ဇန်နဝါရီ ၁၈ ၊ ၂၀၁၅
M-Media
မြန်မာ့အခင်းအကျင်းသစ်ကို အလိုတော်သွင်းနိုင်ရန် ဘေဂျင်းက ရေကုန်ရေခမ်း ကြိုးစားနေဆဲ ………။
လွန်ခဲ့သောလအနည်းငယ်အတွင်း မြန်မာနိုင်ငံရှိ တရုတ်ကျောထောက်နောက်ခံပြု အခြေခံအဆောက်အဦ ပရောဂျက်များကို ပြည်တွင်း ဆန့်ကျင်မှုမြင့်တက်လာခြင်းက ဘေဂျင်း၏သြဇာ သက်ရောက်ချက်အပေါ် ထပ်မံ၍ အနုစိပ် သုံးသပ်ချက်များ ဖြစ်လာစေသည်။
တရုတ်စစ်တပ် ကျောထောက် နောက်ခံပိုင် ကုမ္ပဏီ နှင့် မြန်မာစစ်အစိုးရ လက်ထပ်ကတည်းက သဘောတူချူပ်ဆိုထားသည့် ဖက်စပ် လုပ်ငန်းတစ်ခု ဖြစ်သော မြန်မာ အနောက်မြောက်ပိုင်းရှိ လက်ပံတောင်းကြေးနီ သတ္ထုတွင်းစီမံကိန်း၌ ပြီးခဲ့သည့်လက ပြဿနာ တဖန် ဖြစ်လာပြန်၏။ စီမံကိန်း နယ်မြေတွင် ခြံစည်းရိုး ခတ်ခြင်းကို ဒါဇင်နှင့်ချီသော ရွာသူ ရွာသားများမှ ပိတ်ဆို့တားဆီးခဲ့ပြီးနောက် သတ္ထုတွင်းအနီး ဆန္ဒပြကန့်ကွက်နေသူများကို မြန်မာရဲတပ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ရာ အမျိုးသမီး တစ်ဦး သေဆုံး၍ အခြားကျေးလက်နေ ကိုးဦး ဒဏ်ရာရရှိခဲ့သည်။ တရုတ်နိုင်ငံမှ ယင်းဖြစ်ရပ်အပေါ် ၀မ်းနည်းစကားဆိုလိုက်သလို ရန်ကုန်မြို့ရှိ တရုတ်သံရုံးပြင်ပ အပါအ၀င် အခင်းဖြစ်ရာဒေသနှင့် ပြည်တွင်းအခြားဒေသများ၌ ကန့်ကွက်ဆန္ဒပြမှုများ ရှေ့ဆက်နေသည်။
ဆန္ဒထုတ်ဖော်သူ ကျေးလက်နေများနှင့် ဗုဒ္ဓဘာသာဝင်ရဟန်းတော်များအား မြန်မာ ရဲတပ်ဖွဲ့က မီးစုန်းဓာတ်ပါ မီးခိုးဗုံးသုံး၍ ဖြိုခွဲပြီး လူအမြောက်အများ ထိခိုက် ဒဏ်ရာရခဲ့သဖြင့် လက်ပံတောင်းစီမံကိန်းမှာ ၂၀၁၂ ခုနှစ်တွင် နိုင်ငံတကာအတွက် သတိထားစရာ ဖြစ်ခဲ့သည်။ ထိုအချိန်မှစ၍ ဒေသခံများ၊ လှုပ်ရှားတက်ကြွသူများတို့သည် လေထုညစ်ညမ်းမှု၊ ဒေသခံလုပ်သားခနှိမ်မှု၊ အဓမ္မနေရာရွှေ့ပြောင်းမှု၊ တရားမ၀င် မြေသိမ်းမှုများပေါ် အရေးဆိုကာ စီမံကိန်းရပ်တန့်ရေးအတွက် ဆက်လက်ကန့်ကွက်ခဲ့ကြသည်။
“မြန်မာနိုင်ငံအနောက်မြောက်ပိုင်း တရုတ်ပိုင်ကြေးနီသတ္ထုတွင်းမှာ ကန့်ကွက်ဆန္ဒပြမှုအတွင်း အမျိုးသမီးတစ်ဦးသေဆုံးမှုက သတ္ထုတွင်းလုပ်ငန်းလုပ်ကိုင်နေသူများဟာ လူမှုတာဝန်ခံမှုအစီအမံကို လုံလောက်စွာ မဆောင်ရွက်ထားကြောင်း ထင်ရှားနေပါတယ်။ ဒီအချက်က မြန်ပြည်တစ်ခွင် တရုတ်ရင်းနှီးမြှုပ်နှံမှုအပေါ် လူထုမကြေနပ်မှုကို မီးမွှေးတွန်းပို့နေခြင်းသာဖြစ်တယ်” ဟု အန္တရာယ်ရေးရာသုံးသပ်မှု အင်္ဂလိပ်-အမေရိကန် အဖွဲ့တစ်ခုဖြစ်သည့် Verisk-Maplecroft က လတ်တလော သတိပေးလိုက်သည်။
လက်ပံတောင်းသည် တရုတ်ကျောထောက်နောက်ခံစီမံကိန်းများ အထိနာသွားသည့် စံနမူ တစ်ခုသာ ဖြစ်သေး၏။ တရုတ်နိုင်ငံသည် မြန်မာပြည်၏ အဓိကအကျဆုံးလက်တွဲဖော်ဖြစ်ပြီး ဘေဂျင်းသည် ၎င်း၏အိမ်နီးချင်းမှ သဘာဝသယံဇာတများကို ခေါင်းပုံဖြတ်သယ်ယူပို့ဆောင်ရေးနှင့် စွမ်းအင်စီမံကိန်းနှောင်ကြိုးဖြင့် အချောင်နှိုက်ထုတ်ရန်သာ စိတ်ဝင်စားသည် ဟူသော စွဲချက်များက စီးပွားရေးဆက်ဆံမှုကို ရှုပ်ထွေးသွားစေသည်။
အစိုးရအဖွဲ့သည် တစ်ကြိမ်တစ်ခါမျှမရှိဖူးသည့် အဓိကစီမံကိန်းကြီးတစ်ခုအား လူထု လိုအပ်ချက်အားဖြည့်ဆည်းရန် ဖော်ဆောင် မည်ဖြစ်ကြောင်း၊ ဤတစ်ကြိမ်မှာ ဒေါ်လာ ၂၀ ဘီလီယံ လျာထားချက်ဖြင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်သို့ သွယ်တန်းဖောက်လုပ်မည့် ရထားလမ်းဖြစ်ကြောင်း ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် မြန်မာ့မီးရထား ၀န်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ဝေက ဆိုသည်။
လူထုကန့်ကွက်ခြင်းကို မျက်ကွယ်ပြုလျက် မြန်မာအစိုးရသည် စီမံကိန်းများအပေါ် ပြောင်ပြောင်တင်းတင်း သွေးအေးနေခဲ့သည်။ ကုန်သွယ်ရေးရာများ၊ အလားတူ ရေရှည်စီမံကိန်းများတွင် ဘဏ္ဍာငွေ လျော့ကျသွားမည်စိုး၍ဖြစ်သည်။ နေပြည်တော်အစိုးရသည် မိမိ၏ကြီးထွားလာသောသြဇာ အရှိန်အ၀ါကြောင့် မိမိအတွက် အကျိုးမရှိလျှင် သဘောတူညီချက်များအား ပယ်ချနိုင်သည်ဟု မှတ်ယူနေပုံရကြောင်း အနောက်တိုင်းနှင့် အာဆီယံနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံသူတို့ အသိုင်းအ၀ိုင်းမှ အချို့ကဆိုသည်။
“အစိုးရဟာ နိုင်ငံတော်အတွက် သေချာတဲ့ အမျိုးသားရေးအကျိုးအမြတ်မရှိရင် သဘောတူညီချက်တွေ လက်ခံဖို့ လုံးလုံးလျားလျား ဆန္ဒရှိမနေကြပါဘူး။ ဆယ်စုနှစ်များစွာ ဖယ်ကြဉ်ခံရခြင်း၊ စီးပွားရေးပိတ်ဆို့မှုကြောင့် မဖွံ့ဖြိုးခြင်း ကျော်လွန်ပြီးနောက် အသစ်ရရှိလာတဲ့ အနောက်တိုင်းနဲ့ အခြားသောနိုင်ငံခြားအရင်းအနှီးတွေဟာ တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်မှုလျော့ပါးသွားစေတယ်” ဟု ၀ါရှင်တန်ဒီစီရှိ Stimson Center အဖွဲ့ဝင် Yun Sun က Asia Times Online တွင် ထိုစဉ်က ရေးသားခဲ့သည်။
စီးပွားရေးပြိုင်ဆိုင်မှုကြမ်းတမ်းလာခြင်းကြောင့် တရုတ်တို့၏ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အလုံးအရင်း လျှော့ချ လိုက်သော်ငြား ဘေဂျင်းသည် မြန်မာ့ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အရေးပါဆုံး လက်တွဲဖော်နှင့် မြန်မာပြည်တွင်း အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူများ အနက် အပါအ၀င်ဖြစ်နေဆဲပင်။ နိုဝင်ဘာလက တရုတ်အကြီးအကဲ Li Keqiang မှ မြန်မာပြည်သို့ အလည်အပတ်ရောက်စဉ် စွမ်းအင်၊ စိုက်ပျိုးရေး၊ ဆက်သွယ်ရေး၊ ဘဏ္ဍာရေးနှင့် အခြေခံအဆောက်အဦဆိုင်ရာ ကဏ္ဍများ အတွက် ဒေါ်လာ ၇.၈ ဘီလီယံ တန်ဖိုးရှိ စာချုပ်များကို နှစ်ဖက်စလုံး သဘောတူလက်မှတ်ရေးထိုးခဲ့သည်။
အကျိုးဆက်မှာ မြန်မာသမ္မတ ဦးသိန်းစိန်နှင့် သူ၏ အကြံပေးတို့သည် အစိုးရ လိုအပ်ချက်နှင့် ပြည်သူ့လိုအပ်ချက်များကို တန်းညှိ လိုက်ခြင်းတည်း။ ၂၀၁၀ ခုနှစ်တွင် ထွက်ရှိ စွမ်းအင် ၉၀ ရာခိုင်နှုန်းကို တရုတ်ပြည်သို့ ပို့ပေးမည့် ဒေါ်လာ ၃.၆ ဘီလီယံတန်ဖိုးရှိ တရုတ်ဦးဆောင် မြစ်ဆုံဆည် စီမံကိန်း ရပ်ဆိုင်းထားခြင်းနှင့် ၂၀၁၄ ခုနှစ် ရထားလမ်း စီမံကိန်းတို့မှာ တရုတ်တို့၏ စိတ်ကွက်မှု ရှိလင့်ကစား မြန်မာအစိုးရသည် အခြေခံ အဆောက်အဦများဆိုင်ရာ အဓိက စီမံကိန်းတို့ကို ရှေ့မဆက်ဖို့ တရွေ့ရွေ့ စဉ်းစားလာသော ဥပမာများဖြစ်ကြသည်။
သို့ပင်သို့ငြား ပြည်တွင်းဆန့်ကျင်မှုကို မျက်ကွယ်ပြု၍ တွန်းလုပ်သွားရမည့် အဓိက စီမံကိန်းများ၏ဥပမာများလည်း ရှိနေပြန်သည်။ ယခုလအတွင်း စတင် ပို့ဆောင်ပြီဖြစ်သော နောက်ထပ်သော့ချက် စီမံကိန်း ကျောက်ဖြူ-ကူမင်း ရေနံ/ဓာတ်ငွေ့ပိုက်လိုင်းကိစ္စတွင် ရခိုင်ပြည်နယ် ဘဏ္ဍာဝေစုခံစားရေး အတွက် လှုပ်ရှားတက်ကြွ သူတို့၏တောင်းဆိုချက်များ အပေါ် အကြိမ်ကြိမ် ပယ်လှန်၍ ဒေသတွင်း တံငါသည်တို့၏ သက်မွေးမှုများအပေါ် ကျရောက်နိုင်သည့် ဆီယိုစိမ့်မှုအရေးအရာများ ကိုင်တွယ်စီမံပေးရန် ငြင်းဆန်ခဲ့သည်။ ထိုရေနံအများစုကို တရုတ်ပြည်သို့ ပို့ဆောင်မည်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် ဆယ်ပုံတစ်ပုံသာ အသုံးပြုမည်ဖြစ်သည်။
လက်ပံတောင်း စီမံကိန်းအား ဆန့်ကျင်ကန့်ကွက်မှု ဆက်လက်ဖြစ်ပွားဆဲဖြစ်သည့်တိုင် မြန်မာ အာဏာပိုင်များက ဆန္ဒထုတ်ဖော်သူ အများအပြားကို တရားမ၀င် ဆန္ဒပြမှုဖြင့် ထိန်းသိမ်းလိုက်သည်။ ၎င်းပြင် ဇန္န၀ါရီလ ၆ ရက်တွင် ပြည်သူ့ဆန္ဒနှင့်ဆန့်ကျင်လျက် ခါးသည်းစဖွယ်ကြေငြာချက် တစ်ရပ် ထုတ်ပြန်ပြီး စီမံကိန်းအား ထပ်မံ အတားအဆီး မပြုရန် သတိပေးထားသည်။
“ကြေးနီသတ္ထုထုတ်လုပ်ရေး လုပ်ငန်းစဉ်ကို ဖြစ်နိုင်သမျှအမြန်ဆုံးစတင်ပြီး အလုပ်အကိုင်အခွင့်အလမ်းရရှိဖို့ စီမံကိန်းနယ်မြေက ဒေသခံ အများစု မျှော်လင့်နေကြချိန်မှာ ဖျက်ဆီးရေးလမ်းကြောင်းပေါ်က လက်တစ်ဆုပ်စာလူစုဟာ စီမံကိန်းကို အရှုပ်အထွေး ဖြစ်စေ ခဲ့တယ်။ သွေးထိုးသူများက စီမံကိန်းနှောင့်နှေးအောင် အကွက်ချဖန်တီးခဲ့ကြတယ်” ဟူ၍ ဆိုထား၏။
မည်သို့ပင်ဆိုစေကာမူ ဖြစ်တည်မှု အသစ်များအား အလျင်အမြန် အလိုတော်သွင်းနိုင်အောင် တရုတ်ကုမ္ပဏီများအတွက် အချက်ပြရေးသားဖော်ပြခြင်းလား ဟူသည်ကို အကဲခတ်သူအချို့ ရှိနေပါဦးမည်။
“ကစားပွဲရဲ့ စည်းမျဉ်းတွေ အပြောင်းအလဲ ဖြစ်သွားပြီ။ တရုတ်တွေဟာ ပုဂ္ဂလိကနဲ့ NGO အဖွဲ့အစည်းတွေ အစား မြန်မာ အာဏာပိုင်များနဲ့ ဆက်ဆံရေးမှာ စီးပွားရေး သမားတွေကို ပိုပြီး အသုံးချသွားဖို့ ရှိနေပါတယ်။ ဒါကြောင့်မို့ ဒေသခံတွေရဲ့ သဘောထားနဲ့ လိုအပ်ချက် အမှန်တွေကို လေ့လာဖို့ အရေးတကြီး လိုအပ်နေပါတယ်” ဟု ပြီးခဲ့သည့် သီတင်းပတ်က The Global Times တွင် ယူနန်တက္ကသိုလ်၊ နိုင်ငံတကာလေ့လာရေး ပါမောက္ခ Bi Shihong မှ ရေးသားခဲ့သည်။
ဤအပြောင်းအလဲရပ်ဝန်းအတွက် ထူးခြားသည့် ထိန်းညှိချက် ဆောင်ရွက်နိုင်ရန် တရုတ်ပြည်ဖက်မှ ဖန်တီးထားခဲ့ပြီးဖြစ်သည်။ ၂၀၁၃ ခုနှစ်အစပိုင်းတွင် တရုတ်ကုမ္ပဏီကြီးတို့သည် လူမှုဖူလုံရေး CSR ကြိုးပမ်းချက်နှင့် ဒေသခံများအကြား အောက်ခြေအဆင့်အထိ လူထုဆက်ဆံရေးလှုပ်ရှားမှုများကို စတင်ပူးပေါင်းဆောင်ရွက်ရန် ခြေလှမ်းလှမ်းလာသည်။ ၎င်းတို့အား ကျားကန်ပေးထားသည်မှာ တရုတ်အစိုးရဖြစ်၏။ တရုတ်အစိုးရက ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကို အစားထိုး၍ ၎င်း၏အဖွဲ့အစည်းများ အတွက် CSR လမ်းညွှန်ချက်များကို ထုတ်ပြန်ခဲ့သည်။
သို့ပါသော်လည်း ၂၀၁၄ ခုနှစ်၏ရုပ်လုံးဖော်ချက်အရတော့ ဘေဂျင်း၏သြဇာ လက်တံအား မသတီခြင်းကြီးထွားမှု အပေါ် တန်ပြန်ရာ၌ ဤအားထုတ်မှုတို့နှင့် မလုံလောက် မကာမိသေးသည်ကို ပြသနေပါတော့သည်။
xxxxxxxxxxxxxx
Ref : The Diplomat
မူရင်း – Prashanth Parameswaran ရေးသားသော China’s Influence in Myanmar Facing Growing Scrutiny ဆောင်းပါး
မြန်မာပြန် – မြင့်မိုရ်မောင်မောင်
Comments