News @ M-Media

IS ကိုလက်စားချေသည့်အနေဖြင့် အကြမ်းဖက်မှုဖြင့် သေဒဏ်ကျခံနေရသူနှစ်ဦးကို ဂျော်ဒန်ကွပ်မျက်

ဖေဖော်ဝါရီ ၄၊ ၂၀၁၅
M-Media

JORDAN TERRORISM

– မိမိတို့၏ လေယာဉ်မှူအား IS က အရှင်လတ်လတ် မီးရှို့သက်ဖြတ်မှုကို လက်စားချေသည့်အနေဖြင့် အကြမ်းဖက်လုပ်ရပ်များဖြင့် သေဒဏ်ကျခံနေရသည့် အကျဉ်းသား ၂ ဦးကို ဂျော်ဒန်က ကွပ်မျက်လိုက်သည်ဟု သိရသည်။

ကွပ်မျက်လိုက်သူများမှာ IS က စောစောပိုင်းတွင် အကျဉ်းသားလဲလှယ်ရန် တောင်းဆိုခဲ့သည့် အလ်ကိုင်းဒါးအဖွဲ့အ၀င် အီရတ်မှ အမျိုးသမီး ဆာဂျေဒါ အလ်-ရီရှာဝီနှင့် အလ်ကိုင်ဒါး အကြီးတန်းအဖွဲ့ဝင် ဇိုက်ဒ် အလ်-ကာဘိုလီတို့ ဖြစ်ပြီး ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့နံနက်က ကြိုးပေးခဲ့ခြင်းဖြစ်သည်။

ထိုကွပ်မျက်မှုကို မြို့တော် အန်မန်တောင်ဘက်ရှိ ဆွာကွာ အကျဉ်းထောင်တွင် အစ္စလာမ့်တရားရေး လူကြီးများရှေ့မှောက်၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု လုံခြုံရေးသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ဆာဂျေဒါမှာ လူ ၆၀ သေဆုံးခဲ့သော ၂၀၀၅ ခုနှစ် ဗုံးဖောက်ခွဲမှုအတွက် သေဒဏ်ကျခံနေရသူဖြစ်ပြီး ကာဘိုလီကမူ ဂျော်ဒန်နိုင်ငံသားတစ်ဦးကို သတ်ဖြတ်မှု အပါအ၀င် အကြမ်းဖက်မှု စွဲချက်များဖြင့် ၂၀၀၇ ခုနှစ်တွင် သေဒဏ်ချခံရသူဖြစ်သည်။

အသက် ၂၆ နှစ်အရွယ်ရှိ ဂျော်ဒန်လေယာဉ်မှူး မိုအာဇ် အလ်-ကာဆက်ဘာဟ် လှောင်အိမ်ထဲတွင် မီးလောင်နေသည့်ပုံအား ယမန်နေ့တွင် IS က ထုတ်ပြန်ခဲ့ပြီးနောက် ဂျော်ဒန်အစိုးရက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး၊ အဆုံးစွန်ဆုံး လက်စားချေသွားမည်ဟု ပြောကြားခဲ့သည်။

Ref: aljazeera

Comments

Leave a Reply