6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်နဝါရီ ၂၄ ၊ ၂၀၁၅
M-Media
201511195332463621_20
– ဟေရှမ် အလ်-မိုဂ်ရာဘီတစ်ယောက် အိမ်၏ ဧည့်ခန်းအလယ်တွင် ရပ်နေပြီး အပြင်ရှိ အုတ်ဂူကြီး နှစ်ခုကို စူးစိုက်ကြည့်နေသည်။ သူ၏ ဘေ့စ်ဘောဦးထုပ်ကို ချွတ်လိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် ခေါင်းကို ပွတ်ကာ ဦးထုပ်ကို ပြန်ဆောင်းလိုက်သည်။

`ကျွန်တော့်မှာ ဒီနေရာကလွဲကို အခြားသိတဲ့နေရာ မရှိပါဘူး´

တာယာများ၊ ထင်းချောင်းများ၊ ပလတ်စတစ်ပုံးများ၊ ဖိနပ်အဟောင်းများနှင့် သံချောင်းအပိုင်းအစများဖြင့် ပြည့်နေသော တဲပုတ်အတွင်းမှ မိုဂ်ရာဘီက ပြောနေသည်။

ထိုအခြေအနေက ဂါဇာစီးတီးရှိ အလ်-ရှိခ်ရှာဘန် သုသာန်မှ မိုဂ်ရာဘီ၏ ဘ၀ပင်ဖြစ်သည်။

အသက် ၄၃ နှစ်အရွယ် ရှိပြီဖြစ်သည့် မိုဂ်ရာဘီတစ်ယောက် အုတ်ဂူများအကြား ဆောက်လုပ်ထားသော လက်ဖြစ်အိမ်ကလေးတွင် နေထိုင်ရသည့်ဘ၀မှာ မည်ကဲ့သို့အဆုံးသတ်မည်ကို မပြောတတ်။ သူသိသည်က ပါလက်စတိုင်းများ မိမိတို့၏ အမိမြေမှ အစ္စရေး၏ မောင်းထုတ်ခြင်းကို ခံခဲ့ရသည့် ၁၉၄၈ ခုနှစ်မှစ၍ သူနှင့် သူ့မိသားစုတစ်ခုလုံး သုသာန်အတွင်းရှိ ဤနေအိမ်တွင်သာ ဘ၀ခရီးလမ်းကို ဖြတ်သန်းခဲ့ရသည် ဆိုသည်ပင်။

`ကလေးတွေအတွက်ကတော့ ထိတ်လန့် တုန်လှုပ်ဖွယ်ရာပါပဲ´ ဟု သူကဆိုပြီး မနှစ်မြို့ဖွယ် ဘ၀အခြေအနေကြောင့် ကလေးများမှာ ကျောင်းတွင်လည်း မျက်နှာငယ်ရသည်ဟု သူက ထပ်လောင်းပြောကြားခဲ့သည်။ မိသားစုအားထောက်ပံ့ရန်အတွက် ခက်ခဲသည်ဟုလည်း မိုဂ်ရာဘီက ထပ်ပြောသည်။ မြင်းဖြင့်ဆွဲသည့် လှည်းကလေးဖြင့် အိမ်နီးနားချင်းများအား လိုက်လံ ပို့ဆောင်ပေးသည့် အလုပ်မှ တစ်နေ့လျှင် ၀င်ငွေအနည်းငယ်သာရသည်။

`အချိန်အများစုကတော့ ကလေးတွေ ဗိုက်ဆာဆာနဲ့ အိပ်ခဲ့ရတဲ့ အချိန်တွေပါပဲ။ ပိုးမွှားတွေ၊ ကြွက်တွေကြားထဲမှာပေါ့ဗျာ´

အလ်-ရှိခ် ရှာဘန် သုသာန်အတွင်း ဂါဇာပြည်သူများစွာမှာ အိမ်များဆောက်၍ နေကြရသည်။ မည်သူမျှ မနေချင်ကြ။ သို့သော်လည်း ၎င်းတို့အနေဖြင့် အခြား သွားစရာနေရာလည်း မရှိကြပေ။

၂၀၁၄ ခုနှစ် အစ္စရေး၏ တိုက်ခိုက်မှုအတွင်း ဗုံးများထိမှန်ခဲ့သောကြောင့် နေရာအချို့က သုသာန်ဆိုသည်ထက် အမှိုက်ပုံနှင့် ပိုတူနေသည်။ တစ်ချို့နေရာက သုသာန်၊ တစ်ချို့နေရာက သံတိုသံစ၊ သစ်တိုသစ်စများ ပုံထားသည့်နေရာ ဖြစ်နေသည်။ အချို့နေရာကတော့ မြို့ပြင်မှ တဲစုရပ်ကွက်နှင့်တူ၏။ တစ်နေရာတွင် ညစ်ပတ်ပေရေနေသော ကြောင်တစ်ကောင်က ငှက်သေတစ်ကောင်ကို မြိန်ရေယှက်ရေ စားသောက်နေသည်။ တောထနေသော မြေပုံများပေါ်တွင် ပတ်ဝန်းကျင်မှ စွန့်ပစ်ထားသော အမှိုက်များ၊ စားကြွင်းစားကျန်များ၊ ထင်းတိုထင်းစများ၊ ၀ိုင်ယာကြိုးများနှင့် အ၀တ်စုတ်များဖြင့် စုပုံနေသည်။ ကလေးများကတော့ အုတ်ဂူအကြီးစားတစ်ခု၏ ပြောင်ချောနေသာ ကျောက်ပြားပေါ်၌ ဂေါ်လီလုံးများဖြင့် ကစားနေကြ၏။

`သိပ်ကို စိတ်ပျက်စရာပါပဲ။ ကလေးတွေအတွက် ပိုဆိုးတာပေါ့ဗျာ။ သူတို့မှာ ကစားဖို့ တစ်ခြားနေရာ မရှိဘူး။ ဒါ့ကြောင့် ဒီမြေပုံတွေကြားထဲမှာပဲ သူတို့ ကစားရပါတယ်´

အခြားသော ဂါဇာပြည်သူများက ထိုသုသာန်သို့ လာရောက်သည့်အခါ အုတ်ဂူများအကြား ခုန်ပေါက်ပြေးလွှား ဆော့ကစားနေသော ကလေးများကိုတွေ့ပြီးစိတ်ဆိုးဒေါသထွက်ကြသည်။ တစ်ခါတစ်ရံ ကလေးများအား အော်ဟစ်ငေါက်ငမ်းမှုများ၊ ရိုက်နှက်မှုများလည်း ရှိသည်ဟု သုသာန်အတွင်း နေထိုင်ကြသူများက ဆိုသည်။

သို့သော်လည်း သေသေသပ်သပ်မရှိသည့် ဤသုသာန်၏ နေရာတိုင်း၌ ဘ၀၏ လက္ခဏာများ ရှိနေလေ၏။ သစ်သားတိုင် ၂ ချောင်းကြားတွင် နေလှမ်းထားသည့် အ၀တ်အထည်များက လေပြေလေညှင်းနှင့်အတူ ခြောက်သွေ့သွား၏။ သားငယ်လေး တစ်ယောက် နို့ဘူးခွံကို ဘီးတပ်ထားသော လှည်းကလေးအား ဟိုဟိုဒီဒီတွန်း၍ ကစားနေသည်။ သမီးငယ်လေး တစ်ဦးကလည်း ပလတ်စတစ် ကွင်းနှစ်ခုကို တိပ်ဖြင့်ကပ်ကာ လုပ်ထားသော ခါးလှည့်ကွင်းဖြင့် ဆော့နေ၏။ ဤဒေသတွင် နေအိမ်အပါအ၀င် အရာအားလုံးမှာ အဖာအထေးများနှင့်ပင်ဖြစ်လေသည်။

မိုဂ်ရာဘီ၏ အိမ်အပြင်ဖက်မှာတော့ တိတ်ဆိတ်ငြိမ်သက်မှုအပြင် ၂၀၁၄ ခုနှစ် အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့သူ ၂ ဦးကို မြှုပ်ထားသည့် အုတ်ဂူသစ်နှစ်ခုကို တွေ့နေရသည်။ ထိုအထဲမှ တစ်ဦးမှာ အလ်-ရှိခ် ရှာဘန် သုသာန်တွင် နေထိုင်သူဖြစ်သည်။ သုသာန်အတွင်းနေထိုင်သူများမှာ သေဆုံးသူများ၏ ၀ိညာဉ်များနှင့် ထိစပ်ဆက်နွယ်မှုအတွက် အထူးသတိထားကြသည်ဟု ဟာရီမ်းကဆိုသည်။

`ကျွန်တော်တို့က အုတ်ဂူအပေါ်မှာ အိပ်ကြတာပါ။ လူသေတွေရဲ့ အပေါ်မှာပေါ့ဗျာ။ ညဘက်ကျရင် ဟိုဟိုဒီဒီတွေ ကျွန်တော်တို့မြင်ရတယ်။ ကလေးတွေကလည်း အိပ်နေရာကနေ အလန့်တကြားနိုးလာပြီး `ကယ်ပါ၊ ကယ်ပါ´ လို့ အော်ကြပါတယ်´

၈ တန်းတက်နေသော မိုဟာမက် ဆန်ဘူလ်က ထိုကဲ့သို့သောနေရာတွင် မနေချင်တော့ဟု ၀န်ခံခဲ့သော်လည်း  အုတ်ဂူများကို မကြောက်ဟု သတ္တိခဲလေးက ဆို၏။

`အလ္လာဟ်အရှင်မြတ်ကလွဲလို့ ကျွန်တော် ဘာကိုမှ မကြောက်ပါဘူး။ ညဘက်တွေတောင်မှာ ကျွန်တော်ထွက်လာပြီး အုတ်ဂူတွေပေါ်မှာ ကစားပါတယ်။ အခြားကလေးတွေကတော့ ကြောက်တာပေါ့ဗျာ။ ကျွန်တော်ကတော့ မကြောက်ပါဘူး´

အဆိုပါ သုသာန်က ပြည်သူပိုင်နေရာဖြစ်သော်လည်း အစိုးရက ၎င်းတို့အား နေခွင့်ပြုထားသည်ဟု သူတို့ကဆိုသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့အား ပြန်လည်နေရာချထားရေး အတွက် ငွေသုံးစွဲဖို့ မလိုသောကြောင့် ဖြစ်သည်။ သို့သော်လည်း သုသာန်အတွင်း အိမ်ရာသစ်များ တိုးချဲ့ ဆောက်လုပ်မှုကိုတော့ တားမြစ်ထားသည်။

ပါလက်စတိုင်း သာသနာရေးရာဝန်ကြီးဌာနမှ ဒါရိုက်တာဖြစ်သူ မွန်ဇာ မူဂါရီက အစိုးရနေဖြင့် ထိုသူများအတွက် နေစရာအိမ်ရာများ ရှာဖွေပေးမည်ဟု ၀န်ခံခဲ့သည်။ သို့သော်လည်း မည်သည့်အချိန်တွင်ဖြစ်မည်၊ မည်သည့်နေရာဖြစ်မည်ဆိုသည်ကိုတော့ ၎င်းကိုယ်တိုင်လည်း မပြောတတ်။

`သုသာန်မှာနေတဲ့လူတွေကို ထောက်ပံ့တာတွေရပ်ဖို့၊ ကန့်သတ်မှုတွေလုပ်ဖို့၊ ဒဏ်ကြေးတွေ ကောက်ခံဖို့ မြူနီစီပယ်ဌာနကို ကျွန်တော်တို့ ၀န်ကြီးဌာနက ပြောထားပါတယ်။ ဒါတွေအားလုံးဟာ သုသာန်နယ်နမိတ်ကို ကာကွယ်ဖို့ လုပ်တာပါ´ ဟု မူဂါရီက ပြောခဲ့သည်။

ထိုသုသာန်တွင်နေထိုင်သူ ကမီလီယာ ကူဟေးလ်တစ်ယောက် အပျက်အစီးများနှင့် ပြန့်ကျဲနေသည့် ချိုင့်တစ်ခုကို စိုက်ကြည့်နေသည်။ ထိုနေရာက ၂၀၁၄ခုနှစ် ဇူလိုင်လ အစ္စရေးတို့ ကျူးကျော်တိုက်ခိုက်ခြင်းမပြုမီ သူမ၏နေအိမ် ဖြစ်ခဲ့သည်။ ဤသုသာန်တွင် နေထိုင်ကြ သူများမှာ ယခုလက်ရှိအချိန်တွင် ပို၍ ထိခိုက်ခံစားနေရပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ကြားဝင်ဖြေရှင်းပေးမှုများ လိုအပ်နေသည်ဟု ကူးဟေးလ်က ဖွင့်ဟခဲ့သည်။

`ဒီနေရာကို စွန့်ခွာပြီး ကလေးရဲ့ ဘ၀လေးတွေ ကောင်းသွားဖို့သာ ကျွန်မအလိုရှိပါတယ်။
ဒီမှာက အစားအသောက်လည်း မရှိဘူး။ ချက်စရာလည်း ဘာမှမရှိဘူး။ ကလေးတွေ မှဲ့တစ်ပေါက် မစွန်းဖို့ နေ့ရောညပါ ကျွန်မက စောင့်ရှောက်နေရပါတယ်။ ဒီနေရာဟာ အန္တရာယ်ရှိတဲ့နေရာပါ။ ဒါပေမယ့်လည်း ကျွန်မတို့ ဘယ်သွားရမလဲရှင်´

ကူဟေးလ်က သူမ၏ ဒုက္ခသုက္ခများကို ဖွင့်ဟခြင်းဖြစ်သည်။

ဒေသခံအစိုးရကလည်း ၎င်းတို့အား ကူညီခြင်းမရှိဟု ဟာရီမ်းကဆိုသည်။ ထို့ကြောင့် ကူညီထောက်ပံ့မှုများမှာ ပြင်ပအဖွဲ့အစည်းများမှ လာကြသည်။ လုံလောက်သည့် ငွေကြေး မရှိခြင်းကြောင့် သုသာန်အတွင်း နေထိုင်သူများက ၎င်းတို့ကိုယ်တိုင်လည်း ရွှေ့ပြောင်း မနေထိုင်နိုင်ကြ။ ယခင် နိုင်ငံတကာမှ အကူအညီတောင်းထားမှုမှာလည်း သတင်းသဲ့သဲ့ပင် မကြားရ။ ၂၀၁၄ ခုနှစ် အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှု ပြီးကတည်းက ၎င်းတို့၏အခြေအနေများမှာ ပို၍ ဆိုးရွားလာခဲ့သည်ဟု ဟာရီမ်းက ထည့်သွင်း ပြောကြားခဲ့သည်။

သူငယ်ချင်းရောင်းရင်းတစ်ဦး၏ အုတ်ဂူကို ဟာရီးမ်က ကြည့်နေသည်။ ထိုသူမှာ ဤနေရာတွင်မွေး၊ ဤနေရာတွင်ကြီး၍၊ ဤနေရာတွင်ပင် သေဆုံးခဲ့ရသူဖြစ်သည်။

`အကူအညီလိုချင်ပါတယ်။ တစ်ခြားနေရာမှာလည်း ကျွန်တော်တို့ နေချင်ပါတယ်။ ဒီသုသာန်ထက် ပိုကောင်းတဲ့ ဘယ်နေရာမဆိုပေါ့ဗျာ´

ဟာရီးမ်၏အသံမှာ တိမ်ဝင်၍ သွားလေ၏။

ref:Aljazeera
လေးမောင်(M-Media) မြန်မာပြန်ဆိုသည်။

Tags:

Leave a Reply