နိုင်ငံရပ်ခြားမှ တိုက်ခိုက်ရေးသမားများ ၀င်ရောက်ခြင်းအား တားဆီးရန်အတွက် မိမိတို့နိုင်ငံမှာ လုပ်နိုင်သမျှအားလုံကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများတွင် မတည်ငြိမ်မှုများက မိမိတို့နိုင်ငံအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် တူရကီမှာ ဆီးရီးယားဒုက္ခသည်များကို လက်ခံစောင့်ရှောက်ထားပြီး ထိုဒုက္ခသည်များ ၀င်ရောက်ခြင်းကို မထိခိုက်စေဘဲ နိုင်ငံခြားသားများ ဆီးရီးယားသို့ သွားရောက်ပူးပေါင်းခြင်းကို တားဆီးရန် ဆီးရီးယားနှင့်နီးသည့် နယ်စပ်များအား
စစ်ဘက်နယ်မြေများအဖြစ် သတ်မှတ်ထားသည်။

Ref : alarabiya

Comments

Leave a Reply