ဇန်နဝါရီ ၂၂ ၊ ၂၀၁၄
M-Media
– ဒစ်ဂျစ်တယ်နာရီမှ ည ၉ နာရီတိတိကို ဖော်ပြလိုက်သည့်အချိန်တွင် ပလက်ဖောင်းပေါ်၌ တိုးဝှေ့နေကြသည့်၊ `ကင်ဆာရထားကြီး´ ပေါ်တွင် ထိုင်ခုံရရန် စုပြုံ တက်နေကြသည့် ချည့်နဲ့နေသော လူနာများဖြင့် မီးရောင်မှိန်ပြပြနှင့် မသတီစရာကောင်းသည့် ဘာသင်ဒါ ဘူတာရုံမှာ သက်ဝင်လှုပ်ရှားလာသည်။
အသက်ကို မနည်းရှုနေရပြီး ချောင်းများလည်း အဆက်မပြတ်ဆိုးနေသည့် အသက် ၅၀ အရွယ် ရမ်ကစ်ရှန်တစ်ယောက် လူအုပ်ကြီး ငြိမ်သွားသည့်တိုင်အောင် ပလက်ဖောင်းပေါ်တွင် ထိုင်နေ၏။ ထို့နောက်တွင်မှ ယိုင်နဲ့နဲ့ခြေလှမ်းများဖြင့် အထူးတွဲရှိ ပြတင်းပေါက်ဘေး ထိုင်ခုံ၌ ၀င်ထိုင်လိုက်သည်။
`ကျွန်တော် ဘီကာနာ ဆေးရုံကို သွားမလို့ပါ။ ကျွန်တော်ဟာ နောက်ဆုံးအဆင့် ကင်ဆာရောဂါကို ခံစားနေရတယ်လို့ ဆရာဝန်တွေက ပြောတယ်။ ဒီခရီးဟာ ကျွန်တော့်ရဲ့ နောက်ဆုံးခရီးဖြစ်မယ်လို့ ကျွန်တော်သိနေတယ်ဗျာ´ ဟု ရမ်ကစ်ရှန်က အသက်မဲ့စွာ ပြောလေ၏။
အိန္ဒိယနိုင်ငံမြောက်ပိုင်း ပန်ဂျပ်ပြည်နယ်တွင် ကင်ဆာရောဂါဖြစ်ပွားမှု ရုတ်တရတ်မြင့်မားလာပြီး ရောဂါသည် အများစု ဆေးရုံသွားရန် အတွက် တစ်ခုတည်းသော အားထားစရာ အစီးအနင်း ဖြစ်လာသောကြောင့် ၁၂ တွဲပါသည့် အဆိုပါ ရထားမှာ `ကင်ဆာရထား´ ဟု အမည်တွင်ခဲ့သည်။ ကင်ဆာရောဂါဖြစ်ပွားမှု များလာခြင်းမှာ လေထုညစ်ညမ်းမှုနှင့် ပိုးသတ်ဆေးအသုံးပြုခြင်း များပြားလာသည့် အတွက်ကြောင့်ဖြစ်သည်ဟု ပြည်သူများက စောဒကတက်ကြသည်။ သို့ရာတွင် တာဝန်ရှိသူများကတော့ မည်သည်ကိုမှ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့။
ပန်ဂျပ်နယ်တစ်ဝိုက်မှ ဆင်းရဲချို့တဲ့သည့် လူနာများက ကန္တရာမြို့ဖြစ်သော ဘီကာနာမြို့တွင် သွားရောက်ဆေးကုသရန်အတွက် ည ၉ နာရီခွဲရထားကို မှီအောင်လိုက်ကြရသည်။ ၇ နာရီကြာသော ခရီးစဉ်ဖြစ်သောကြောင့် နောက်နေ့မနက်စောစော ဆေးရုံသို့ ရောက်ရှိနိုင်မည်ဖြစ်သည်။ ထိုအခါမျိုးတွင် ခရီးသည် ၇၂ ဦး လိုက်ပါစီးနင်းနိုင်သည့် ရထား၏ အထူးတွဲမှ ထိုင်ခုံ ၃၀ မှာ ကင်ဆာရောဂါသည်များနှင့် ပြည့်နေသည်။
`အရင်ကတော့ ဒီရထားကို (တီဘီရောဂါသည်များ ဆေးကုသရန်သွားသည့်အခါ အသုံးပြုသောကြောင့်)`တီဘီရထား´ လို့ ခေါ်ကြတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကစပြီး `ကင်ဆာရထား´ လို့ ပြောင်းခေါ်လာကြတယ်´ ဟု ထိုရထားတွင် ၂၅ နှစ်ကြာ တွဲစောင့်လုပ်လာခဲ့သည့် ဒီပီ ကက်ထရီယာက ဆိုသည်။
အမည်မဖေါ်လိုသည့် လက်မှတ်စစ်တစ်ဦးကလည်း ကက်ထရီယာ၏ စကားကို ထောက်ခံသည်။
`ဒီရထားဟာ ကင်ဆာရောဂါသည်တွေအတွက် လိုပါပဲ။ ရထားရဲ့ ၆၀ ရာခိုင်နှုန်းသော ထိုင်ခုံတွေက ဘီကာနာနဲ့ ပတ်သက်နေတဲ့ လူနာတွေနဲ့ပဲ ပြည့်နေပါတယ်။ အခြား ရောဂါသည်တွေကတော့ အထူးတွဲအတွက် မတတ်နိုင်တာကြောင့် ရိုးရိုးတွဲမှာပဲ ပြွတ်သိပ် ကျပ်ညပ်နေပါတယ်´ ဟု ၎င်းက ပြောကြားခဲ့လေသည်။
ထိုရထားတွဲတွင် လိုက်ပါလာသည့် အသက် ၅၀ အရွယ် ကျောင်းဆရာ ဆီမာရ်ပဲလ် ကူးရ်က ကင်ဆာရောဂါဖြစ်ပွားမှု မြင့်တက် လာခြင်းမှာ မသန့်ရှင်းသော သောက်သုံးရေနှင့် အသီးအနှံများတွင် အသုံးပြုသော ပိုးသတ်ဆေး များကြောင့်ဖြစ်သည်ဟု ထောက်ပြခဲ့သည်။
ကင်ဆာရောဂါ မြင့်တက်လာခြင်း
—————————————–
ထိုပြဿနာကို ဖြေရှင်းရန် ပန်ဂျပ်ပြည်နယ်အစိုးရက `ကင်ဆာရွာ´ ဟု အမည်တွင်သည့် ဘူသီဝါလာကဲ့သို့ ကင်ဆာရောဂါဖြစ်ပွားသော ရွာငယ်များတွင် ရေသန့်စက်များကို တပ်ဆင်ပေးသည်။ သို့သော်လည်း ထိုစက်များက ရေများကို ထိထိရောက်ရောက် မသန့်စင်နိုင်ဟု ဒေသခံများက ဆိုကြသည်။
`ပန်ဂျပ်မှာ ကင်ဆာရောဂါ ပြန့်နှံ့မှုနဲ့ပတ်သက်ပြီး ပြည့်စုံတဲ့ စစ်တမ်းကောက်ယူမှုတွေ မရှိပါဘူး။ ဒါ့ကြောင့် ဒါနဲ့ပတ်သက်ပြီး အချက်အလက် တိတိကျကျလည်း မရှိပါဘူး´ ဟု ကျန်းမာရေး အဖွဲ့တစ်ခုဖြစ်သည့် Baba Farid Centre for Special Children မှ ဒေါက်တာ ပရစ်ပါလ် ဆင်းက ပြောကြားခဲ့သည်။
`ပုတ်ခတ်ပြောဆိုခံရမှာ ကြောက်တာကြောင့် အိမ်မှာ တစ်ယောက်ယောက်က ကင်ဆာဖြစ်နေရင် အိမ်သားတွေက ဖွင့်မပြောကြပါဘူး။ ဒါ့ကြောင့် အများစုက နောက်ဆုံးအဆင့်လောက်ရောက်မှ ရောက်ရောက်လာကြပါတယ်´ဟု
၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
လွန်ခဲ့သည့် ၈ လခန့်က ဘူသီဝါလာရွာလေးတွင် ကင်ဆာရောဂါသည် ၂၀ ဦးခန့်ရှိသည်ဟု Baba Farid Centre က စစ်တမ်းကောက်ယူထားသည်။ သို့သော်လည်း မိမိတို့က ၎င်းတို့နှင့် တွေ့ဆုံရန် သွားရောက်ရာတွင်တော့ ထိုအထဲမှ ၁၈ ယောက်က ဘ၀တစ်ပါးသို့ ကူးပြောင်းခဲ့ပြီ ဖြစ်၏။
ယူကေရှိ Exeter တက္ကသိုလ်မှ သိပ္ပံပညာရှင်များ သုတေသနပြုလုပ်ကာ ထုတ်ပြန်သော Greenpeace အစီရင်ခံစာတွင် နမူနာစစ်ဆေးခဲ့သည့် ရေတွင်း ၂၀ ရှိ ရေများတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က သတ်မှတ်ထားသော သောက်သုံးရေ၌ နိုက်ထရိတ်ပါဝင်မှု သတ်မှတ်ချက် ၁ လီတာ ၅၀ မီလီဂရမ်ထက် ကျော်လွန်နေကြောင်း တွေ့ခဲ့ရသည်။ သောက်သုံးရေများတွင် နိုက်ထရိတ်ပါဝင်မှု မြင့်မားခြင်းက ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်ပြီး အထူးသဖြင့် ကလေးငယ်များတွင် ဖြစ်သည်။
၂၀၁၀ ခုနှစ်တွင် Baba Farid Centre မှာ ဂျာမနီမှ Micro Trace Minerals Laboratory အဖွဲ့နှင့် ပူးပေါင်း၍ လေ့လာမှုတစ်ခု လုပ်ခဲ့ရာ ပန်ဂျပ်ဒေသတွင်ရှိသည့် အသက် ၁၃ နှစ်မှ ၁၈ နှစ်အရွယ်ရှိ ကလေးများတွင် ဘေရီယမ်၊ ကာဒီယမ်၊ မန်းဂနီးစ်၊ ခဲ၊ ယူရေနီယံ စသည့် သတ္တုဓာတ်များ လွန်စွာများပြားနေသည်ကို အံ့သြဖွယ် တွေ့ရှိခဲ့ရလေသည်။
ထိုတွေ့ရှိမှုက ဆိုးရွားသည့် ကိစ္စဖြစ်ပြီး အရေးတယူဆောင်ရွက်ရန် အာဏာပိုင်များအား သတိပေးနေခြင်း ဖြစ်သော်လည်း တာဝန်ရှိသူများ၏ ဆောင်ရွက်ချက်များက အကျိုးသက်ရောက်မှု အနည်းငယ်သာ ရှိခဲ့သည်ဟု ဒေါက်တာဆင်းက ပြောကြားခဲ့သည်။
ထို့ပြင် မွေးရာပါ ခန္ဓာကိုယ် ချို့ယွင်းနေသော ကလေးများ၊ စိတ်ဝေဒနာနှင့် ဥာဏ်ရည်မပြည့်ဝသည့်ရောဂါ စသည့် ရောဂါများသစ်များကို ခံစားနေရသည့် ကလေးငယ်များမှာ ၃၀ ခန့် ရှိလာသည်ကိုလည်း တွေ့ရသည်ဟု ၎င်းက ဆိုသည်။
`ရောဂါဖြစ်ပွားမှု ထိန်းချုပ်ရေး လှုပ်ရှားမှုအဖြစ် ပန်ဂျပ်အစိုးရက ရေသန့်စက်တွေကို တပ်ဆင်ပေးခဲ့ပါတယ်။ ဒါပေမယ့် အစိတ်အပိုင်း တော်တော်များများက အလုပ်မလုပ်တာကြောင့် ဒီပစ္စည်းတွေကလည်း အလုပ်မဖြစ်ပါဘူး။ ဒါ့ကြောင့် စက်မှုဇုန်တွေက မဆင်မခြင် စွန့်ထုတ်လိုက်တဲ့ ရေဆိုးတွေပါနေတဲ့ ချောင်းတွေ၊ မြောင်းတွေက ရေတွေကိုယူကာ ဖြန့်ဖြူးနေတဲ့ ဒီပိုက်ရေကို သောက်ရုံ၊ သုံးရုံမှတစ်ပါး ပြည်သူတွေမှာ ရွေးစရာမရှိပါဘူး။ နောက်ပြီး စိုက်ပျိုးရေးမှာ ပိုးသတ်ဆေးတွေကို ကျယ်ကျယ်ပြန့်ပြန့် သုံးနေတာ၊ ရေသွင်းစိုက်ပျိုးမှု အတွက် မြေအောက်ရေတွေကို အလွန်အကျွံသုံးစွဲတာတွေက မြေအောက်ရေ ညစ်ညမ်းမှုကို ဖြစ်စေပါတယ်။ ဒါဟာ ပန်ဂျပ်က မြေဆီ၊ ရေနဲ့ အစားအသောက်ညစ်ညမ်းမှုတွေ ဆိုးရွားစွာ ဖြစ်နေမှုပါပဲ´
အစိမ်းရောင်တော်လှန်ရေး
—————————
မြေဆီ၊ ရေနှင့် လေထုတို့ ပြန်လည်သန့်စင်၍ မရအောင် ပျက်ဆီးခြင်းအတွက် `အစိမ်းရောင် တော်လှန်ရေး´ ကို ဆင်းက ပြစ်တင်ပြောဆိုခဲ့သည်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၁၅၆၀ ပြည့်နှစ်များက ထိုတော်လှန်ရေးကို ပြုလုပ်ခဲ့သည်။ ထိုအချိန်တွင် ဓာတုဗေဒပစ္စည်းများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသည့် စိုက်ပျိုးရေးလုပ်ငန်းများ များပြားခြင်းကြောင့် ပန်ဂျပ်က `အိန္ဒိယ၏ ပေါင်မုန့်ခြင်း´ ဖြစ်ခဲ့လေသည်။
`ပန်ဂျပ်က အခြေအနေဆိုးဟာ အစိမ်းရောင်တော်လှန်ရေးကို အင်အားဖြစ်စေဖို့အတွက် ပိုးသတ်ဆေးတွေကို မဆင်မခြင် သုံးစွဲခဲ့ခြင်းမှာ တာဝန်ရှိနေပါတယ်´ ဟု ဆင်းက ထပ်လောင်းပြောကြားခဲ့၏။
သို့သော်လည်း စာရေးဆရာနှင့် လူမှုရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ အဗာတာ ဂွန်ဒါရီက အိန္ဒိယ၏ သန်း ၁၀၀၀ ကျော်သော လူဦးရေအား လုံလောက်အောင် ကျွေးမွေးရန် လယ်ယာစိုက်ပျိုးမှုကဏ္ဍ တော်လှန်ပြောင်းလဲရေးမှာ လိုအပ်သည်ဟု ထောက်ပြခဲ့သည်။
`အစိမ်းရောင်တော်လှန်ရေးဟာ ပန်ဂျပ်ကပြည်သူတွေရဲ့ လူနေမှုဘ၀ကို မြှင့်တင်ပေးခဲ့တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ပန်ဂျပ်ရဲ့ ဘယ်နေရာကိုပဲ သွားကြည့်သွားကြည့် တဲပုတ်တွေကို တွေ့ရမှာမဟုတ်ပါဘူ။ ဒီဒေသမှာ လယ်သမားတွေတောင်မှ တိုက်နဲ့တာနဲ့ နေနိုင်တယ်။ ကားစီးနိုင်တယ်။ အမှန်အကန် အ၀တ်အစားတွေ ၀တ်နိုင်ကြပါတယ်။ အစိမ်းရောင်တော်လှန်ရေးက အချိန်တိုင်းလိုအပ်နေတဲ့ အရာတစ်ခုပါပဲ။ ဒါမျိုးမရှိခဲ့ဘူးဆိုရင်တော့ တိုးတက်လာနေတဲ့ ကျွန်တော်တို့ရဲ့လူဦးရေကို ကျွေးမွေးနိုင်မှာ မဟုတ်ပါဘူး´
တာဝန်ရှိသူများမှာ ထိုညစ်ညမ်းမှုပြဿနာကို လစ်လျူရှုထားဆဲဟု ဝေဖန်သူများက ဆို၏။ အန်ဒိုဆာလ်ဖန်နှင့် DDT ကဲ့သို့သော ပိုးသတ်ဆေးများကို ကမ္ဘာတစ်ဝှမ်းတွင် တားမြစ် ပိတ်ပင်ထားသော်လည်း အိန္ဒိယတွင်တော့ အဆိုပါ ပိုးသတ်ဆေးများက လွယ်လွယ်ကူကူ ၀ယ်လို့ရနေသည်။
ပန်ဂျပ်အစိုးရမှ ၂၀၁၀ ခုနှစ်တွင် ပြုလုပ်သော ကင်ဆာရောဂါ စစ်တမ်းကောက်ယူမှုတွင် ပန်ဂျပ်ပြည်နယ်၌ လူ ၁ သိန်းတွင် ကင်ဆာရောဂါသည် ၁၃၀ ရှိနေသည်ကို တွေ့ရှိခဲ့ရသည်။
ထိုစစ်တမ်းကောက်ယူမှုတွင် အသုံးပြုခဲ့သောနည်းလမ်းကို ဆင်းက ဝေဖန်ခဲ့ပြီး ကင်ဆာ စစ်တမ်းကောက်ယူမှုတွင် ပျက်ရယ်ပြုစရာကောင်းနေသည်ဟု ပြောကြားခဲ့သည်။
စိုးရိမ်မှုများ ကြီးထွားလာ
————————–
ပန်ဂျပ် ကျန်းမာရေးဒါရိုက်တာ ဒေါက်တာ ကန်ဂျစ်ဆင်းက ပြည်နယ်အတွင်း ကင်ဆာရောဂါ ဖြစ်ပွားမှုကို အထောက်အကူပြုသော အကြောင်းအရင်းများစွာ ရှိနေသည်ဟု ပြောကြားခဲ့သည်။
`အသည်းရောင်အသားဝါ B ပိုးလို ဗိုင်းရပ်စ်ကူးစက်မှုလို၊ ဆေးလိပ်သောက်ခြင်းလို အကြောင်းအရင်းများစွာလည်း ရှိနေပါသေးတယ်။ ပိုးသတ်ဆေး အဆိပ်သင့်ခြင်း တစ်ခုတည်းက ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းလို့ ပြောရင်တော့ မှားပါလိ့မ်မယ်´ ဟု ၎င်းက ပြောကြားခဲ့သည်။
အိန္ဒိယ ဗဟိုအစိုးရကတော့ ပိုးသတ်ဆေး အဆိပ်သင့်မှုနှင့်ပတ်သက်၍ စိုးရိမ်သည်ဟု ပြောကြားခဲ့ပြီး ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး သုံးစွဲမှုနှင့်ပတ်သက်၍ ဥပဒေများကို ပြင်ဆင်ရန်လည်း စီစဉ်နေသည်။ သို့ရာတွင် ထိုသို့ပြုလုပ်ပါက ထုနှင့်ထည်နှင့် ရှိနေသော ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး ထုတ်လုပ်ရောင်းချသူများ၏ ဆန့်ကျင်ခြင်းကိုတော့ ခံရနိုင်ဖွယ်ရှိနေသည်။
သို့သော်လည်း အစိုးရကတော့ ထိုလော်ဘီအုပ်စုများ၏ ဖိအားများနှင့် ပတ်သက်၍ ငြင်းဆိုသည်။
`တကယ်လို့ လော်ဘီတွေရှိမယ်ဆိုရင် အဲဒီလော်ဘီတွေက လယ်သမားတွေအတွက်ပဲ ဖြစ်ပါတယ်´ ဟု လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဆန်ဂျီးဗ် ကူးမာရ် ဘာလီယန်က ပြောကြားခဲ့သည်။
အန်ဒိုဆာလ်ဖန် ပိုးသတ်ဆေးသုံးစွဲမှုနှင့် ရက်လွန် ပိုးသတ်ဆေး သုံးစွဲမှု လုံးဝရပ်တန့်ရေးကို ၂၀၁၇ ခုနှစ်တွင် နောက်ဆုံး ထား၍ ဆောင်ရွက်ရန် အိန္ဒိယ အစိုးရက သဘောတူထားသည်။
ပိုးသတ်ဆေးများသုံးစွဲမှုနှင့် ပတ်သက်၍ လုံးဝဥဿုံ ပိတ်ပင်လိုက်ရေး အစိုးရက မဆောင်ရွက်နိုင်ဟု ဘာလီယန်က ၀န်ခံခဲ့ပြီး အော်ဂဲနစ် စိုက်ပျိုးရေးကဲ့သို့ ရွေးချယ်စရာ တစ်ခုခုကို ရှာဖွေနေသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
`ကောက်ပဲသီးနှံတွေကို ပိုးကောင်တွေရဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့ ပိုးသတ်ဆေးတွေက အဓိက အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒါပေမယ့် အဲဒီပိုးသတ်ဆေးမှာ အဆိပ်ဓာတ်တွေလည်း ရှိနေတယ်။ ဒါ့ကြောင့် သူတို့ကို လှည့်သုံးဖို့ လိုအပ်ပါတယ်။ အောဂဲနစ်စိုက်ပျိုးရေးကို မြှင့်တင်ပေးဖို့အတွက် တတ်နိုင်တာအားလုံးကို ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်´
Aljazeera တွင် ဖော်ပြခဲ့သည့် Sanjay Pandey ၏ On the ‘Cancer Train’ of India’s pesticides ဆောင်းပါးကို လေးမောင် (M-Media) မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။
Comments