ဖေဖော်ဝါရီ ၁၈၊ ၂၀၁၅
M-Media
– ယမန်နေ့က ပဲရစ်မြို့ရှိ ရထားဘူတာတွင် လူမည်းတစ်ယောက်အား လူမျိုးရေးခွဲခြားမှု ပြုလုပ်ခဲ့သည့် မိမိတို့ပရိတ်သတ်များကို မည်သူမည်ဝါဖြစ်ကြောင်း သိရပါက ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု ချယ်ဆီးအသင်းက ပြောကြားလိုက်သည်။
ယမန်နေ့က ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲအဖြစ် ပီအက်စ်ဂျီနှင့် ချယ်ဆီးတို့ ပထမအကျော့ မကစားမီ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပဲရစ်ရှိ မက်ထရိုရထားပေါ်သို့ တက်ရောက်ရန် ဟန်ပြင်နေသည့် လူမည်းတစ်ဦးကို ချယ်ဆီးပရိတ်သတ်များက တားဆီးကာ ပလက်ဖောင်းပေါ်သို့ ပြန်လည် တွန်းထုတ်ခဲ့သည်။
ထို့ပြင် ချယ်ဆီးပရိတ်သတ်များမှာ “ငါတို့က လူမျိုးရေးခွဲခြားသူတွေ။ ဒါမျိုးကိုပဲ ငါတို့ကြိုက်တယ်” ဟု ဟစ်အော်ခဲ့ကြပြီး ထိုအဖြစ်အပျက်ကို ရိုက်ကူးထားသော ဗီဒီယိုမှာ အင်တာနက် စာမျက်နှာပေါ်သို့ ရောက်လာခဲ့သည်။ ထို့နောက် အင်တာနက်အသုံးပြုသူများက အဆိုပါဗီဒီယိုအား တစ်ဆင့် ပြန်လည်မျှဝေခဲ့ပြီး ဝေဖန်မှုများလည်း ရှိခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်၍ ချယ်ဆီးဘက်ကလည်း ရှုတ်ချခဲ့ပြီး ပရိတ်သတ်များအား မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်နိုင်ပါက ပြင်းထန်စွာ အရေးယူမည်ဟု ပြောကြားခဲ့သည်။
“ဒီလိုအပြုအမူမျိုးဟာ စက်ဆုပ်စရာကောင်းပြီး ဘောလုံးလောကနဲ့ လူ့အဖွဲ့အစည်းမှာ နေရာမရှိတဲ့ အပြုအမူမျိုးပါပဲ။ ဒီလုပ်ရပ်မှာ ပါဝင်ခဲ့သူတွေကို ရာဇ၀တ်မှုအရ အရေးယူတာကို ကျွန်တော်တို့က ထောက်ခံအားပေးသွားမှာဖြစ်ပြီး ဒီအထဲမှာ ချယ်ဆီးရဲ့ တစ်ရာသီစာလက်မှတ် ကိုင်ဆောင်ထားတဲ့သူတွေပါရင် သူတို့ကို ပွဲကြည့်ရှုခွင့် ပိတ်ပင်ခြင်းအပါအ၀င် အသင်းအနေနဲ့ အပြင်းထန်ဆုံး အပြစ်ပေးအရေးယူသွားမှာဖြစ်ပါတယ်” ဟု ချယ်ဆီးအသင်းမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
Ref: goal.com
Leave a Reply
You must be logged in to post a comment.