ဇန်နဝါရီ ၂၅ ၊ ၂၀၁၅
M-Media
ရပ်တည်ချက်အတိုင်း မယိုင်မလဲရှေ့ဆက်ရန် နေပြည်တော်သို့ ၀ါရှင်တန်မှ တွန်းအားပေးလိုက်ပြီးသည့်နောက် တရုတ်ပြည်မှ လိပ်ခဲတည်းလည်း ခံစားနေရသည်။ မြန်မာနိုင်ငံသည် ဘေဂျင်း၏ စွမ်းအင်လုံခြုံရေးနှင့် ပိုးလမ်းမကြီး စီမံကိန်းများဆိုင်ရာ မဟာဗျူဟာဒေသဖြစ်နေ၍ပင်။
ပြည်ပနေ တရုတ်လူမျိုးတို့၏ ၀က်ဘ်ဆိုဒ်ဖြစ်သော Duowei မှ တင်ပြသည်မှာ – ၀ါရှင်တန် ကျောထောက်နောက်ခံ လက်တင် အမေရိကနိုင်ငံများနှင့် လက်ပွန်းတတီးဆက်ဆံမှု၌ တရုတ်၏ အာရုံစိုက်နေမှုသည် မြန်မာနိုင်ငံအား အမေရိကန်၏ တွန်းအားပေး ဆုံးဖြတ်ချက်အပေါ် သြဇာသက်ရောက်စေရန်ဖြစ်သည်။
တရုတ်ပြည်၏ မဟာဗျူဟာပြည်နယ် တစ်ခုဖြစ်သော ယူနန်သည် မြန်မာပြည်တွင်း အမေရိကန်၏ ထိုးဖောက်မှုများအတွက် အကြွင်းမဲ့ ပစ်မှတ်ဟု သုတေသီများက ဆိုကြသည်။ ယူနန်ပြည်နယ်သည် မြန်မာ၊ လာအို၊ ဗီယက်နမ် နိုင်ငံနယ်နမိတ်များနှင့် ထိစပ်လျက်ရှိပြီး အရှေ့တောင်အာရှထွက်လမ်းအဖြစ် တည်ရှိကာ သမ္မတ စီဂျင်းပင်၏ ၂၁ ရာစု ပင်လယ်ဖောက် ပိုးလမ်းမကြီး 21st century Maritime Silk Road (MSR) စီမံကိန်း စတင်ရာ အပါအ၀င်နယ်မြေတစ်ခု ဖြစ်၏။
အောက်တိုဘာလတွင်ကျင်းပမည့် မြန်မာ့ရွေးကောက်ပွဲ အကြိတ်အနယ် အချိန်တွင် သြဇာပြိုင်ဆိုင်မှုမှာ အထွဋ် အထိပ်သို့ ရောက် လာနိုင်ပြီး၊ ၎င်း၏ရလဒ်များက ပထ၀ီနိုင်ငံရေးရေချိန်အား သတ်မှတ်ပေးဖွယ်ရှိနေသည်။
Duowei ၏အဆိုအရ ဇန္န၀ါရီလ ၁၁ ရက်မှ ၁၅ ရက်အတွင်း အမေရိကနှင့် မြန်မာအကြား လူ့အခွင့်အရေး စကားဝိုင်းများ ရှိခဲ့သည်။ စကားဝိုင်းအတွင်း အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဦးဆောင်သူ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် လုပ်သားရေးရာ ဒုဝန်ကြီး Tom Malinowski အပြင် အမေရိကန် ပစိဖိတ်စစ်ဌာနချုပ်မှ ထိပ်တန်း အရာရှိကြီးနှစ်ဦးဖြစ်သော ဒုဗိုလ်ချုပ်ကြီး အင်ထော်နီ ခရခ်ျဖီးလ်ဒ်၊ အရှေ့အာရှရေးရာ လက်ထောက် ကာကွယ်ရေးရေး ဝန်ကြီး David F Helvey လည်း ပါဝင်ခဲ့၏။ ပြည်တွင်းစစ်၌ ကြားညှပ်နေသောဒေသဖြစ်သည့် ကချင်ပြည်နယ်ရှိ မြစ်ကြီးနားမြို့သို့လည်း ဗိုလ်ချုပ် ခရခ်ျဖီးလ်ဒ် မှ အလည်အပတ် သွားရောက်ခဲ့သေးသည်။
ကချင်ပြည်နယ်၏တိုက်ပွဲများအကြား ပိတ်မိနေသည့် တရုတ်နိုင်ငံသားအချို့အတွက် လတ်တလောတွင် တရုတ်သံ အမတ်ကိုယ်စားလှယ် အဖွဲ့တစ်ခုသည် မြစ်ကြီးနားသို့ ရောက်လျက်ရှိသည်။
မြန်မာအစိုးရတပ်ဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA အကြား အသည်းအမည်း တိုက်ပွဲ တစ်ရပ်နောက်ပိုင်း ဖြစ်ပေါ်လာသော အခြေအနေဆိုးမှန်သမျှကို တရုတ်ပြည်အား စိုးရိမ်လာစေသည်၊ အကြောင်းမှာ ယင်း စစ်မက်ဇုံနှင့် မဝေးကွာလှသည့် ယူနန်ပြည်နယ်သို့ ဒုက္ခသည်များ လှိမ့်ဝင်လာနိုင်စေခြင်းကြောင့်ဖြစ်ကြောင်း လေ့လာသူများကဆိုသည်။
တရုတ်နယ်စပ်အနီး ကချင်အခြေစိုက်တစ်ခုဖြစ်သော ဖားကန့်အား မြန်မာစစ်တပ်မှ ၀င်ရောက်တိုက်ခိုက်မှုက ယူနန်နယ်အတွင်း ဒုက္ခသည်များ ထိန်းမရအောင် ၀င်ရောက်စေမည့်ခြေလှမ်းအစ ဖြစ်ကြောင်း၊ ယူနန်နယ်စပ် ကိုးကန့်အထူးဒေသအတွင်း အစိုးရတပ်ဖွဲ့များ ၀င်ရောက်တိုက်ခိုက်ခဲ့သည့် ၂၀၀၉ ခုနှစ်အခြေအနေအတိုင်းဖြစ်ကြောင်း Sina Military Network ၀က်ဘ်ဆိုဒ်မှလည်း သတင်းများ ထုတ်လွှင့်နေသည်။
ကချင်လူမျိုးမှ မျိုးနွယ်တစ်စုဖြစ်သော ဂျိန်းဖောတို့သည် ယူနန်ပြည်နယ်၌ မှီတင်းနေထိုင်လျက်ရှိသည့် တိုင်းရင်းအုပ်စုတစ်စုနှင့် အတူတူပင်ဖြစ်သဖြင့် နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းလာသူများအား စာနာနားလည်ပေးမည်မှာလည်း သဘာဝပင်။ သို့ဖြစ်ရာ ဒုက္ခသည်တစ်ဦးဦးမှ လူမှုရေးတင်းမာမှုများ မီးမွှေးပေးနိုင်သည်။ မြန်မာနိုင်ငံမြောက်ပိုင်းဒေသ မတည်ငြိမ်မှုက စီးပွားရေးကဏ္ဍကိုလည်း အရှုပ်အထွေး ဖြစ်စေနိုင်ပြန်၏။ အကြောင်းသော် ကချင်တောင်တန်းများမှ မြစ်ဖျားခံထွက်ရှိနေသော ကျောက်စိမ်းနှင့်ရတနာများ၊ ကျွန်းသစ်များအတွက် တရုတ်ပြည်မှာ အဓိကဈေးကွက်ဖြစ်သောကြောင့်တည်း။
မြန်မာပြည်ရှိ စားကျက်တစ်ခုအားဆုံးရှုံးခြင်းက စီးပွားရေးခါးစည်း ပိုးလမ်းမနှင့် MSR ၏ အချက်အခြာတစ်ရပ်ကို ဖယ်ရှားပစ်နိုင်သည်။ ပိုးလမ်းမနှင့် MSR နှစ်မျိုးလုံးသည် အာရှနှင့်ဥရောပ စီးပွားရေးများပေါင်းစုရေးအတွက် တရုတ်ပြည်ကြားခံထားရန် မရှိမဖြစ် အရေးပါလွန်းလှသည်။ ဘင်္ဂလားပင်လယ်ဝရှိ မြန်မာနိုင်ငံ ကျောက်ဖြူဆိပ်ကမ်းနှင့် ယူနန်ပြည်နယ်အကြား ရထားလမ်းဖောက်လုပ်ရန် တရုတ်ပြည်မှ သဘောတူလက်မှတ် ရေးထိုးထားသည်။ သို့သော် စီမံကိန်းအကောင်အထည်ပေါ်ပါက အမေရိကမှ လွှမ်းမိုးထားသော အပြည်ပြည်ဆိုင်ရာ ရေကြောင်း ကုန်သွယ် လမ်းတစ်ခုဖြစ်သည့် မလက္ကာရေလက်ကြားကို တရုတ်ပြည်အနေဖြင့် ရှောင် ကွင်းသွားနိုင်ပေမည်။ ထိုထိုသော အချက်များကြောင့် အကြီးအကျယ် သောကရောက်နေခြင်းဖြစ်၏။ ရွေးကောက်ပွဲ ၏နောက် ၀ါရှင်တန်ထောက်ခံသည့် အစိုးရတစ်ရပ်လတက်လာလျှင်ကား ဤအတားအဆီးများ ဆင့်ကဲဆင့်ကဲ ကြီးမားလာပေလိမ့်မည်။
ကျောက်ဖြူသည်လည်း ယူနန်နယ်သို့ ရှေ့ရှုသော ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ အစပြုနေရာဖြစ်သည်။ အကယ်၍ မြန်မာနိုင်ငံတွင် မိမိတို့ အပေါ် သဘောထား ညွှတ်ပြောင်းခြင်း မရှိသည့် အစိုးရတစ်ရပ် တာဝန်ယူလာခဲ့လျှင် ဒေသတွင်း စီမံကိန်းဆန့်ကျင် ဆန္ဒပြမှုများ ဆင့်ကဲမြင့်မားလာနိုင်ခြင်းကို ဘေဂျင်းမှ အလစ်မပေး စောင့်ကြည့်နေပြီဖြစ်ကြောင်း သုတေသီများက ဆိုကြ၏။
xxxxxxxxxxx
မူရင်း – Myanmar becomes battleground for growing China-US rivalry(The Hindu)
ဘာသာပြန် – မြင့်မိုရ်မောင်မောင်
Comments