ဖေဖော်ဝါရီ ၂၄၊ ၂၀၁၅
M-Media
– ရီးယဲလ်တွင် ခြေစွမ်းကောင်းများ ပြသနေသော ရော်နယ်ဒိုမှာ စွမ်းဆောင်ရည်မြင့် ကစားသမားတစ်ယောက် ဖြစ်သော်လည်း မက်ဆီကသာ ပိုကောင်းသည့် ကစားသမားဖြစ်သည်ဟု ဘာစီလိုနာ တိုက်စစ်မှူးဟောင်း ဟင်နရီက ပြောကြားလိုက်သည်။
ဇန်န၀ါရီလက ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ကို တတိယအကြိမ်မြောက် ရရှိခဲ့သည့် ရော်နယ်ဒိုမှာ ပြီးခဲ့သည့် ၂ နှစ်အတွင်း မက်ဆီ၏ ကျော်ကြားမှုကို မှေးမှိန်စေခဲ့သူလည်း ဖြစ်သည်။ သို့သော်လည်း ဟင်နရီကမူ မက်ဆီမှာ ပိုမိုကောင်းမွန်သည့် ကစားသမားဖြစ်ပြီး ၎င်းတို့ နှစ်ဦးစလုံး၏ ကစားပုံများကို ပရိတ်သတ်များက စောင့်ကြည့်သင့်သည်ဟု ဆိုသည်။
“ကျွန်တော် လီယို (မက်ဆီ)နဲ့ တွဲကစားဖူးပါတယ်။ ဒါ့ကြောင့် ကျွန်တော့်အဖြေက ဒါပါပဲ။ မြင့်မားတဲ့ခြေစွမ်းကို နှစ်များစွာ ထိန်းသိမ်းထားနိုင်တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုကို ကျွန်တော် တော်တော်လေး လေးစားပါတယ်။ တစ်ရာသီကောင်းတယ်၊ နောက်ပြီး လေးနှစ်လောက်နေမှ တစ်ခါပြန်ကောင်းတယ်။ ဒါမျိုးရှိပါတယ်။ ဒါပေမယ့် ရာသီဆက်တိုက် ဒီလိုအဆင့်မျိုးကို ထိန်းထားနိုင်တာကတော့ ထူးခြားချက်ပေါ့” ဟု ဟင်နရီက Fifa.com သို့ ပြောကြားခဲ့သည်။
ထို့ပြင် ဟင်နရီက မိမိအနေဖြင့် မက်ဆီနှင့်အတူကစားကာ ရှုံးနိမ့်ခြင်း၊ အောင်မြင်ခြင်းများကို အတူတကွ ဖြတ်ကျော်ဖူးကြောင်း၊ ရော်နယ်ဒိုကိုလည်း လေးစားပါကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ ပြီးခဲ့သည့်သီတင်းပတ်ကပင် မက်ဆီက ၂၀၁၄ ခုနှစ်တွင် ကြုံတွေ့ခဲ့ရသော ပြဿနာများမှာ မိမိ၏ ခြေစွမ်းအား ထိခိုက်ခဲ့သည်ဟု ပြောကြားခဲ့သည်။
Ref:goal.com
Comments