ဖေဖော်ဝါရီ ၁၈ ၊ ၂၀၁၅
M-Media
၂၀၁၅ ဟာ ခရာဆူးခြုံတွေ၊ နွယ်မြက်ပိတ်ပေါင်းတွေ၊ လျှိုမြောင်ချောက်ကမ်းပါးတွေနဲ့ တောထူလို့။ ၀င်္ကဘာလို မာယာထောင်ချောက်တွေလည်း ပြည့်နှက်လို့။
ရွေးကောက်ပွဲဆိုတဲ့ သမင်သားငယ်ဟာ ကျားတွေ၊ ၀ံပုလွေတွေ၊ မြေခွေးတွေကြားမှာ ဘယ်သူ့အစာ ဖြစ်မယ်ဆိုတာကို ကြိုတင်သိနိုင်ခွင့်မရှိ။ မျက်ခုံးခပ်လှုပ်လှုပ် ထိတ်ထိတ် လန့်လန့်ကြားကပဲ ယဇ်ပလ္လင်မှာ လည်စင်းခံလိုက်ရမယ့်အဖြစ်မျိုး။ မုဆိုးတွေ၊ တံလျှပ်တွေ၊ လင့်စင်ပေါ်က ချိန်ရွယ်ထားတဲ့ ဒူးလေးတွေ။ ပြီးတော့ တောရိုင်းဥပဒေက အလံထူနေဆဲ။ အနှစ်မဲ့တောမှာ ကြက်ဆူပင်တွေက မင်းမူနေဆဲ။
၂၀၁၀ ရဲ့ ဟိုမှာဘက်ဆီက ကန္တာရခရီးဟာ နွမ်းလျပန်းမောပေမဲ့ မြင်ကွင်းတော့ ရှင်းခဲ့တယ်။ လွင်ပြင်မှာ ဆင်လား၊ ကျားလား ထင်ရှားစွာမြင်ရတယ်။ ရန်၊ ငါ စည်း ပြတ်နိုင်တယ်။ ကမန်းကတမ်း သိုးရေခြုံလိုက်တဲ့ ၀ံပုလွေကိုလည်း မြင်နိုင်တယ်။
၂၀၀၈ ဖွဲ့စည်းပုံဟာ ချစ်တီးဆီက ငွေချေးမိတဲ့ လယ်သမားဦးကြီးလို ဘာရေးထားမှန်းမသိတဲ့ စာရွက်ပေါ်မှာ လက်မှတ်ထိုးလိုက်ရတဲ့ အဖြစ်မျိုးနဲ့ အတည်ဖြစ်ခဲ့တဲ့ စာချုပ်တစ်ခု။ ၂၀၁၀ ရွေးကောက်ပွဲ ကတော့ ဟိုတုန်းက သမ၀ါယမဆိုင်က ထုတ်ပေးတဲ့ ဆန်လို ဆန်ကွဲတွေ၊ စပါးလုံးတွေ နိုင်းချင်းပါနေပေမဲ့ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် မချစ်သော်လည်း အောင့်ကာနမ်းလိုက်ရတဲ့ ကံကြမ္မာတစ်ခု။ ၂၀၁၅ မှာတော့ ဈေးဆစ်နိုင်၊ ရွေးချယ်နိုင်တဲ့ ကံကြမ္မာအပြောင်းအလဲ ရှိမယ်လို့မျှော်လင့်ပြီး ၅ နှစ်တာကို ကြိတ်မှိတ်မျိုသိပ် ခဲ့ရတာက ပြည်သူလူထု။
ပန်းနဲ့တူတာ တစ်ပင်မှမရှိဘဲ ခြုံနွယ် ပိတ်ပေါင်းတွေသာ ပြည့်နှက်နေပြီး ချောင်ကြိုချောင်ကြားမှာ အတွဲ ၄-၅ တွဲ ရှိနေတတ်တဲ့ တောအုပ်ငယ်ကို ‘ပန်းခြံ’ လို့ ဆိုင်းဘုတ်ချိတ်ထားရင် ပန်းခြံလို့သာ ခေါ်ရပါတယ်။ အဲဒီ ပန်းခြံနဲ့ သဘောသွားချင်းတူတဲ့ ”စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီနိုင်ငံတော်” ဟာ ချဉ်သီးပင်အောက် ချဉ်သီးရှားဆိုတာလို အပေါ်ယံရွှေမှုန်ကျဲ ကျီးအာသီးလို အသွင်နဲ့ မြန်မာ့နည်း မြန်မာ့ဟန် ဒီမို ကရေစီပဲ ဆိုပါစို့။
အဲဒီ ဒီမိုကရေစီနိုင်ငံတော်မှာ လွတ်လပ်စွာဖွင့်ထားတဲ့ ဘီယာဆိုင်၊ အရက်ဆိုင်တွေမှာ လွတ်လပ်စွာ မူးရူးပြီး ဒီမိုကရေစီအရသာကို ခံစားနိုင်ကြပါပြီ။ လွတ်လပ်စွာ ရေးသားထုတ်ဝေပြီး လွတ်လပ်စွာ ရမ်းကားဆဲဆို စော်ကားခွင့်ကိုလည်း တန်းတူရည်တူရနိုင်ကြပါပြီ။ အမှန်တရားကို နှုတ်မစောင့် လက်မစောင့်ဘဲ ရဲရဲဝံ့ဝံ့ရေးသား တင်ပြပြောဟောလာရင်လည်း လွတ်လပ်စွာ ဖမ်းဆီးထောင်ချခွင့် ရှိပါပြီ။ ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီအောင် လေ့ကျင့်ပေးထားတဲ့ လုံထိန်းရဲတပ်ဖွဲ့ဝင်တွေဟာလည်း ဒေါသထွက်နေတဲ့ လူအုပ်ကြီးတွေကို လွတ်လပ်စွာ ဥပဒေ ချိုးဖောက် ရမ်းကားသောင်းကျန်း ခွင့်ပေးပြီး ဆုံးရှုံးမှု၊ နစ်နာမှု၊ သိမ်းပိုက်ခံရမှုအတွက် တောင်းဆိုဆန္ဒပြသူတွေကို လွတ်လပ်စွာ ပစ်ခတ်နှိမ်နင်းနိုင်ပါပြီ။ တိုင်းပြည်ရဲ့ ဥပဒေအဆင့်အတန်းမီဖို့ တိုင်းပြည်ရဲ့ ပညာရေးမြှင့်တင်ဖို့ ဆန္ဒပြတောင်းဆိုသူတွေကို လွတ်လပ်စွာတားဆီးပိတ်ပင်နိုင်ပြီး တန်ပြန်ဆန္ဒပြ ကန့်လန့်တိုက် ဂဏန်းသပိတ်များကိုတော့ ခွင့်ပြုချက်မလို၊ ပုဒ်မ ၁၈ ကင်းလွတ်ခွင့်နဲ့ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ရနိုင်ပြီ။ အာဏာရပါတီကြီးက နိုင်ငံတော်အလံစောက်ထိုးလုပ်တာကို လွတ်လပ်စွာ မှားယွင်းခွင့် (သို့မဟုတ်) လွတ်လပ်စွာ ယတြာချေခွင့် အဖြစ် မှတ်ယူကာ အပြစ်လွှတ်နိုင်သလို ကျောင်းသား တွေ အလံချင်းလဲထူတဲ့ကိစ္စမျိုးကိုလည်း လွတ်လပ်စွာ တရားစွဲအရေးယူခွင့်ရှိပြီ။ ကိုင်း၊ ဘယ်သူပြောသလဲ။ ဒီတိုင်းပြည် မလွတ်လပ်ဘူးလို့။ လွတ်လပ်ချင်တိုင်း လွတ်လပ်နေတဲ့ ဒီမိုကရေစီနိုင်ငံတော်ပဲ မဟုတ်ပါလား။
ဒီပုံ ဒီအချိုးနဲ့ ဒီမိုကရေစီအမည်ခံခြုံပုတ်ထဲတိုးရင်း ပန်းဥယျာဉ်တစ်ဖြစ်လဲကို မျှော်လင့်စောင့်စား နေကြတဲ့ ပြည်သူတွေအတွက် ၂၀၁၅ ရွေးကောက်ပွဲဟာ နီးသထက် နီးလာတာနဲ့အမျှ တောထူသထက်ထူလို့ တစ်စတစ်စ တောကြီးမျက်မည်း ဖြစ်လာလေလေပါပဲ။
ရှုံ့ချည်နှပ်ချည် ၀ှိုက်ကဒ်ပြဿနာမှာ မဲလောဘကို မြင်နိုင်ပြီ။ လောက်ကိုင်စစ်ပွဲဟာ ရန်သူနဲ့ မိတ်ဆွေကို ကွဲပြားခြားနား မြင်စေပြီ။ အရင့်အရင်က အာချောင်ခဲ့ဖူးတဲ့ စစ်သွေးစစ်မာန်တက်နေတဲ့ ပါးစပ်သူရဲကောင်းများလည်း အခုတော့ ငြိမ်ချက်သားကောင်းလို့ ဘယ်ထမိန်ခြုံအောက် ရောက်သွားတယ်မသိ။ အစိုးရပိုင်စစ်တပ်အတွက် ပြည်သူဆီမှာ အလှူခံနေပေမဲ့ အရပ်သားဒုက္ခသည်တွေ အတွက် ၀မ်းနည်းစကား၊ အကူအညီစကားတို့ ချောက်ကပ်ကပ်နိုင်လှတာလည်း အံ့သြစရာ။ ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ချောက်တဲ့ ဇာတ်လမ်းမှာ စည်းစိမ်ခံဗိုလ်ချုပ်ကြီးတွေရဲ့ လူထုအမုန်းကို ဆေးကြောဖို့၊ စစ်အုပ်ချုပ်ရေး၊ တပ်အရေးပါမှုတွေ ကို သက်သေထူဖို့ အောက်ခြေ တပ်သားတွေ၊ ဗိုလ်ငယ်တွေရဲ့ အသက်တွေကို စတေးပြီး လူထုဂရုဏာကို မျှားယူနိုင်ခွင့် အမြတ်ထွက်ခဲ့ပြီ။ အမျိုးသားပညာရေးဥပဒေအတွက် ကျောင်းသားသပိတ်စစ်ကြောင်းတွေကို ကရော်ကမည်၊ ကပြက်ကချော် ပြစ်တင်ဝေဖန်နေရာကနေ အခြေအနေကောင်းလာတော့ လေသံတစ်မျိုး ပြောင်းလာသူတွေ၊ ရေပေါ်ဆီ၊ သာရာစီးတွေကိုလည်း မြင်ရပြီ။
မာယာများတဲ့ ၂၀၁၅ တောကြီးမျက်မည်းမှာ အနာဂတ်ခရီးကိုဖြတ်မယ့် ရွေးကောက်ပွဲ သမင်သားငယ် ဟာ တော မကျွမ်းလို့ ကျောချမ်းနေရပါပြီ။ ပရိယာယ်ရှင် သားရဲတွေရဲ့ အန္တရာယ်ကနေ သမင်ငယ်ကို ကယ်တင်နိုင်ဖို့ ၀င်္ကဘာတောနက်ကြီးကို တောရှင်းဖို့ အဓိကကျနေပါတယ်။ လူကြီးတွေ တာဝန်မကျေသေး။ ၄၃၆၊ ၅၉ တောရှင်းပွဲတွေ အရာမထင်သေး။ တောမပြောင်သေးရင်တောင် တောမမှောင်ဖို့ ကလေးတွေတော့ တာဝန်ကျေခဲ့ပြီ။ ပညာဟာ အလင်းဖြစ်တယ်။ အနာဂတ်ကို လင်းစေမယ်။ အလင်းမှာ လျှိုမြောင်တွေ၊ ချောက်ကမ်းပါးတွေ၊ ဆူးညှောင့်တွေ၊ ခလုတ်ကသင်းတွေ၊ ထောင်ချောက်တွေကို မြင်နိုင်မယ်။ ၀ံပုလွေလား၊ သိုးလား၊ ခြင်္သေ့လား၊ ယုန်လား ထင်ထင်ရှားရှားမြင်နိုင်မယ်။
ဟုတ်တယ်။ ပညာဟာ အလင်းဖြစ်တယ်။ လူကြီးတွေ တောမရှင်းနိုင်ပေမဲ့ ကလေးတွေ အလင်းကို ထင်းရှင်းစေနိုင်ပြီ။ လူကြီးတွေ တာဝန်မကျေနိုင်သေးပေမဲ့ ကလေးတွေ တာဝန်ကျေခဲ့ပြီ။ လူကြီးတွေ စစ်တိုက်နေချိန်မှာ ကလေးတွေ ဉာဏ်ပညာအလင်းနဲ့ အနာဂတ်ငြိမ်းချမ်းဖို့ ရွက်ဆောင်နိုင်ခဲ့ပြီ။ လူကြီးတွေ ကိုယ်ကျိုးအတွက် ပါဝါပြိုင်နေချိန်မှာ ကလေးတွေက ရန်သူမိတ်ဆွေမရွေး သားသမီးတွေရဲ့ အနာဂတ်အတွက် တိုက်ပွဲဝင်ပေးနိုင်ခဲ့ပြီ။ လူကြီးတွေ အာဏာနဲ့ တိုင်းပြည်ကိုစိုးမိုးဖို့ လုပ်နေချိန်မှာ ကလေးတွေက ပညာနဲ့ ကမ္ဘာကိုစိုးမိုးဖို့ အမြော်အမြင်ရှိနေကြပြီ။ လူကြီးတွေ အမှားနဲ့အမှန်ကြား လွန်ဆွဲတိုက်ပွဲ မအောင်မမြင် ဖြစ်နေချိန်၊ ကလေးတွေက အမှားအမှန်ခွဲမှတ်ကျောက်ဖြစ်တဲ့ ပညာရေးတိုက်ပွဲကို အောင်မြင်စွာ တိုက်ယူ နိုင်ခဲ့ပြီ။ ဆက်ပြီး အတည်ပြုပြဋ္ဌာန်းနိုင်ဖို့ လူကြီးတွေတာဝန်သာ ကျန်ပါတော့တယ်။ ကလေးတွေကတော့ တာဝန်ကျေခဲ့ကြပြီ။ အနာဂတ်အတွက် ကလေးတွေတာဝန်ကျေခဲ့ပါပြီ။
M-Media ပရိသတ်များ ပညာအလင်းနဲ့ ထင်းရှင်းနိုင်ကြပါစေ။
Comments