News @ M-Media

မွတ်စလင်ခရီးသွားများအတွက် အဆင်ပြေဆုံးနိုင်ငံအဖြစ် စင်ကာပူ ၃ နှစ်ဆက် ရပ်တည်

မတ် ၆၊ ၂၀၁၅
M-Media

singapore

– မွတ်စလင်မဟုတ်တဲ့ နိုင်ငံတွေထဲမှာ စင်ကာပူဟာ မွတ်စလင်ခရီးသွားတွေအတွက် အဆင်အပြေဆုံး နိုင်ငံအဖြစ် သုံးနှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့ပါတယ်။

Global Muslim Travel Index လို့အမည်ပေးထားတဲ့ မွတ်စလင်ခရီးသွားတွေ အနှစ်သက်ဆုံး နိုင်ငံတွေစာရင်းကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့တဲ့အထဲမှာ ဒီလိုဖော်ပြခဲ့တာဖြစ်ပြီး စင်ကာပူဟာ လုံခြုံတဲ့ ခရီးသွားလာရေး စနစ်၊ ၀တ်ပြုရာနေရာ အလွယ်တကူ ရရှိနိုင်မှုနဲ့ ဟာလာလ်အစားအသောက် ရွေးချယ်စရာ အများအပြား ရှိတာတွေကြောင့် မွတ်စလင်မဟုတ်တဲ့ နိုင်ငံတွေထဲမှာ မွတ်စလင် ခရီးသွားတွေအတွက် အဆင်အပြေဆုံး၊ မွတ်စလင်ခရီးသွားတွေ အနှစ်သက်ဆုံး နေရာတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။

ဒီစာရင်းမှာ မိသားစု ဖော်ရွေမှု၊ နေရာထိုင်ခင်း ရွေးချယ်ရယူနိုင်မှု စတာတွေအပါအ၀င် စံ ၉ ချက်ကို အခြေခံကာ နေရာပေါင်း ၁၀၀ လောက်ကို အဆင့်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ စင်ကာပူနိုင်ငံကို မွတ်စလင်ခရီးသွား ၃.၂ သန်းလောက် လာရောက်ခဲ့ပြီး စုစုပေါင်း အဆင့်သတ်မှတ်ချက်မှာ အဆင့် ၉ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။

မွတ်စလင်ခရီးသွားတွေ အကြိုက်နှစ်သက်ဆုံး ထိပ်တန်း ၅ နေရာကတော့ မလေးရှား၊ တူရကီ၊ ယူအေအီး၊ ဆော်ဒီအာရေဗျနဲ့ ကတာနိုင်ငံတို့ ဖြစ်ပါတယ်။ အဲဒီလေ့လာမှုအရ ပြီးခဲ့တဲ့နှစ်မှာ မွတ်စလင်ခရီးသွား ပမာဏဟာ ၁၀၈ သန်းလောက်ရှိပြီး ကန်ဒေါ်လာ ၁၄၅ ဘီလီယံလောက်သုံးစွဲခဲ့ပါတယ်။ ဒီပမာဏဟာ ကမ္ဘာ့ခရီးသွားစီးပွားရေးရဲ့ ၁၀ ရာခိုင်နှုန်းလောက် ရှိနေပါတယ်။

၂၀၂၀ ကျရင် မွတ်စလင်ခရီးသွားအရေအတွက်ဟာ သန်း ၁၅၀ လောက်ရှိပြီး ဈေးကွက်တန်ဖိုးဟာလည်း ဒေါ်လာ ဘီလီယံ ၂၀၀ လောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

မွတ်စလင်ခရီးသွားတွေရဲ့ အဲဒီစာရင်းကို ငွေကြေးကုမ္ပဏီဖြစ်တဲ့ MasterCard နဲ့ မွတ်စလင်ခရီးသွား
အကြံပေးကုမ္ပဏီဖြစ်တဲ့ CrescentRating တို့ ပူးပေါင်းလေ့လာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Ref: StraitsTime

Comments

Leave a Reply