ဖေဖော်ဝါရီ ၂၁ ၊ ၂၀၁၅
M-Media
– `မည်သူမဆို အသက်တစ်ချောင်းအား ကယ်တင်ခဲ့ပါက တစ်ကမ္ဘာလုံးရှိ အသက်များကို ကယ်တင်ဘိသကဲ့သို့ ဖြစ်၏´ (ဘေဘီလိုနီယန်း တဲလ်မူးဒ်-ဆန်ဒီဒရင် ၄၊ ၈(၃၇က)) (ကုရ်အာန် ၅၊ ၃၂)
အထက်ပါ ပါဒတော်မှာ ဂျူးဘာသာဝင်များ၏ Talmud ကျမ်းနှင့် အစ္စလာမ်ဘာသာဝင်တို့၏ ကုရ်အာန်ကျမ်းတွင် ဖော်ပြထားသည့် ပါဒတော်ဖြစ်သည်။
ဇန်န၀ါရီ ၂၇ ရက် တွင်ကျရောက်သည့် Holocaust (နာဇီတို့က ဂျူးများအား သတ်ဖြတ်သည့် အစီအစဉ်) ၏ နှစ်ပတ်လည်နေ့တွင် `လူဖြောင့်လူမှန်များ´ အကြောင်း ပြန်လည်အောက်မေ့သတိရခြင်းမှာ ထိုက်တန်သည့် ကိစ္စဖြစ်သည်။ ထိုသူများမှာ အခြားသူများမဟုတ်။ နာဇီတို့လက်မှ ဂျူးများကို ကယ်တင်ခဲ့သော မွတ်စလင်များပင်ဖြစ်၏။ နာဇီတို့၏ ရက်စက်ကြမ်းကြုတ်လှသည့် Holocaust အစီအစဉ်တွင် ဂျူးများအား သက်စွန့်ဆံဖျား ကယ်တင်ခဲ့သော မွတ်စလင်များ၏ အကြောင်းကို သိရှိသူ အလွန်နည်းလေသည်။
စိတ်ဝင်စားစရာအကောင်းပြီး လူသိနည်းသည့် အချက်တစ်ချက်က အလ်ဘေးနီးယားတွင် ကျင့်သုံးခဲ့သော ရိုးရာဓလေ့ထုံးတမ်းနှင့် ယဉ်ကျေးမှုများအကြောင်း ဖြစ်သည်။ အလ်ဘေးနီးယားတို့၏ ဖော်ရွေမှုနှင့် ကာကွယ်ပေးမှုမှာ ဒေသအတွင်း ယဉ်ကျေးမှုအစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်ပြီး၊ ၎င်းကို အစ္စလာမ်၏ တန်ဖိုးများဖြစ်သော ဧည့်ဝတ်ကျေပွန်မှု၊ ဧည့်သည်များ၊ ခရီးသွားများအား စောင့်ရှောက်မှုတို့ဖြင့် ပိုမိုပြည့်စုံစေခဲ့သည်။
Holocaust အချိန်အတွင်း ဂျူးလူမျိုးအရေအတွက် မြင့်တက်လာသည့် နိုင်ငံ ၂ နိုင်ငံရှိခဲ့သည်။ ဂရိနိုင်ငံကဲ့သို့ နေရာမျိုးရှိ ဂျူးများကိုပင် မရဏအကျဉ်းစခန်းများဖြစ်သည့် အော့ဇ၀စ်၊ ဆိုဘီဘောရ်နှင့် ထရီဘလင်ကာသို့ ပို့သော နာဇီတို့၏ ဆိုးရွားသည့်အစီအစဉ်မှ လွတ်မြောက်ရန် ဂျူးအမျိုးသား၊ အမျိုးသမီး၊ ကလေး၊ လူကြီးပါမကျန် ၀င်ရောက်လာခြင်းကြောင့်ဖြစ်သည်။ ဂျူးလူဦးရေမြင့်တက် လာသည့် နိုင်ငံ ၂ နိုင်ငံမှာ အလ်ဘေးနီးယားနှင့် ဘူလ်ဂေးရီးယားနိုင်ငံတို့ဖြစ်သည်။ အလ်ဘေးနီးယားတွင်မူ ဂျူးလူမျိုးအရေအတွက်မှာ ယခင်က ၂၀၀ ခန့်ရှိခဲ့ရာမှ စစ်ကြီးအပြီးတွင် ၂၀၀၀ ကျော်ဖြစ်လာသည်။
မြောက်အာဖရိက၊ တူရကီတို့ပြီးနောက် ဂျူးများကို ကယ်တင်ခဲ့သည့် အလ်ဘေးနီးယားမွတ်စလင်များ၏ အကြောင်းကို အနည်းငယ်သာ မှတ်တမ်းတင်နိုင်ခဲ့သည်။ သို့သော်လည်း ထိုအထဲမှာ အများစုကို သေသေချာချာ စုံစမ်းစစ်ဆေးခြင်းမလုပ်ခဲ့ကြ။ အရှေ့အလယ်ပိုင်းနိုင်ငံရေး ကလည်း မွတ်စလင်လူ့အဖွဲ့အစည်း၏ သမိုင်းအမွေအနှစ်ဖြစ်သော ထိုဇာတ်လမ်းများကို စုံစမ်းစစ်ဆေးမှုပြုရန် ဆန္ဒအား တဖြည်းဖြည်းလွှမ်းမိုးပျောက်ကွယ်စေခဲ့သည်။ အစ္စလာမ်နှင့် မွတ်စလင်အကြောင်း အဖျက် သဘောဖြင့်သာ မီဒီယာများက ဖော်ပြနေသည့် ယခုအချိန်တွင် အဆိုပါဇာတ်လမ်းများက မွတ်စလင်လူ့အဖွဲ့အစည်းအတွက် ဂုဏ်ယူစရာ ခံစားမှုတစ်ခုကို ပေးအပ်နိုင်မည်ဖြစ်သည်။
ဂျူးများကို ကယ်တင်ခဲ့သော မွတ်စလင်များ ကွယ်လွန်သွားခြင်းနှင့်အတူ ၎င်းတို့၏ ဆောင်ရွက်ချက် အများစုမှာလည်း မှေးမှိန်ပျောက်ကွယ် ခဲ့ပေပြီ။ အလ်ဘေးနီးယားမှ ထိုသူတော်ကောင်းကြီးများ၏ ဇာတ်လမ်းအချို့ကို ဖော်ပြချင်သေးသည်။ ထိုအထဲမှ တစ်ဦးမှာ ယဒ်ဗာရှမ် ဆိုသည့် ပုဂ္ဂိုလ်ဖြစ်ပြီး ခိုကိုးရာမဲ့ ဂျူးလူမျိုး ၇၁ ဦးအား နာဇီတို့လက်မှကယ်တင်ခဲ့သူဖြစ်သည်။ မည့်သည့် မျှော်လင့်ချက်မှမရှိဘဲ ချို့တဲ့သူများကို ကူညီရမည့်စိတ်တစ်ခုတည်းဖြင့် လုပ်သင့်လုပ်ထိုက်သည့်အလုပ်ကို လုပ်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ အကြောင်းအရာ တော်တော်များများကို Faith Matters (http://faith-matters.org/) ဆိုသည့် ၀ဘ်ဆိုက်တွင် တွေ့နိုင်သည်။ ထိုဝဘ်ဆိုက်လေးတွင် လေးစားအားကျစရာကောင်းသည့် လူဖြောင့်လူမှန်များ၏ အကြောင်းကို ဖော်ပြထားသည်။ ဥရောပနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများတွင် ဂျူးများကို ကယ်တင်ထားကြသူများလည်း ပါသည်။
ဥပမာအနေဖြင့် ထုတ်ပြရလျှင် ဇက်ဂ်ျနီဘာ ဟာဒဂါနှင့် အဟ်မ် ဆာဒစ်ဆိုသူ မွတ်စလင်နှစ်ဦးဖြစ်ပြီး ဘော်လ်ကန်ဒေသ တွင် ငြှင်းပမ်းနှိပ်စက် ခံရသူဂျူးများကို နေရာ ထိုင်ခင်းပေးကာ၊ ကျွေးမွေးစောင့်ရှောက် ခဲ့သူများဖြစ်သည်။ ဂျာမန်စစ်သားများက ဂျူးများအား လိုက်လံရှာဖွေပြီး အကျဉ်းစခန်းသို့ ပို့နေသောအချိန်တွင် ထွက်ပြေးလာသော ဂျူးမိသားစုတစ်ခုနေရန် ဇက်ဂ်ျနီဘာက သူမ၏ အိမ်ကို ပေးခဲ့သည်။ အဟ်မဒ်ဆာဒစ်က ဂျာမန်တို့မှာ ဂျူးများကို အကျဉ်းစခန်းသို့ ပို့နေကြောင်း ရထားပေါ်ရှိ သူ၏ ဂျူးသူငယ်ချင်းများအား သတိပေးခဲ့ပြီး ထိုရထားမှ ကယ်ထုတ်ကာ နေရာထိုင်ခင်းကို စီစဉ်ပေးခဲ့သည်။ ထို့နောက် အထောက်အထားအတုများလုပ်ကာ အဆိုပါဂျူးလူမျိုးများအား နာဇီတို့လက်မှ လွတ်မြောက်စေခဲ့သည်။ အဟ်မဒ်မှာ ထိုလုပ်ရပ်အတွက် နာဇီတို့၏ ဖမ်ဆီးခြင်းကို ခံခဲ့ရပြီး အသတ်ခံခဲ့ရသည်။ ဘ၀၏ နောက်ဆုံးရက်အနည်းငယ်ကို သူကိုယ်တိုင် ဂျူးသူငယ်ချင်းများကို ကယ်ထုတ်ပေးခဲ့သည့် နာဇီရထားပေါ်၌ အဟ်မဒ်တစ်ယောက် ကုန်ဆုံးခဲ့ရလေသည်။
အခြား အလ်ဘေးနီးယား နှစ်ဦးကတော့ ဒက်စတန် ဘာလာနှင့် လီမာဘာလာတို့ ဇနီးမောင်နှံဖြစ်သည်။ စစ်ကြီးဖြစ်နေချိန် အစာရေစာရှားပါးသည့်ကာလတွင် သူတို့က ဂျူးမိသားစုတစ်စုကို ကယ်တင်ခဲ့သည်။ ၁၉၄၁ ခုနှစ် ဂျာမန်တို့ ကိုဆိုဗိုမှ ပရစ်တီးနားမြို့ကို ကျူးကျော်ချိန် တူရကီမွတ်စလင်များက စာရွက်စာတမ်းများဖြင့် အလ်ဘေးနီးယားသို့ ပို့လိုက်သော `လေဇာ´ မိသားစုဖြစ်သည်။ ခိုကိုးရာမဲ့နေသည့် ထိုမိသားစုမှာ အလ်ဘေးနီးယား ရှန်ဂျာ့ဂ်ျဒေသ ရွာတစ်ရွာရှိ တောင်ကုန်းများပေါ်တွင် ပုန်းနေရသည်။ ထိုစဉ်က မွတ်စလင်တို့၏ ရမ်ဇာန်ဥပုသ်လဖြစ်ပြီး ဂျူးများအား လက်ခံပါက နာဇီတို့၏ သေဒဏ်ပေးခြင်းခံရမည်ကို သိရှိသော်လည်း ထိုရွာမှ ရွာသားများက `လေဇာ´ မိသားစုအား ကြည်ကြည်ဖြူဖြူပင် လက်ခံထားကြကာ စားဝတ်နေရေးအတွက် ဘာလာတို့ မောင်နှံနှစ်ဦးကပင် တာဝန်ယူ၍ ပြုစုစောင့်ရှောက်ပေးခဲ့သည်။ `လေဇာ´ မိသားစုထဲက ဆာရာနိုဗန်ဆိုသည့် အမျိုးသမီး ကိုယ်ဝန်ဆောင်ကာ မီးဖွားသည့်အခါတွင်လည်း လီမာက ကူညီပေးခဲ့၏။
ဒက်စတန်တို့ရွာမှာ ရွာငယ်လေးဖြစ်ပြီး လူစိမ်း ၁၈ ဦးခန့်လာရောက်ခြင်းမှာ ခဏချင်းပင် ရွာအနှံ့ပြန့်သွားကာ ဂျာမန်စစ်သားများ ရှာတွေ့သွားနိုင်သည်။ သို့သော်လည်း ထိုအန္တရာယ်ကို မကြောက်မရွံ့ဘဲ ဂျူးမိသားစုအား တာဝန်ယူစောင့်ရှောက်ခဲ့သည့် ဒက်စတန်တို့ဇနီးမောင်နှံ၏ လုပ်ရပ်မှာ သူရဲကောင်းဆန်သည့် လုပ်ရပ်လည်းဖြစ်သည်။ ထိုဒေသရှိ အလ်ဘေးနီးယား ရဲတပ်ဖွဲ့ကလည်း မွတ်စလင်များမှာ ဂျူးများအား ကာကွယ်ပေးထားသည်ကို သိသည်။ ထို့ကြောင့် ဂျာမန်များလာရောက်ရှာဖွေသည့်အခါတွင် မသိချင်ယောင် ဆောင်နေခဲ့၏။
ဤအဖြစ်အပျက်ဇာတ်လမ်းများက ကျွန်ုပ်တို့အား လူဖြောင့်လူမှန်များအကြောင်း ပြောပြနေခြင်းပင်မဟုတ်ပါလား။ မှန်သည် အများကြီးပြောပြနေသည်။ ဘာသာတရားက လူ့အသက်များကယ်တင်စေချင်သည့်စိတ်ဓာတ် ဖြစ်ပေါ်ကြောင်း ပြနေသည်။ ဘာသာတရား မရှိသောသူ၊ ဂျူးများ၊ ဂျစ်ပစီများ၊ လိင်တူချစ်သူများနှင့် မသန်စွမ်းသူများအား ကာကွယ်စောင့်ရှောက်ပေးရမည်ဟု ယုံကြည်သောသူများလည်း ရှိနေသည်။ `လူဖြောင်လူမှန်´ ဘွဲ့ကို ဂျူးများကို ကယ်တင်သောသူများအား ပေးရမည်ဆိုလျှင် အစွန်းရောက် သီအိုရီများကိုခြေခံကာ အစွန်းရောက်အမြင်များဖြင့် ပစ်မှတ်ထားခဲ့သည့် နာဇီတို့လက်မှ ဂျူးများကို ကယ်တင်ခြင်းဟူသော မှန်ကန်သည့်အလုပ်ကို လုပ်ဆောင်ခဲ့သည့် ဘာသာရှိသူများ၊ ဘာသာမဲ့များလည်း ရှိနေသေးသည်။
ဂျူးနှင့် မွတ်စလင်တို့၏ သမိုင်းများက ပဋိပက္ခများ၏ အရင်းမူလများထဲမှ တစ်ခုဖြစ်သည်ဟု ကြားဖူးနားဝဖြင့် ဆိုလာလျှင်တော့ ထိုလူမှာ မှားယွင်းနေပေပြီ။ မွတ်စလင်များမှာ တစ်နည်းနည်းဖြင့် ဆိုးရွားပြီး နာဇီများကို ထောက်ခံသူများသာ ဖြစ်ကြသည်ဟုပြောကာ မွတ်စလင်ဆန့်ကျင်ရေးအမုန်းစကားများကို ဖြန့်ဖြူးကြသူများမှာ Holocaust အစီအစဉ်တွင် ဂျူးများအား မွတ်စလင်များက ကယ်တင်ခဲ့သည်ဆိုသည့် အဆိုပါ ဇာတ်လမ်းများကို မမြင်နိုင်၊ လက်မခံနိုင်၍သာဖြစ်မည်။ လူလူချင်း ဆက်ဆံရေးကို ယုံကြည်သူများ၊ လူ့အသက်များကို ကယ်တင်ချင်သူများ၊ သတ်ဖြတ်မှုနှင့် လူမဆန်မှုများကို ကျော်လွှားကာ အောင်ပွဲရယူချင်သူများအတွက် အဆိုပါ ဇာတ်လမ်းများက ကိုးကားလိုက်နာစရာများဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မျှော်လင့်ချက်ကိုဖြစ်စေသော ထိုဇာတ်လမ်းများက အချိန်အတော်ကြာ ဆက်လက်ရှိနေမည်ဖြစ်သည်။ တစ်ဦးပေါ်တစ်ဦး မျှော်လင့်ချက်ထားခြင်း၊ ဘ၀အမိုက် အမှောင်ကျချိန် တွင် မျှော်လင့်ချက်ထားခြင်း၊ အသက်ရှင်လိုစိတ်ရှိခြင်းနှင့် အောင်ပွဲများကို ကာကွယ်လိုခြင်း စသည်တို့ကိုလည်း ရရှိပေဦးမည်။
ref:.huffingtonpost
မိုးဝေ ဘာသာပြန်ဆိုသည်။
Comments