News @ M-Media

အင်္ဂလန်အား ဥရောပအသင်းများက ကြောက်နေမည်ဟု ရူနီပြော

မတ် ၂၈၊ ၂၀၁၅
M-Media

1151502_heroa

– ဥရောပအသင်းများမှာ မိမိတို့အသင်းအား ရင်ဆိုင်ရန် ကြောက်ရွံ့နေကြမည်ဟု အင်္ဂလန်တိုက်စစ်မှူး ၀ိန်းရူနီက ပြောကြားလိုက်သည်။

ယနေ့နံနက်က လစ်သူယေးနီးယားနှင့် ကစားခဲ့သည့် ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် အင်္ဂလန်မှာ ၄ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့ပြီး ရူနီ၊ ၀ဲလ်ဘတ်၊ စတာလင်နှင့် ဟယ်ရီကိန်းတို့က ၁ ဂိုးစီ သွင်းပေးခဲ့ကြသည်။ ထိုပွဲအနိုင်မှာ အင်္ဂလန်၏ ယူရို ၂၀၁၆ ခြေစစ်ပွဲ ရာနှုန်းပြည့်နိုင်ပွဲလည်း ဖြစ်ခဲ့သည်။

ရူနီကမူ ၎င်းတို့အသင်းအား အခြားအသင်းများက ကြောက်ရွံ့နေကြမည်ဟု ယုံကြည်နေသည်။

“ကမ္ဘာ့ဖလားပြီးတဲ့နောက်ပိုင်းကစလို့ ကျွန်တော်တို့ တော်တော်လေးကောင်းနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ နိုင်ပွဲကြီးတွေ ရှိခဲ့တယ်။ ဂိုးတွေသွင်းနေတယ်။ တကယ့်ကို အားပြည့်လန်းဆန်းနေပြီး ခပ်သွက်သွက်လေး လှမ်းနေပါတယ်။ ဥရောပက အသင်းတွေဟာ ကျွန်တော်တို့ကိုကြည့်ပြီး ကြောက်နေမယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ရူနီက ပွဲအပြီးတွင် ITV Sport သို့ ပြောကြားခဲ့သည်။

ပွဲထွက်ကစားခွင့်ရခဲ့သည့် ရူနီကို ၇၁ မိနစ်တွင် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းနှင့် လူစားလဲခဲ့သည်။ ဟယ်ရီကိန်းမှာ ကွင်းထဲဝင်လာပြီး စက္ကန့် ၈၀ အကြာ ၎င်း၏ တတိယမြောက် ဘောလုံးထိသည့်အချိန်၌ပင် ဂိုးသွင်းယူနိုင်ခဲ့သည်။

ရူနီကမူ ကိန်းအား ချီးကျူးခဲ့ပြီး နိုင်ငံတကာပွဲများတွင် ၀င်ရောက်ပြီး စက္ကန့် ၈၀ အကြာတွင် ဂိုးသွင်းနိုင်ခြင်းမှာ မယုံကြည်နိုင်လောက်ဖွယ်ဖြစ်သည်ဟု ဆိုသည်။ ကိန်းကလည်း ထိုကဲ့သို့ ဂိုးသွင်းနိုင်ခဲ့ခြင်းမှာ အိပ်မက်များ
အမှန်တစ်ကယ်ဖြစ်လာခြင်းဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။

“ကျွန်တော့် အိပ်မက်ရဲ့ အစပါပဲ။ ပြီးတော့ အဲဒီအိပ်မက် အမှန်တစ်ကယ်ဖြစ်လာတာကို မြင်ရတာ အံ့သြစရာပါပဲ”

Ref: Goal.com

Comments

Leave a Reply