ဇန်န၀ါရီ ၃၁၊ ၂၀၁၅
M-Media
– ဟစ်ဇ်ဘိုလာ အကြီးတန်းခေါင်းဆောင် အီမက်ဒ် မွဂ်နီယာအား ၂၀၀၈ ခုနှစ်က ဆီးရီးယားတွင် ကားဗုံးဖြင့် လုပ်ကြံမှုကို အမေရိကန်ထောက်လှမ်းရေးဌာန စီအိုင်အေနှင့် အစ္စရေးထောက်လှမ်းရေးအဖွဲ့ မော့ဆက်တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၀ါရှန်တန်ပို့စ်သတင်းဌာနက ယမန်နေ့တွင် ရေးသားဖော်ပြခဲ့သည်။
စီအိုင်အေတာဝန်ရှိသူဟောင်းများ၏ ပြောကြားမှုကို ကိုးကား၍ ထိုကဲ့သို့ ဖော်ပြခဲ့ခြင်းဖြစ်ပြီး မွဂ်နီယာမှာ ၂၀၀၈ ခုနှစ် အဖော်ဝါရီ ၁၂ ရက်နေ့တွင် ဒမတ်စကတ်ရှိ စားသောက်ဆိုင်မှထွက်ကာ ရပ်ထားသော ၎င်း၏ကားထဲသို့ ၀င်အထိုင်တွင် ကားမှာ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
အစ္စရေးနှင့် အမေရိကန်တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် အဆိုပါလုပ်ကြံမှုတွင် ဗုံးကို စပယ်ယာဘီးတွင် တပ်ဆင်ခဲ့ခြင်းဖြစ်သည်ဟု ၀ါရှင်တန်ပို့စ်ကဆိုပြီး အဆိုပါကားဗုံးအား အမေရိကန်ပြည်ထောင်စုတွင် ပြုလုပ်ခဲ့ကာ မြောက်ကယ်ရိုလိုင်းနားတွင် စပ်သပ်ခဲ့ကြောင်း၊ ထို့နောက်ဒမတ်စကတ်ရှိ စီအိုင်အေးဂျင့်များနှင့် အဆက်အသွယ်ရှိသော တလ်အဗီးရှိ မော့ဆက်အေးဂျင့်များထံ ပေးပို့ခဲ့ကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။
မွဂ်နီယာမှာ ဟစ်ဇ်ဘိုလာအဖွဲ့မှ အမေရိကန်စစ်ဘက်နှင့် ပတ်သက်သည့်နေရာများအား တိုက်ခိုက်မှုအတွက် ညွှန်ကြားသူဟု သံသယရှိနေသူဖြစ်ပြီး ၁၉၉၂ ခုနှစ်က အာဂျင်တီးနားရှိ အစ္စရေးသံရုံးအား တိုက်ခိုက်မှုကိုလည်း ၎င်းက ကြိုးကိုင်ခဲ့သည်ဟု သံသယရှိခြင်း ခံခဲ့ရသူဖြစ်သည်။
စီအိုင်အေကမူ ၀ါရှင်တန်ပို့စ်၏ ထိုဖော်ပြမှုအတွက် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ ၀ါရှင်တန်ပို့စ်၏ ဖော်ပြမှုအရ ထိုလုပ်ကြံမှုတွင် ထိုစဉ်က သမ္မတ ဂျော့ ဒဘလူဘုရှ်၏ ဆုံးဖြတ်ချက်လိုအပ်ပြီး တရားသူကြီးချုပ်၊ အမျိုးသားထောက်လှမ်းရေးဒါရိုက်တာ၊ အမျိုးသားလုံခြုံရေးအကြံပေးတို့ အပါအ၀င် အကြီးတန်းအရာရှိများက သတ်ဖြတ်မှုအမိန့်အတွက် လက်မှတ်ရေးထိုးပေးရသည်ဟု သိရသည်။
Ref:aljazeera
Comments