ဖေဖော်ဝါရီ ၄၊ ၂၀၁၅
M-Media
– ကီယိုဇီးတစ်ယောက် မြန်မာနိုင်ငံရှိ မွေးရပ်မြေသို့ ပြန်သွားရန် မဖြစ်နိုင်ပေ။ ချောန်ကမ်ဟုခေါ်သည့် ထိုရွာလေးက အလွန် တစ်သီးတစ်ခြားဖြစ်နေပြီး တောင်တန်းများ၊ သစ်တောများ ထူထပ်သောဒေသတွင် ရှိနေ၏။ လမ်းတွေက ဆိုးသည်။ သူတို့၏ ရွာတွင် အိမ်ခြေ ၁၀၀ ခန့်သာရှိသည်ဟု ကီယိုဇီးက ဖွင့်ဟခဲ့ပြီး ဧည့်သည်များအနေဖြင့် ထိုဒေသသို့ရောက်ရန် ကားကြုံစီးရသည်ဟု ဆိုလေသည်။ ဒေသခံများ အနီးဆုံးမြို့ကိုသွားရန် ဘတ်စ်ကားမှတ်တိုင်သို့ လမ်းမကြီးအတိုင်း ၁၂ မိုင်လောက် လမ်းလျှောက်သွားရသည်။
၂၀၁၁ ခု နွေရာသီ၏ နေ့တစ်နေ့တွင်တော့ မြန်မာစစ်တပ်မှ စစ်သားတစ်စုက သစ်တောများမှဖြတ်ပြီး ချောန်ကမ် ရွာလေးသို့ ရောက်လာကြသည်။ ကီယို တစ်ယောက် လယ်သမားဖြစ်သူ မိဘများနှင့် အိမ်တွင်ရှိနေ၏။ ထိုအချိန်မှစ၍ ကီယို၏ ဘ၀က လုံးဝ ပြောင်းလဲသွားလေတော့သည်။
ချောန်ကမ်ရွာလေးက မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးပြည်နယ်ဖြစ်သော ချင်းပြည်နယ်တွင် တည်ရှိသည်။ ချင်းတိုင်းရင်းသားများဖြစ်သြသည့် ကီယိုနှင့် ရွာသားများက ခရစ်ယာန် ဘာသာဝင်များဖြစ်၏။ လွန်ခဲ့သည့် ရာစုနှစ်တစ်ခုကျော်က သာသနာပြုအဖွဲ့များ၏ ကြိုးပမ်းမှုကြောင့် သူတို့မှာ ခရစ်ယာန်များဖြစ်သွားခြင်းဖြစ်သည်။ ဗုဒ္ဓဘာသာဝင် အများစုရှိရာ မြန်မာနိုင်ငံတွင် ချင်းလူမျိုးများမှာ ဖိနှိပ်ချုပ်ချယ်မှု အခံရဆုံးသော လူမျိုးများထဲမှ တစ်ခုဖြစ်သည်ဟု လူ့အခွင့်အရေး အဖွဲ့များက ဆိုသည်။ လူ့အခွင့်အရေးအဖွဲ့ တစ်ခုဖြစ်သည့် Physicians for Human Rights မှ ထုတ်ပြန်သော အစီရင်ခံစာတွင်တော့ ချင်းလူမျိုးများမှာ အဓ္ဓမပြုခြင်း၊ နှိပ်စက် သတ်ဖြတ်ခြင်းတို့ကို ခါးစီးခံနေရသည်ဟု ဖော်ပြခဲ့သည်။ ထိုစော်ကားမှုတော်တော်များများက လူမသိသူမသိပင် ပြီးဆုံးခဲ့၏။ ချင်းပြည်နယ်သို့ မကြာသေးမီကာလကမှ နိုင်ငံခြားသားများ သွားရောက်ခွင့်ရခဲ့သည်။
ချောန်ကမ်ရွာသို့ လာရောက်ကြသည့် စစ်သားများက ချင်းတိုက်ခိုက်ရေးသမားများကို လာရောက်ရှာဖွေခြင်းဖြစ်သည်ဟု ကီယိုကဆိုသည်။ ၎င်းတို့ ရှာဖွေသူများမှာ ချင်းလွတ်မြောက်ရေးတပ်မှ တပ်သားများ ဖြစ်နိုင်သည်။ မည်သူ့ကိုမှ မတွေ့သည့်အခါ စစ်သားများက ပြန်သွားကြသည်။ ထိုအချိန်မှစ၍ ကီယို၏ ဘ၀က ပစ်စ်ဘာ့ဂ်မြို့ (အမေရိကန်ပြည်ထောင်စုရှိ မြို့တစ်မြို့) သို့ ဦးတည်ခဲ့သည်။
စစ်သားများက ကီယိုအား ၎င်းတို့၏ ထောက်ပံ့ရေး ပစ္စည်းများကို သယ်ဆောင်ရန် အမိန့်ပေးခဲ့သည်။ ချင်းပြည်နယ်တွင် ထိုကဲ့သို့ ပေါ်တာဆွဲမှုများမှာ ဖြစ်နေကျဖြစ်ရပ်တစ်ခုပင်။ ထို့ကြောင့် ကီယိုနှင့် စစ်သားများက တောတောင်များကိုဖြတ်၍ အခြားမြို့တစ်မြို့သို့ သွားကြလေသည်။ ထိုမြို့သို့ရောက်သည့်အခါတွင် ကီယိုက မိမိမှာ ရေးချိုဖို့လိုနေသည်ဟု စစ်သားများအား ပြောခဲ့သည်။ ထို့နောက် စစ်သားများနှင့်ဝေးရာ အရောက်တွင်တော့ ကီယိုတစ်ယောက် သယ်လာသည့်အိတ်ကို ချကာ ထွက်ပြေးခဲ့လေသည်။
၂ ရက်ကြာပြီးနောက် ကီယိုမှာ မြို့တော်ဟားခါးသို့ရောက်ခဲ့သည်။ ထိုမြို့တွင် ဖိနှိပ်ခံ ချင်းလူမျိုးများအား ကူညီပေးနေသော အေဂျင်စီ တစ်ခုရှိပြီး ထိုအေဂျင်ဆီက ကီယိုအား ကားဖြင့် ၂ ရက်တာကြာမည့် ကော့သောင်းခရီးစဉ်ကို စီစဉ်ပေးခဲ့လေသည်။ ကော့သောင်းမှ တစ်ဆင့် ကီယိုတစ်ယောက် လှေဖြင့် မလေးရှားသို့ သွားခဲ့ရသည်။ မလေးရှားရှိ ရွာငယ်တစ်ခုတွင် ကီယိုမှာ ၃ နှစ်ခန့်နေရပြီး ကုလသမဂ္ဂ ဒုက္ခသည်ကဒ် ရရှိအောင် စောင့်ဆိုင်းနေခဲ့ရသည်။
ထိုကဒ်ရပြီးနောက် ကီယိုမှာ ချင်းလူမျိုး ၁၈၀၀၀ ခန့်ရှိနေသော မြို့တော်ကွာလာလမ်ပူသို့ ပြောင်းခွင့်ရခဲ့သည်။ ထို့နောက် စားသောက်ဆိုင်တစ်ခုတွင် အချိန်ပိုင်းအလုပ်လုပ်ခဲ့ပြီး အခြားသော ချင်းလူမျိုး ၇ယောက် ၈ ယောက်ခန့်ဖြင့် အခန်းကျဉ်းကျဉ်း တစ်ခုတွင် နေထိုင်ရလေသည်။
ထို့နောက် အမေရိကန်သို့ ဒုက္ခသည်အဖြစ် ပြောင်းရွှေ့အခြေချခွင့်ရရန် ကီယိုက လျှောက်ထားခဲ့သည်။ ၃ နှစ်ခန့်ကြာပြီးနောက် ဇန်န၀ါရီ ၃၁ ရက် ၂၀၁၄ ခုနှစ်တွင် ကီယိုမှာ နယူးယောက်သို့ ရောက်ရှိခဲ့ပြီး ထိုမှတစ်ဆင့် ပစ်ဘာ့ဂ်သို့ ရောက်ရှိခဲ့လေသည်။ ယခုတွင်တော့ ကီယိုတစ်ယောက် မောင့်အိုလီဗာဒေသတွင် မြန်မာနိုင်ငံမှ အခြားသော ဒုက္ခသည်များနှင့်အတူ နေထိုင်လျက်ရှိနေသည်။
`ကျွန်တော့်အတွက်တော့ ဒီနေရာဟာ သိပ်အေးပါတယ်။ ကျွန်တော်တို့တိုင်းပြည်က နွေးတယ်။ မလေးရှားကတော့ပူတယ်။ ကျွန်တော် ပစ်ဘာ့ဂ်ကိုစရောက်တုန်းက နှင်းတွေတအားကျနေပြီး ကျွန်တော် အံ့သြခဲ့ရပါတယ်´
ကီယိုမှာ ပစ်ဘာ့ဂ် စာပေကောင်စီတွင် အင်္ဂလိပ်စာကို သင်ယူလေ့လာနေပြီး ကောလိပ်တက်ရန် မျှော်လင့်နေ၏။ ယခုလက်ရှိ ဟားခါးတွင်နေထိုင်နေသော မိဘများကို လွမ်းသည်ဟု ကီယိုက ဖွင့်ဟသည်။ ဖုန်းဖြင့် အဆက်သွယ်ရှိသော်လည်း မိဘများနှင့် အတူတကွ ပြန်လည်နေထိုင်ရန် မဖြစ်နိုင်တော့ဟူ သူက ၀န်ခံခဲ့သည်။ ချင်းလူမျိုးများ၏ အခြေအနေ တိုးတက်ဖွံ့ဖြိုးခြင်း မရှိသမျှတော့ ကိုယီတစ်ယောက် မြန်မာနိုင်ငံသို့ ပြန်တော့မည်မဟုတ်။
သို့ရာတွင် အခုလက်ရှိ အမေရိကန်တွင်ရှိနေသည့် ကီယိုက အလုပ်လုပ်ကာ ငွေပို့၍ မိဘများကို ထောက်ပံ့နိုင်သည်။ ပြီးခဲ့သည့် မေလက စ၍ ကီယိုမှာ အိမ်အကူ လုပ်သားအဖြစ် အလုပ်ဝင်ခဲ့လေ၏။
ref:post-gazette
ဘာသာပြန်- လေးမောင်
Comments