မတ် ၂၈၊ ၂၀၁၅
M-Media
– သီရိလင်္ကာသမ္မတ မိုင်သရီပါလာ ဆရီစီနာ၏ ညီအငယ်ဆုံး ဖြစ်သူမှာ ပုဆိန်ဖြင့် ခုတ်ခံရသည့် ဒဏ်ရာကြောင့် ယနေ့တွင် မြို့တော်ကိုလံဘိုရှိ ဆေးရုံ၌ ကွယ်လွန်သွားခဲ့ပြီဟု သိရသည်။
သားသမီး ၃ ယောက်၏ ဖခင်ဖြစ်သူ ပရီယန်သာ ဆီရီစီနာမှာ ၎င်း၏ ဇာတိမြို့ ပိုလွန်နာရူဝါတွင် ပြီးခဲ့သည့် ၂ ရက်အရင်က ပုဆိန်ဖြင့် အခုတ်ခံခဲ့ရခြင်းဖြစ်ပြီး ဦးခေါင်း၌ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီးနောက် ဆေးကုသမှု ခံယူနေစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့ကမူ အဆိုပါတိုက်ခိုက်မှုနှင့် ဆက်နွယ်နေသည့် လူတစ်ဦးကို ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုများကို ဆက်လက် လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့သည်။ အစိုးရမှ ထုတ်ပြန်သော ကြေညာချက်တွင် စီးပွားရေးသမားတစ်ဦးဖြစ်သူ ပရီယန်သာမှာ ကြာသာပတေးနေ့ ညနေပိုင်းတွင် သူငယ်ချင်းတစ်ဦးနှင့် အငြင်းအခုံဖြစ်ပြီးနောက် ယခုကဲ့သို့ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး အရေးပေါ် ကုသမှုများ ပြုလုပ်ခဲ့သော်လည်း သတိပြန်လည်လာခြင်းမရှိတော့ဟု ဖော်ပြခဲ့သည်။ တရားဝင်အထောက်အထားများအရ ပရီယန်သာမှာ သားသမီး ၁၂ ယောက်တွင် အငယ်ဆုံးဖြစ်သည်။
သမ္မတ မိုင်သရီပါလာမှာ ယခုအချိန်တွင် တရုတ်နိုင်ငံသို့ အလည်အပတ်ခရီး ရောက်ရှိနေသည်။ ၎င်းမှာ ဇန်န၀ါရီရွေးကောက်ပွဲတွင် ခက်ခက်ခဲခဲအနိုင်ရရှိခဲ့ပြီး ယခင် သီရိလင်္ကာ သမ္မတများကဲ့သို့ ညီအစ်ကိုမောင်နှမများအတွက် လုံခြုံရေးများ ထားခြင်းမရှိဘဲ၊ ၎င်း၏ လုံခြုံရေးတပ်ဖွဲ့ကိုလည်း သိသိသာသာ လျှော့ချခဲ့သည်။
Ref: channelnewsasia
Comments