မတ် ၂၄ ၊ ၂၀၁၅
M-Media
ဆွေမွန်ရေးသည်။
.
ဗိသုကာကြီး လီကွမ်းယူ၊ စင်္ကာပူရဲ့ ပထမဆုံး ၀န်ကြီးချုပ်၊ ခေတ်မီစင်္ကာပူကို တည်ဆောက်ခဲ့သူ စသည်ဖြင့် လီကွမ်ယူအကြောင်း အကောင်းရေးကြသူများပါတယ်။ အကောင်းရေးကြရအောင်လည်း သူ့လုပ်ရပ်တွေ (အများစု)က စင်္ကာပူနိုင်ငံကို တိုးတက်စေဖို့ ကိုယ်စားပြုနိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
.
အခြားတဖက်ကို ကြည့်ရင် သူဟာ တရုတ်မျိုးရိုး အစစ်ပါပဲ။ စင်္ကာပူနိုင်ငံမဖြစ်သေးတဲ့ စင်္ကာပူကို ၀င်လာတာ မျိုးရိုး လေးဆက်ပဲ ရှိပါသေးတယ်။ ကွမ်းတုံသားပါ။ ၁၈၆၃ မှာ တရုတ်က သူ့ဘိုးဘွားတွေ စင်္ကာပူကို အခြေချပြောင်းဝင်လာခဲ့တယ်။ British Education ကို ဖြစ်ဖြစ်မြောက်မြောက်တတ်ကျွမ်းတာရယ်၊ PAP ပါတီကတဆင့် နိုင်ငံရေးလမ်းကြောင်းကို ပါးပါးနပ်နပ် ရွေးချယ်ခဲ့တာတွေရယ်၊ အင်္ဂလိပ်လက်အောက်ခံ၊ ဂျပန်လက်အောက်ခံ၊ မလေးရှားလက်အောက်ခံတွေ ဖြစ်ခဲ့ပြီး ၁၉၆၅ မှာ မလေးက ခွဲထွက်ကာ စင်္ကာပူကို ကမ္ဘာ့အဆင့် အာရှကျားတစ်ကောင် ဖြစ်လာစေတာတွေက သူ့ကို အသိအမှတ် မပြုလို့ မရတဲ့အကြောင်းအရာတွေပါ။ မလေးကနေ စင်္ကာပူကို ခွဲထုတ်ခဲ့တဲ့အပိုင်းဟာ စိတ်ဝင်စားဖို့ အကောင်းဆုံးပါ။ လူ ၂၀ လောက်ပဲ အသေအပျောက်ရှိတဲ့ လူမျိုးရေးအဓိကရုဏ်းတစ်ခုကို အကြောင်းပြုပြီး စင်္ကာပူခွဲထွက်ခဲ့တယ်။ ဒီနေရာကို သေချာလေ့လာကြည့်ရင် စိတ်ဝင်စားစရာ အများကြီး၊ နောက်ဆက်တွဲ တွေးစရာတွေအများကြီး ရှိနေတာကို တွေ့ကြရပါမယ်။
.
တကယ်တိုးတက်သင့်တဲ့ ပင်မနိုင်ငံ မလေးရှားက မတိုးတက်ဘဲ စင်္ကာပူက ကျော်တက်လာရတဲ အကြောင်းအရာတွေ၊ မလေးကို ယှဉ်နိုင်ဖို့ မလေးရဲ့ပြိုင်ဖက် ဆူကာနိုရဲ့ အင်ဒိုနဲ့ ပြေးကပ်ခဲ့တဲ့ အကြောင်းတွေ၊ အာဆီယံကို ထူထောင်ခဲ့တဲ့ အကြောင်းတွေအပြင် အာရှသားတွေ ကမ္ဘာကကို ရင်ဘောင်တန်းနိုင်ဖို့ သူကြိုးစားခဲ့တာတွေကို ပိုပြီး လေ့လာသင့်ကြပါတယ်။
.
သူနဲ့ခေတ်ပြိုင် မြန်မာနိုင်ငံက တစ်တိုင်းပြည်လုံးမွဲ၊ သူ့မိသားစုတစ်စုတည်း ကျိကျိတက်ချမ်းသာတဲ့ (၁၉၈၄ လောက် နယူးစ်ဝိခ်လား တိုင်းလား၊ မဂ္ဂဇင်းတစ်စောင်မှာ ထင်မိတယ်။ သေချာ မမှတ်မိတော့။ ကမ္ဘာ့အချမ်းသာဆုံးနံပတ် ၆ ၀င်အောင် တိုင်းပြည်တာဝန်ထမ်းဆောင်ခဲ့တဲ့) ဦးနေ၀င်း၊ ( ခုချိန်ထိ သူ့မြေးတွေ ဒေါ်လာကို ဘီလီယံလို်က် ချမ်းသာကြသေးတယ်။) ဖိလစ်ပိုင်ဖက်မှာဆိုရင် အတိုက်အခံခေါင်းဆောင် အကွီနိုကို အနီးကပ်သတ်ပစ်ခဲ့တဲ့အပြင် ပြည်သူ့ဘဏ္ဍာအကုန်ဘုံးခဲ့တဲ့ သမ္မတ ဖာဒီနန်မားကို့စ်နဲ့ သူ့ကတော် ဖိနပ်အရံ ၂၀၀၀ ပိုင်ရှင် အီမယ်လ်ဒါမားကို့စ်တို့ထက်စာရင် လီကွမ်းယူဟာ နိုင်ငံဘဏ္ဍာကို ဘုံးချင် ခိုးချင်တဲ့သဘော မရှိခဲ့ပေမယ့် သူ့အာဏာတည်မြဲဖို့ အတွင်းစည်းဝိုင်းကို သူ့မိသားစုကိုပဲ ရွေးခဲ့တယ်။
.
မလေးရှားက အတိုက်အခံခေါင်းဆောင် အန်န၀ါ အီဗရာဟင်လို နိုင်ငံရေးပြိုင်ဖက်တွေကို အပြတ်ဖြုတ်တတ်တဲ့ မဟာသီ၊ ထိုင်းက အာဏာသိမ်းနိုင်လွန်းပြီး ပြန်ဆင်းမပေးချင်တဲ့ စစ်တပ်အဆက်ဆက်ရဲ့ ပင်မဆရာကြီး ဗိုလ်ချုပ်ကြီးချာဗလစ်ယောင်ချိုင်ယုဒ် (ဦးနေ၀င်းက အကိုကြီးလို့ ခေါ်ဖူးသေး) တို့လိုပဲ နိုင်ငံရေးအာဏာနဲ့ပတ်သက်လာရင် ဘယ်သူ့ကိုမှ မညှာတာခဲ့ပါဘူး။ နိုင်ငံရေးလမ်းကြောင်းမှာ အတိုက်အခံဟူသမျှ နှိပ်ကွပ်ခဲ့တဲ့ အာဏာရှင်အစစ်ပါ။ သူ့ကို အတိုက်အခံလုပ်သူတွေကို အမှုမစစ်ဘဲ ထောင်ချပစ်ခဲ့တယ်လို့ သူကိုယ်တိုင်ဝန်ခံဖူးပါတယ်။
.
ဒါ့အပြင် အာဏာပိုင်ဆိုင်ခြင်းကတဆင့် ရလာတဲ့ ဆင့်ပွားအခွင့်အရေးတွေကို မိသားစုလိုက် လက်ဝါးကြီးအုပ်ခဲ့တယ်လို့ ပြောနိုင်တယ်။ သားအကြီးဆုံးဖြစ်သူ လက်ရှိဝန်ကြီးချုပ် လီရှန်လွန်းကို ၀န်ကြီးချုပ်နေရာအတွက် ကြိုလျာထားခဲ့သလို သူ့နောက်က ဂိုချောက်တောင်ကိုလည်း သူပဲ ရွေးခဲ့တယ်။ ဒါပေမယ့် ဂိုချောက်တောင်ဟာ လီကွမ်းယူအရိပ်ကို မကျော်နိုင်ခဲ့ပါဘူး။ လီကွမ်းယူရဲ့ အရုပ်သာသာအဆင့်ပဲ ဖြစ်ခဲ့တယ်။ ၀န်ကြီးချုပ်နေရာကို သားအကြီးဆုံးဖြစ်သူ လီရှန်လွန်းက ၂၀၀၄ မှာ ရယူခဲ့သလို၊ သားအငယ် လီဆင်ယန်းဟာလည်း စင်္ကာပူစစ်တပ်မှာ ဗိုလ်မှူးချုပ်အဆင့်၊ နောက်ပိုင်းမှာ Sing Tel ရဲ့ CEO နဲ့ ဥက္ကဋ္ဌ ဖြစ်ခဲ့တယ်။ ညီကိုနှစ်ဦးလုံးဟာ Cambridge တက္ကသိုလ်ဆင်းတွေ၊ စင်္ကာပူစစ်တပ်မှာ ဗိုလ်မှူးချုပ်အဆင့်တွေချည်းပါပဲ။ ညီဖြစ်သူဟာ ခုချိန်မှာ Fraser and NeaveLtd မှာ ဥက္ကဋ္ဌလုပ်နေတဲ့အပြင် the Civil Aviation Authority of Singapore (CAAF) မှာလည်း အကြီးဆုံးရာထူးယူထားပါတယ်။ လီကွမ်းယူရဲ့သမီး လီဝေလင်းဟာ the National Neuroscience Institute ကို လုပ်ပိုင်ခွင့်ရထားသလို ၀န်ကြီးချုပ်လီရှန်လွန်းရဲ့ မိန်းမ Ho Ching ဟာလည်း Temasek Holdings ရဲ့ CEO နဲ့ Executive Director တစ်ဦးပါ။
.
ဒီအကြောင်းတွေမတိုင်မီမှာလည်း လီကွမ်းယူကို ဆက်ခံခဲ့တဲ့ ဂိုချောက်တောင်နဲ့ လီရှန်လွန်းကို ဝေဖန်ခဲ့တဲ့ The New York Times ကပိုင်တဲ့ the International Herald Tribune သတင်းစာကို Philip Bowring အမည်ရ သတင်းစာဆရာတစ်ဦးရေးတဲ့ ‘All in the Family’ ဆောင်းပါးဟာ စင်္ကာပူကို ထိခိုက်စေတယ်လို့ ခေါင်းစဉ်တပ်ပြီး တရားစွဲခဲ့တဲ့အတွက် သတင်းစာတိုက်ဖက်က အမေရိကန်ဒေါ်လာ ၁၁၄၀၀၀ လောက် အလျော်ပေးခဲ့ရပါသေးတယ်။
.
သူ့ရဲ့ PAP ပါတီအကြောင်းဟာလည်း စိတ်ဝင်စားစရာပါ။ အခြားအာဆီယံခေါင်းဆောင်တွေနဲ့မတူတာက နိုင်ငံတိုးတက်လာအောင် လုပ်ပြနိုင်ခြင်းပါပဲ။ အခြားအာဆီယံခေါင်းဆောင်တွေထက်စာရင် လီဟာ အပုပ်နံ့နည်းပါတယ်။
.
နိုင်ငံ့ပုံရိပ်တိုးတက်လာတာနဲ့အမျှ သူ့ရဲ့မကောင်းကြောင်းတွေဟာ နောက်ကို ရောက်ကုန်ပါတယ်။ သူ့ရဲ့အထင်ကြီးစရာ မူဝါဒတစ်ခုက စင်္ကာပူကို multiculture ယဉ်ကျေးမှုပေါင်းစုံထွန်းကားရာ၊ လူမျိုးပေါင်းစုံ လွတ်လပ်စွာနေထိုင်နိုင်စေရာ ဂေဟာတစ်ခုအဖြစ်ကို ကျင့်သုံးနိုင်ခဲ့ခြင်းပါပဲ။ ဒါကြောင့် နိုင်ငံတကာက လူမျိုးပေါင်းစုံဟာ စင်္ကာပူမှာ နေထိုင်ခွင့်၊ ပညာသင်ယူခွင့်၊ လူနဲ့တူတန်စွာ ကိုယ်ကြိုးစားရင် ကြိုးစားသလောက် တိုးတက်ခွင့်တွေ ရလာစေတယ်။ ဘာသာရေးကို လုံးဝ မပိတ်ပင်ဘူး။ ချပ်ခ်ျ၊ ဘုန်းကြီးကျောင်း၊ ဗလီ၊ ဟိန္ဒူဘုရားကျောင်းတွေအားလုံးဟာ တားဆီးမှု တစ်စုံတစ်ခုမရှိဘဲ လွတ်လပ်ခွင့် အပြည့်ပေးခဲ့တယ်။ ဒီအချက်ဟာ အာဆီယံဘယ်နိုင်ငံထက်မဆို အနောက်နိုင်ငံတွေကို သည်းခြေကြိုက်ဖြစ်စေတဲ့ အချက်ပါပဲ။ စည်းကမ်းနဲ့ပတ်သက်ရင် အလျှော့မပေးဘူး။ အနောက်နိုင်ငံသားတွေကိုတောင် ကြိမ်ဒဏ်ပေးခဲ့တဲ့ သာဓကတွေ အများကြီးပါ။ ကားဆေးမှုတ်မိလို့ ကြိမ်ဒဏ်မိတဲ့ မိုက်ကယ်ဖေးကိစ္စဆိုရင် ကမ္ဘာကျော်ခဲ့တယ်။
.
ဖတ်စရာတွေ ကျန်ဦးမှာပါ။ ကောင်းတာတွေရဲ့ တဖက်က အမှောင်ရိပ်သန်းတဲ့ လီကွမ်းယူအကြောင်းတွေဟာ အများကြီးရှိနေဦးမှာပါ။ ဒါပေမယ့် အလင်းအများကြီးထွက်တဲ့ မီးရောင်လိုမျိုး အမှောင်အများအပြားကို ဖယ်ရှားကာ သူ့နိုင်ငံသားတွေရဲ့ ကောင်းကျိုးတွေကို အများဆုံး လုပ်နိုင်ခဲ့လို့သာ သေဆုံးချိန်မှာ အမည်ကောင်းလေး ရခဲ့တယ်လို့ပဲ ဆိုချင်ပါတယ်။
.
ဆွေမွန်
၂၃ မတ်လ ၂၀၁၅
Comments