ဧပြီ ၁၆ ၊ ၂၀၁၅
M-Media
– မြန်မာနိုင်ငံ၏ တိုးတက်မှုများက နှစ်ဆတိုးလာသည်။ သို့သော်လည်း အားနည်းချက်များ ရှိနေဆဲဖြစ်ပြီး ပြည်တွင်း ရှိသူများ၊ ပြည်ပမှနိုင်ငံခြားသားများ အားလုံး မြင်တွေ့နိုင်လေသည်။
မြန်မာနိုင်ငံသို့ လာရောက်လေ့လာစူးစမ်းသော ခရီးသွားတစ်ယောက်အဖြစ် နိုင်ငံအတွင်း ဖွံ့ဖြိုးတိုးတက်မှုပမာဏနှင့် ခြေလှမ်းများကို လစ်လျူရှုရန် ခက်သည်။ ကြည့်လိုက်သည့်နေရာတိုင်းတွင် အဆောက်အဦးများ ဆောက်လုပ်နေခြင်း သို့မဟုတ် ပြုပြင်နေခြင်း တစ်မျိုးမျိုးကို တွေ့နေရသည်။ ရုံးအိုရုံးဟောင်းများအား ဆေးသုတ်နေခြင်းမှ ကပ်လျက်တွင် ဇိမ်ခံဟိုတယ်များ ဆောက်နေခြင်းတို့ကိုလည်း မြင်ရသည်။
ငွေကြေးများကလည်း နိုင်ငံအတွင်းသို့ ရေလိုဝင်နေသည်။ ထိုငွေများကို အကျိုးရှိသောနေရာတွင် အသုံးချရန်အတွက် နှောင့်နှေးစရာ အချိန်မရှိ။ အနည်းဆုံးတော့ ဒါတွေက လက်တွေ့အခြေအနေတွင် ဖြစ်နေသည့် ကိစ္စများဖြစ်သည်။သို့သော်လည်း စိတ်ပါဝင်စားသူ နိုင်ငံခြား ခရီးသွားများ မြင်နေရသည်ထက်ပို၍ တိုးတက်မှုများ မြန်မာနိုင်ငံတွင် ရှိနေသေးသည်။
၂၀၁၅ ခုနှစ်တွင် ၈.၅ ရာခိုင်နှုန်း မြင့်တက်လာရန် မျှော်လင့်ထားသည့် မြန်မာ့စီးပွားရေးကလည်း အတော်လေး ကောင်းနေသည်။ ထိန်းချုပ်ထားမှုများ ဖယ်ရှားလိုက်ခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ မက်လုံးများက ပြည်တွင်းနှင့် နိုင်ငံခြားလုပ်ငန်းရှင်များ နိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ပို၍ လွယ်ကူသွားစေသည်။ တရုတ်နိုင်ငံက ထိပ်ဆုံးတွင်ရှိနေသည့် နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံအတွင်းသို့ ဒလဟော လှိမ့်ဝင်လာသည်။ ပထမဆုံးအကြိမ်အဖြစ် ဆက်သွယ်ရေးနှင့် အင်တာနက် ကုမ္ပဏီများကဲ့သို့ ၀န်ဆောင်မှုလုပ်ငန်းများက အဓိကမြို့ကြီးများ၏ အပြင်ဘက်သို့ တဖြည်းဖြည်းဖြင့် ချဲ့ထွင်လာကြပြီး ကျေးလက်ဒေသနှင့် ဝေးလံခေါင်ဖျားသောဒေသများကိုပါ ကမ္ဘာကြီးနှင့် ချိတ်ဆက်ပေးနေကြသည်။ ထိုလုပ်ငန်းက လူတိုင်းအတွက် စီးပွားရေးအခွင့်အလမ်းများကို ဖြစ်ပေါ်စေသည်။ မကြာသေးမီကာလအထိ မြို့ကြီးများ၏ အပြင်ဘက်တွင် မြင်တွေ့ရခဲသော ATM ငွေထုတ်စက်များမှာလည်း ယခုအချိန်တွင် နိုင်ငံတစ်ဝှမ်းတွင် အသုံးပြုနိုင်နေပြီဖြစ်သည်။
နိုင်ငံရေးပိုင်းမှာလည်း ထိုကဲ့သို့ပင်ဖြစ်သည်။ တိုင်းပြည်က ရှေ့ကို အတော်လေးသွားနေသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း၊ စာနယ်ဇင်းလွတ်လပ်ခွင့် သိသိသာသာရလာခြင်း၊ လွှတ်တော်တွင် နိုင်ငံရေး ဆွေးနွေးငြင်းခှုံမှုများ ပြန်လည်အသက်ဝင်လာခြင်းက စိတ်ဝင်တစားဖြင့် စောင့်ကြည့်နေကြသည့် ကမ္ဘာကြီးကို အထင်ကြီး အံ့အားသင့်စေခဲ့သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၎င်းတို့ကိုယ်တိုင် သတ်မှတ်ထားသော ခရီးသွားလာခွင့်ကိုလည်း ဖွင့်ပေးလိုက်ပြီး ခရီးသွားများက အတောမသတ် ၀င်လာကြသည်။ သူတို့က ပြည်တွင်းမှ ပြည်သူများအား နိုင်ငံရပ်ခြား လူမှုဘ၀နှင့် နေထိုင်ပုံတို့ကို မိတ်ဆက်ပေးကြသည်။ ၎င်းတို့၏ အမြင်များက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေ သည်။ မြောက်များစွာသော လက်နက်ကိုင်များအရေး အဆုံးသတ်ရန် ငြိမ်းချမ်းရေးသဘောတူညီချက်များကို ညှိနှိုင်းဆွေးနွေးနေသည်။
ခြုံ၍ကြည့်လျှင် တိုးတက်မှုလက္ခဏာများကိုတွေ့ရမည်။ သို့သော်လည်း နှစ်ပါင်း ၅၀ တစ်သီးတစ်ခြားဘ၀မှ ရှေ့ ထွက်လာသည့် မြန်မာနိုင်ငံမှ မျှော်လင့်စရာများ ရှိနေသည်။ သို့သော်လည်း မြန်မာနိုင်ငံအနေဖြင့် ထိုမျှော်လင့်ချက်များကို ဆက်လက်ဆောင်ရွက်နိုင်ပါ့မလား? အပြုသဘောဆောင်သည့် လက္ခဏာအားလုံးကို ဘေးဖယ်လိုက်လျှင် ထိုမေးခွန်းအတွက်အဖြေက လက်တွေ့နှင့် ဝေးကွာနေသည်။
စီးပွားရေး စိုးရိမ်ရမှု
———————
အခြေခံအဆောက်အဦးများကိုကြည့်လျှင် မြန်မာနိုင်ငံက ဆောင်ရွက်ရမည့် စိန်ခေါ်မှု မြောက်မြားစွာရှိနေသည်။ အချိန်ကြာမြင့်စွာ တစ်သီးတစ်ခြားဖြစ်နေမှုကြောင့် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦးများက ဖွံ့ဖြိုးမှုအလွန်နိမ့်နေသည်။ လက်တွေ့တောင်းဆိုမှုများကို ပြည့်မီရန် အတွက်လည်း ပြည့်စုံသည့်အနေအထားတွင်မရှိ။ လမ်းမများ၊ ရထားလမ်းများ၊ သင်္ဘောဆိပ်များနှင့် လေဆိပ်များအားလုံး ချဲ့ထွင်ရန်နှင့် အဆင့်မြှင့်တင်ရန် လိုအပ်နေသည်။
မြန်မာနိုင်ငံတွင် သင့်တင့်လျောက်ပတ်သော ပို့ဆောင်ရေးစနစ်များ အလွန်ကိုအားနည်းသည်။ ယခင်မြို့တော်ဟောင်းဖြစ်ပြီး ယခုတွင် ကုန်သွယ်ရေးအချက်အခြာနေရာဖြစ်သည့် ရန်ကုန်မြို့ရှိ လမ်းများတွင် ကားပိတ်မှုပြဿနာ ရှိနေသည်။ ဆယ်စုနှစ်များစွာကြာ မပြောင်းမလဲရှိနေသည့် မြို့ပတ်ရထားလမ်းက ယနေ့ခေတ် ခရီးသည်များ၏ တောင်းဆိုမှုများကို မဖြည့်ဆည်းပေးနိုင်။ ခေတ်မီ ရထားလမ်းများတည်ဆောက်ရေး ပြောဆိုမှုများ ရှိနေသော်လည်း ဆောက်လုပ်ရေးလုပ်ငန်း မည်သည့်အချိန်၌ စတင်မည်ကို ရှင်းရှင်းလင်းလင်းမသိရ။
နိုင်ငံအတွင်း ပညာတတ်များနှင့် ကျွမ်းကျင်လုပ်သားများ အလွန်အမင်း လိုအပ်နေသည့်အတွက်ကြောင့် ပညာရေးက မြန်မာနိုင်ငံ အတွက် နောက်ထပ်အခက်အခဲဖြစ်သည်။ ထိုနည်းတူစွာ ပညာတတ်များနှင့် ကျွမ်းကျင်လုပ်သားများကို လေ့ကျင့်သင်ကြားပေးရန် တက္ကသိုလ်များလည်း လိုအပ်သည်။ အခြားတစ်ဖက်ကဆိုရလျှင် မြန်မာနိုင်ငံမှာ ချစားမှု၊ တရားမ၀င်ကုန်သွယ်မှု၊ အချက်အလက်များ မလုံလောက်မှု၊ ပွင်းလင်းမြင်သာမရှိမှု၊ ခိုင်မာသည့် ဥပဒေစနစ်မရှိမှု စသည်တို့ကိုလည်း ခံစားနေရသည်။ တည်ငြိမ်ပြီး လွတ်လပ်သည့် ဈေးကွက်စီးပွားရေးကို အထောက်အကူဖြစ်စေရန် ထိုအရာများအားလုံးကို ပြုပြင်ပြောင်းလဲရန် လိုအပ်သည်။
အကောင်းဘက်ကကြည့်လျှင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကြောင့် တရုတ်နှင့် အမေရိကန်တို့ကဲ့သို့သော အင်အားကြီးနိုင်ငံများက ၎င်းတို့၏ သြဇာနယ်နမိတ်အောက်သို့ရောက်ရှိရန် ကြိုးစားလာကြသည်။ ထို့ပြင် အာဆီယံအဖွဲ့၌ မြန်မာနိုင်ငံက အဖွဲ့ဝင်ဖြစ်နေသောကြောင့် ထိုနိုင်ငံကြီးများက အာဆီယံဒေသကိုလည်း ပိုပြီး အာရုံစိုက်လာကြသည်။ အထူးသဖြင့် ၂၀၁၅ ခုနှစ် ဇန်န၀ါရီလက စတင်ခဲ့သော အာဆီယံစီးပွားရေးအသိုက်အ၀န်း၏ အစိတ်အပိုင်းဖြစ်လာကတည်းက ဖြစ်သည်။ ထိုသို့ နိုင်ငံကြီးများ၏ ချဉ်းကပ်လာမှုက အကျိုးကျေးဇူးများအပြင် လက်ရှိအချိန်၌ ပိုမိုကောင်မွန်လာသည့် ကမ္ဘာ့စီးပွားရေး အတက်၊ အကျတွင် တိုင်းပြည်ကို ပို၍ အားနည်းလာစေသည်။
ဒီမိုကရေစီကျင့်သုံးခြင်း
———————
မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်ကျင့်သုံးမှုလုပ်ငန်းစဉ်မှာ ချီးကျူးလောက်စရာဖြစ်ပြီး လွန်ခဲ့သည့် ၅ နှစ်တာကာလအတွင်း တိုးတက်မှုများစွာ ပြုလုပ်နိုင်ခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ကူးပြောင်းရေးအစီအစဉ်မှာ ၁၉၉၈ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ၏ ဒီမိုကရေစီ အကူးအပြောင်းကဲ့သို့ ရည်ရွယ်ချက်ကြီးမားမည်ဟု ယူဆရန် မသင့်သေး။ ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် ၂၅ ရာခိုင်နှုန်း နေရာယူထားသည့် တပ်မတော်ဟုခေါ်သည့် စစ်တပ်က ဒါကို ညွှန်ပြနေပြီး ပြုပြင်ပြောင်းလဲရေး ကာလအစား အင်ဒိုနီးရှား၏ အာဏာရှင်ဆန်သောအုပ်ချုပ်မှု အမြင့်ဆုံးအချိန်နှင့် သွားတူနေသည်။
မြန်မာနိုင်ငံ၏ စစ်ဘက်ခေါင်းဆောင်ပိုင်းက အသစ်တည်ဆောက်ထားသည့် မြို့တော် နေပြည်တော်တွင် ခိုင်ခိုင်မာမာ အမြစ်တွယ်နေသည်ကိုလည်း မေ့မထားရန် အရေးကြီးသည်။ ဒါက မြို့တော်အသစ်နှင့်ပတ်သက်၍ ၀ိရောဓိကို ဖြစ်စေသည်။ ၁၀ နှစ်မကြာသည့်အချိန်အတွင်း ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲရေးစတင်ကာ ၎င်းတို့၏ အာဏာကို လျော့ချတော့မည်ဖြစ်သော်လည်း ၎င်းတို့အတွက် သစ်လွင်ပြီး လုံခြုံသည့် အုပ်ချုပ်ရေးမြို့တော်တစ်ခုကို အဘယ့်ကြောင့် စစ်တပ်က အသည်းအသန် ဆောက်ခဲ့သနည်း?
ဒါက တပ်မတော်အနေဖြင့် ဒီမိုကရေစီပြောင်းလဲကျင့်သုံးသည့်ကာလကို မည်မျှလောက်အထိ ကြာစေချင်သနည်းဟူသော မေးခွန်းနှင့် မလေးရှား၊ စင်ကာပူတို့ကဲ့သို့ အမည်ခံ ဒီမိုကရေစီပုံစံမျိုး သွားမလားဆိုသည့် မေးခွန်းများလည်း ပေါ်ထွက်လာခဲ့သည်။ ဒုတိယမေးခွန်းမှန်လာခဲ့လျှင် နောက်ထပ်မေးခွန်းတစ်ခုက တပ်မတော်အနေဖြင့် အဘယ့်ကြောင့် ဒီမိုကရေစီပြောင်းလဲ ကျင့်သုံးမှုကို ရွေးချယ်ခဲ့သနည်း?
ယနေ့ မြန်မာနိုင်ငံက ရင်ဆိုင်နေရသည့် ဖိအားပေးအခံရဆုံး ပြည်တွင်းပြဿနာများထဲမှ တစ်ခုမှာ ရိုဟင်ဂျာလူမျိုးများ၏ အခြေအနေဖြစ်သည်။ မြန်မာနိုင်ငံတွင် မွေးဖွားကြီးပြင်းခဲ့သော်လည်း ဘင်္ဂါလီဟု စာရင်းပေးသွင်းသည့် ရိုဟင်ဂျာများသာ နိုင်ငံသားဖြစ်ခွင့် ရမည့် ၂၀၁၄ ရခိုင်ပြည်နယ်စီမံကိန်း အစီအစဉ်မှာ ရိုဟင်ဂျာများ၏ အနေအထားကို ပို၍ ဆိုးဝါးသွားစေခဲ့သည်။ မြန်မာအစိုးရက ထိုအစီအစဉ်ကို ၂၀၁၅ ခုနှစ်တွင် ပြန်လည် ဆန်းစစ်သွားမည်ဟု လူ့အဖွဲ့အစည်းအား အသေအချာပြောကြားခဲ့သော်လည်း အထူးသဖြင့် ဘာသာရေးအစွန်းရောက်မှုနှင့် အစိုးရ၏ ဂရုမစိုက်မှုအကြား ရိုဟင်ဂျာများ၏ အခြေအနေ ပိုကောင်းလာရေးအတွက် အာမခံချက်တော့ မပေးခဲ့။ အထွေထွေရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လက္ခဏာများက တဖြည်းဖြည်း အကျဘက်ပြလာသည်။
ထိုကိစ္စတွင် နိုဘယ်ဆုရ ဒေါ်အောင်ဆန်းစုကြည်ကလည်း အသံမထွက်။ သူမ လွတ်မြောက်လာပြီးကတည်းက ငြိမ်းချမ်းရေး အမှတ်အသားအဖြစ်မှ မိမိ၏ လုပ်ရပ်များကို ပိုမိုတွက်ဆလာသည့် နိုင်ငံရေးသမားတစ်ယောက်အဖြစ်သို့ ပြောင်းသွားခဲ့သည်။
အမှတ်သညာ
————–
အတိတ်ကို ပြန်ပြောင်းစဉ်းစားကြည့်လျှင် နိုင်ငံတစ်ဝှမ်း တိုင်းရင်းသား ပဋိပက္ခများ အဆုံးမသတ်သေးသော်လည်း မြန်မာနိုင်ငံကို ပဋိပက္ခအလွန် လူ့အဖွဲ့အစည်းဟု ရှုမြင်နိုင်သည်။ သို့သော်လည်း ယခုအချိန်တွင် နိုင်ငံအတွင်းရှိ လူများစုကြီးမှာ ၎င်းတို့၏ အမှတ်သညာကို ကိုယ်တိုင်သတ်မှတ်နေသော လုပ်ငန်းစဉ်တွင် ရှိနေကြသည်။
နည်းပညာ ရုတ်ချည်းဝင်ရောက်လာခြင်းကလည်း ထိုလုပ်ငန်းစဉ်တွင် တဖြည်းဖြည်းဖြင့် အဓိကနေရာမှ ပါဝင်လာသည်။ နှစ်ပေါင်းများစွာ တစ်သီးတစ်ခြားဖြစ်နေပြီးနောက် အပြင်ကမ္ဘာရှိ ပြည်သူများနှင့် အချင်းချင်းဆက်သွယ်မှု ရုတ်ချည်းတိုးတက်လာခြင်းက မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအမှတ်သညာ ဖွံ့ဖြိုးတိုးတက်မှုအပေါ် သြဇာလွှမ်းမိုးလာသည်။ ကိုရီးယားဆန်လာခြင်းက ထိုအထဲမှ အကြောင်းအရင်း တစ်ခု ဖြစ်သည်။ ကိုရီးယားဇာတ်ကားများနှင့် ကေပေါ့ပ် ဂီတများ လူကြိုက်များလာမှုကြောင့် အထူးသဖြင့် လူငယ်များအကြား ထိုအခြေအနေကို တွေ့မြင်နိုင်သည်။ ဂလိုဘယ်လိုက်ဇေးရှင်းကလည်း အရှေ့သို့ရောက်လာသည်။ အထူးသဖြင့် မျက်နှာတွင် သနပ်ခါးလိမ်းချယ်မှုအတွင်း အလှပြင်ပစ္စည်းများနှင့် အနောက်တိုင်းဝတ်စုံများလည်း အတူတွဲ၍ ပါလာကြသည်။
ထပ်၍ဆိုရလျှင် မူးယစ်ဆေးစွဲမှုပြဿနာကလည်း အသေအချာဖြေရှင်းရန်လိုအပ်သည့် သိသာသော ပြဿနာဖြစ်သည်။ မြန်မာနိုင်ငံမှာ ဘိန်းဖြူစွဲမှုရောဂါ အဓိကဖြစ်ပွားနသည့်နေရာဖြစ်ပြီး အထူးသဖြင့် ကချင်ပြည်နယ်တွင်ဖြစ်ကာ ဆေးထိုး အပ်များက မြစ်ကမ်း တလျှောက် ပြန့်ကျဲနေပြီး အမှိုက်ပုံးများတွင်လည်း ပြည့်လျှံနေသည်။တိုင်းရင်းသားများ၏ လက်နက်ကိုင် သူပုန်ထမှု၊ နိုင်ငံ၏ အကြီးဆုံး ကျောက်စိမ်း မိုင်းတွင်းများနှင့် ထိစပ် တည်ရှိမှုတို့ကလည်း မီးလောင်ရာ လေပင့်နေသည်။ ဘိန်းဖြူနှင့် ဘိန်းစိမ်းတို့ကို သုံးစွဲမှုမှာ ကချင်ပြည်နယ်၏ ဆင်းရဲမွဲတေသော လူဦးရေ၏ ၆၅ ရာခိုင်နှုန်းတွင် ကျယ်ကျယ်ပြန့်ပြန့်ကို ဖြစ်လာနေသည်။ အများစုက တရားစွဲဆိုမှုကို ကြောက်ရွံ့ခြင်း မရှိဘဲ ပေါ်ပေါ်ထင်ထင်ပင် အသုံးပြုကြသည်။
အစိုးရ တာဝန်ရှိသူများကတော့ ထိုသို့ သူပုန်ထမှုကာ ဒေသအတွင်း မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် အစီအစဉ်များ အကောင်အထည်ဖော်ရေးကို အတားအဆီးဖြစ်နေသည် ဟုဆိုကာ တိုင်းရင်းသားများ၏ လက်နက်ကို သူပုန်ထမှုကို အပြစ်တင်သည်။ ထိုပြဿနာကိုဖြေရှင်းရန် အတွက် ဒေသတွင်းရှိ ခရန်ယာန် ပြည်သူများကလည်း ရှေ့ထွက်လာကြသည်။ သို့သော်လည်း အလုပ်မဖြစ်။ ဆေးစွဲနေ သူများအား ပြန်လည်ထူထောင်ရေးဆောင်ရွက်ပေးသော်လည်း ပြန်ကောင်း သွားသည့်နောက်ပိုင်းတွင် ဆေးပြန်စွဲသွားကြသည်။
မြန်မာ့ လူ့အဖွဲ့အစည်း၌ လူမျိုးစုတိုင်းကို နေရာပေးခြင်းဖြင့် သာတူညီမျှမှုကို တွေ့မြင်ရအောင်ဆောင်ရွက်ရန် ပို၍ အရေးကြီးသည်။ ထိုကိစ္စနှင့်ပတ်သက်၍ လက်ရှိ အချိန်တွင် တိုင်းပြည်က ရုန်းကန်နေရဆုံးဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာများသာ ဖယ်ထုတ်ခံရခြင်းမဟုတ်။ ၀မ်းနည်းစွာပင် တိုင်းရင်းသား လက်နက်ကိုင်တပ်များမှ စစ်သားများ ပါဝင်သည့် ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းရေး အပါအ၀င် ဖက်ဒရယ်ပြည်ထောင်စုဖြစ်လာရေး အစီအစဉ်များကလည်း တိုးတက်မှု သိပ်မရှိဘဲ၊ လက်တွေ့တွင် နောက်ပြန်သွားနေသည်။ နိုင်ငံအရှေ့မြောက်ပိုင်း ရှမ်းပြည်နယ် ကိုးကန့်ဒေသတွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် စစ်တပ်တို့အကြား ပြင်းထန်သည့် တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် သမ္မတဦးသိန်းစိန်က ကိုးကန့်ဒေသအတွင်း သုံးလတာ စစ်အုပ်ချူပ်ရေး အမိန့် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ၏ အစမ်းသပ်ခံရမှုများက လွယ်မည် မဟုတ်။ တိုးတက်မှုများကလည်း အားနည်းနေပြီး နောက်ပြန်သွားနေသည်။ အချိန်ယူရမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲပြီးနောက် အစိုးရသစ် တက်မလာခင်အချိန်အထိ မည်မည်ရရ ပြောင်းလဲမှုမျိုးကိုလည်း တွေ့ရဖွယ်မရှိ။
သို့သော်လည်း နိုင်ငံက အရှိန်ရနေပြီး ပြုပြင်ပြောင်းလဲမှု ဆက်လက်လုပ်ဆောင်ရန်ကိုလည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းက စေ့စော် တိုက်တွန်းပေးနေသည်။ တစ်ဦးနှင့် တစ်ဦး ဆန့်ကျင်နေခြင်းထက် အတူတကွ အလုပ်လုပ်ခြင်းအားဖြင့် မြန်မာနိုင်ငံ အား ပြုပြင်ပြောင်းလဲစေရန် မြန်မာ့နိုင်ငံရေးတွင် ပါဝင်သောသူအားလုံးက သင့်လျော်သည့် ဆန္ဒများလည်း ရှိရမည်ဖြစ်လေသည်။
Fair observer မှ Lucas Ausems ၏ “Myanmar Still Has a Long Way To Go” ဆောင်းပါးကို မိုးဝေ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။
Comments