ဧပြီ ၂၉၊ ၂၀၁၅
ရေးသားပြုစုသူ- ပါမောက္ခ ဒေါက်တာအောင်ဇော်
အမည်ရင်း ဦးဘသိန်းဖြစ်သည်။ မန္တလေးမြို့နေ ဦးမောင်မောင်နှင့် ဒေါ်ဂွမ်းတို့မှ ၁၉၀၈-ခုနှစ်တွင် ဖွားမြင်သည်။ သားချင်းများအနက် စတုတ္ထ မြောက်ဖြစ်သည်။ ဖခင်ဦးမောင်မောင်သည် မန္တလေးမြို့ လျှပ်စစ် မီးစက် ကန်ထရိုက်တာ ဖြစ်သည်။
ဦးဘသိန်းသည် ငယ်စဉ်က မန္တလေးမြို့ ၀က်စလီယန်ကျောင်းတွင် ၁၀-တန်းအထိ သင်ယူခဲ့ပြီး အမရပူရမြို့ရှိ မိဘများပိုင် လျှပ်စစ် ဓာတ်အားပေးစက်တွင် ၀င်ရောက်လုပ်ကိုင်သည်။ အိမ်ထောင်ဘက်မှာ ပဲခူးမြို့နေ ၀တ်လုံတော်ရ ဦးဘမောင်နှင့် ဒေါ်သိန်းရွှေတို့၏ သမီး ဒေါ်မမ ဖြစ်သည်။
ဦးဘသိန်းသည် ၁၉၂၈-ခုနှစ်မှစ၍ စာရေးခဲ့သည်။ ဗဟိုသိပ္ပံ မဂ္ဂဇင်း၊ ဘုံဘေဘားမားမဂ္ဂဇင်း၊ ၀ပ်ဆင်ကုန် တိုက်ထုတ် ကောဇာသစ် မဂ္ဂဇင်း၊ မန္တလေးမြို့ ပြည်ညွန့်ရတနာတိုက်ထုတ် ဆရာကြီးမြမျိုးလွင် ဦးစီးသော ချွေတာ ရေးမဂ္ဂဇင်း၊ ရွှေဗမာမဂ္ဂဇင်း၊ အမရပူရမြို့ ရက္ကန်း ကုမ္ပဏီထုတ် အမျိုးသားမဂ္ဂဇင်း၊ ဗန္ဓုလဂျာနယ် စသည့်စာနယ်ဇင်း များတွင် ပါဝင်ရေးသားခဲ့သည်။
၎-ပဲတန် ၀တ္ထုခေတ်စားစဉ်က ဆရာသည် ကလောင်ရုံး၊ ဒီဂရီ အမြင့်ဆုံးဘ၀က၊ သေမင်းလက်မခံ၊ လှလှ၊ အသက်စသော ၄-ပဲတန် ၀တ္ထုများကို ရေးသားခဲ့သည်။ ဗန္ဓုလဂျာနယ်တွင်လည်း ၀တ္ထုတို ကလေးများ ရေးသားခဲ့ သည်။ “ဦးလေးမှားပြီ” ၀တ္ထုတိုနှင့် အခြားဝတ္ထုတိုများအတွက် မကြာခဏပင် ဆုရရှိခဲ့သည်ဟု သိရသည်။
ကလောင်အမည်ခွဲများမှာ စိန်ကလောင်၊ မြားနတ်မောင်၊ မြားနတ်ရှင်၊ ပဲခူးဆား၊ ဟံသာသိန်း၊ လေညင်းသုန်သုန်၊ သိန်းထီ၊ က၀ိရှင် စသည်တို့ဖြစ်သည်။
ဦးဘသိန်းသည် အိမ်ထောင်ပြုပြီးစတွင် ဇနီးသည် ဒေါ်မမ ပိုင် သိန်းတန်ရုပ်ရှင်ရုံကို ဦးစီးဆောင်ရွက်ခဲ့ သည်။ အကျိုး မပေးသဖြင့် ရုပ်ရှင်ရုံကို ရောင်းချလိုက်ပြီး အမိမြန်မာဆေးတိုက်ကို တည်ထောင်သည်။ တစ်ဖက်မှ လည်း ပဲခူးမြို့တွင် လောကအလင်းမဂ္ဂဇင်းကို ၁၉၃၇-ခုနှစ်မှ ၁၉၄၀-ခုနှစ်အထိ ၃-နှစ်တိုင် ကိုယ်တိုင်တည်းဖြတ် ထုတ်ဝေခဲ့သည်။ ထိုစဉ် ဆောင်းပါး၊ ၀တ္ထုတို၊ ၀တ္ထုရှည်များစွာ ရေးသားခဲ့သည်။ မဂ္ဂဇင်း၏ ရည်ရွယ်ချက်မှာ ကျန်းမာရေး၊ အသိပညာပေးရန် ဖြစ်သည်။ လူငယ် လူရွယ်တို့ သွေးသားလှုံ့ဆော်မှုကြောင့် အမှားမှား အယွင်းယွင်း ဖြစ်တတ်ပုံ၊ ကာလသားရောဂါ ရရှိခြင်းဖြင့် သားစဉ်မြေးဆက် ရောဂါရရှိ ဖိစီးနှိပ်စက်တတ်ပုံတို့ကို ထုတ်ဖော်တင်ပြ သည်။ သတို့သား လက်စွဲကျမ်းကို လည်း ပြုစုထုတ်ဝေခဲ့သည်။
ဟံသာသိန်း၊ မန်းသီဟ၊ ဂွသမား၊ အညာသားဟူသော ကလောင် အမည်အမျိုးမျိုးတို့ဖြင့် အပြုသဘော ရေးသားတင်ဆက်သည်။ ဇနီးသည် ဒေါ်မမကိုပါ စာပေနယ်တွင်း လက်တွဲခေါ်ကာ ဇနီးမောင်နှံ စာရေးဆရာ အဖြစ် စာပေလောကကို အကျိုးပြုခဲ့သည်။
စစ်ပြီးခေတ်တွင် သွေးသောက်၊ ရှုမ၀၊ ပြည်ထောင်စု ယဉ်ကျေးမှု စာစောင်၊ စာပေဗိမာန်၊ ငွေတာရီ၊ စုံထောက်၊ မီးရထားမဂ္ဂဇင်းများတွင် ၀တ္ထု ဆောင်းပါးများ ရေးသားသည်။ ၀ါသနာအရ သတင်းစာ ဆရာ ဒီပလိုမာ သင်တန်းကိုလည်း တက်ရောက်အောင်မြင်ခဲ့သည်။
၁၉၅၀-ခုနှစ် တစ်ဝိုက်တွင် မြန်မာနိုင်ငံ စာရေးဆရာများ အသင်းကြီးမှ စာဆိုတော်နေ့ အထိမ်းအမှတ် ပြဇာတ်များ တင်ဆက်ရာ ဆရာကြီး ဒဂုန်ရွှေများ၊ ဦးသုခ၊ ဦးဥာဏ၊ ဦးတက်တိုးတို့နှင့်အတူ ဇာတ်ညွှန်း၊ ဇာတ်ကွက် ဆိုင်ရာ ကဏ္ဍများတွင် ပါဝင်ဆောင်ရွက်သည်။ ၁၉၅၃-ခုနှစ်တွင် “မမိုက်နဲ့”၊ “အချစ်နဲ့”စသည့်ရုပ်ရှင် ဇာတ်ညွှန်းများ ရေးသားခဲ့သည်။
ပါလီမန်ခေတ်တွင် ထိပ်တန်း စက်မှုလက်မှု လုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်သည့် မစ္စတာ နူရ်မုဟမ္မဒ်ခေါ် ဟာဘီးဗ်ခြောက်ပြား၏ လုပ်ငန်းတစ်ခုတွင် မန်နေဂျာအဖြစ် ဆောင်ရွက်သည်။ ၁၉၅၂-ခုတွင် ထိုပုဂ္ဂိုလ်ကြီး၏ အထောက်အပံ့ဖြင့် ကမ္ဘာ့အလင်း လစဉ်စာစောင်ကို ဦးစီးထုတ်ဝေသည်။ ကမ္ဘာ့အလင်းစာစောင် အယ်ဒီတာချုပ်မှာ မောင်လာနာနူရ်း မုဟမ္မဒ် (မဇွာဟီရိ)ဖြစ်သည်။ ဆရာဒဂုန်သိန်းမှာ တာဝန်ခံအယ်ဒီတာအဖြစ် အောက်ခြေသိမ်း ဆောင်ရွက်ပေးသည်။ ဆရာသည် ကမ္ဘာ့အလင်း မပေါ်မီက ရပ်ဆိုင်းသွားသော အနုမြူစာစောင်တွင်လည်း အဖွဲ့ဝင် စာတည်း ဖြစ်ခဲ့သည်။
ဆရာသည် ကမ္ဘာ့အလင်း စာစောင်တွင် ဒဂုန်သိန်းဟူသော ကလောင်အမည် သာမက ဒဲ့ဒိုး၊ မြကလောင်၊ စိန်ကလောင်၊ ကမ္ဘာ့အလင်း ၀င်းထိန်၊ ဖိုးသုည၊ မျိုးဂုဏ်ရောင်၊ သော်တာမြ၊ လောကအလင်း၊ မောင်သုတစသော ကလောင်အမည်ခွဲ အမျိုးမျိုးဖြင့် ရသစုံအောင် ပါဝင်ရေးသား ဦးဆောင်လမ်းပြခဲ့သည်။ ဇနီးသည် ဒေါ်မမကလည်း ပါရမီ ဖြည့်ဘက်ပီပီ ပဲခူးကြည် ကလောင်အမည်ဖြင့် ဆောင်းပါး၊ ကဗျာများ ရေးသားအားဖြည့်ခဲ့သည်။
ဆရာသည် အနုပညာရှင်ပီပီ ဖန်တီးတတ်သူ ဖြစ်သည်။ သော်တာကြယ် အမည်ဖြင့်လည်းကောင်း၊ ဒဲ့ဒိုးအမည်ဖြင့် လည်းကောင်း အတိုဆုံးဝတ္ထု(တစ်မျက်နှာဝတ္ထု)များကို ဖန်တီးတင်ဆက်ခဲ့သည်။
၁၉၅၄-ခုနှစ် မတ်လတွင် ကမ္ဘာ့အလင်းတွင် အခန်းဆက် ဖော်ပြခဲ့သော “ဒို့စံနမူ” ဗမာမွတ်စလင်ခေတ် ၀တ္ထုရှည်ကို စန်းသော်တာစာပေ ရိပ်သာမှ ထုတ်ဝေသည်။ ဗမာမွတ်စလင်ယဉ်ကျေးမှုကို ဖော်ကျူးသော ခေတ်ဝတ္ထု ဖြစ်သည်။ ၁၉၅၄ ခု ဧပြီလမှစဎ “ချစ်ခွင့်မပိုင်”၀တ္ထုကို ကမ္ဘာ့အလင်းတွင် အခန်းဆက်ဖော်ပြသည်။ ထိုနှစ် အောက်တိုဘာလတွင် “ဟောဒီလောကီ တစ်ခွင်”၀တ္ထုကို ဝေဘူလ စာအုပ်တိုက်မှ ထုတ်ဝေသည်။ ဆာရ်ဆာရ်ခေါ် အိန္ဒိယဇာတ်ကားကြီးကို မှီငြမ်းရေးသားခြင်း ဖြစ်သည်။ ထိုနှစ်မှာပင် ဆရာဥာဏ၏ “မချစ်နဲ့” ရုပ်ရှင်ဇာတ်လမ်း ကောင်း တစ်ခုကို ၀တ္ထုရှည်အဖြစ် ရေးသားသည်။ ဝေဘူလတိုက်မှပင် ထုတ်ဝေခဲ့သည်။
ဆရာဒဂုန်သိန်းသည် “နှစ်ဘ၀တွက်တာ” ဗမာမွတ်စလင် ခေတ် ၀တ္ထုရှည်ကိုလည်း ရေးခဲ့သည်။ ဒို့စံနမူလာ ၀တ္ထုဇာတ်ဆောင်အချို့နှင့် ဇာတ်လမ်း ဆက်ထားခြင်းဖြစ်သည်။ ၁၉၅၄-ခုနှစ်တွင် “ဘာလဲဟဲ့ သေဒဏ်” နှင့် “မင်းကျင့်တရား၊ ရှိုင်တွာန် ကွန်ဖရင့်” ၀တ္ထုရှည်ကြီးများ ထုတ်ဝေသည်။ ဆရာသည် သီရိပျံချီ ဦးဘစိန်၏ “အစ္စလာမ် ဘာလဲ” နှင့် ကမ္ဘာ့အလင်း အယ်ဒီတာချုပ် မောင်လာနာနူးရ် ပြန်ဆိုသည့် “နမာဇ်” စာအုပ်များကို တည်းဖြတ်မွမ်းမံပေးခဲ့သည်။
၁၉၅၄ ခု စက်တင်ဘာလတွင် ကျင်းပသော အစည်းအဝေးမှ ဆရာ့ကို မြန်မာမွတ်စလင်မ် ကလောင်ရှင်များအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် တင်မြှောက်ကြသည်။
ဆရာသည် အမြင်ကျဉ်းမြောင်းသော၊ ဘာသာရေး လုပ်စားသော ပုဂ္ဂိုလ်များကို ကြည်ညိုလေးစား နောက်လိုက်နေကြသမျှ မြန်မာ မွတ်စလင်လောက မတိုးတက်နိုင်ဟု ယုံကြည်သူဖြစ်သည်။ ဗမာမွတ်စလင်များ စာပေစိတ် ထက်သန်စေလိုသည် အမြင်ကျယ်စေလိုသည်။
“ဆရာ၏ ဒို့စံနမူဝတ္ထု ရေးသားထုတ်ဝေမှုနှင့် ပတ်သက်၍ နှစ်ပရိစ္စေဒများစွာကပင်၊ မြန်မာစာပေလောက တွင် ကာလပေါ် ၀တ္ထုများ၊ ခေတ်အစားကြီး စားနေလင့်ကစား မြန်မာမွတ်စလင် ကာလပေါ်ဝတ္ထုဟူ၍ကား မရှိခဲ့ဖူး သေးပါ။”မည်သို့ဆိုစေ၊ အပြုသဘော သက်ရောက်သော ခေတ်ပြင် ၀တ္ထုများအားဖြင့်လည်း စာရိတ္တဗလကို မြှင့်တင်ပေးနိုင်စွမ်း ရှိသည်ဟူ၍ကား ဓားမြှောင်ထက် ကလောင်ထက်ဟူသော စကားအရ ကျွန်ုပ်တို့ ယုံကြည်ရပေ လိမ့်မည်၊ ယင်းယုံကြည်ချက်ကို လက်ကိုင်ထားကြသော စန်းသော်တာစာပေရိပ်သာ ပိုင်ရှင်များ၏ တောင်းဆိုချက်အရ ကျွန်တော်သည် ဤမည်သော “ဒို့စံနမူ” မြန်မာမွတ်စလင်ကို ရေးသားရပေသည်”
ဟု ဖော်ထုတ်တင်ပြသည်။
“ဒို့စံနမူ”၀တ္ထုကို ကြိုတင်ဖတ်ရှုလေ့လာခွင့်ရသည့် စာပေလောကတွင် ထင်ရှားသော စာရေးဆရာကြီးများ ဖြစ်ကြ သည့် ဇေယျကျော်ထင် ဗိုလ်မှူးကြီးဘရှင်၊ မော်လ၀ီ ဦးခင်ရွှေ၊ ဆရာတက်တိုး၊ စာရေးဆရာ မြင့်ဆွေ၊ ကမ္ဘာ့အလင်း ဦးကိုလေး(ဖြူး)၊ ဦးမောင်ကိုဂဖာရီတို့က ချီးကျူး ထောက်ခံ အမှာစာများ ရေးသားပေးပို့ ကြပါသည်။ ထိုအမှာစာများကို ၀တ္ထုရှေ့ပိုင်းတွင် ထည့်သွင်းဖော်ပြထားပါသည်။
ဆရာကြီးတို့၏ သဘောထားမှတ်ချက်များတွင် –
– ပြည်ထောင်စု စည်းလုံးညီညွတ်ရေးအတွက် ပံ့ပိုးနိုင်သည့် စာအုပ်ကောင်း ဖြစ်သည်။
– အစ္စလာမ်ဘာသာဝင်တို့၏ အိမ်တိုင်းထားရှိသင့်သောဝတ္ထု ဖြစ်သည်။ မြန်မာမွတ်စလင်များမှ အစပြု၍ ပြည်ထောင်စုသားများ အားလုံး ဖတ်ရှုလေ့လာသင့်သော ၀တ္ထုဖြစ်သည်။
– အစ္စလာမ်ဘာသာဝင် စာသင်ကျောင်းများ၌ ဤ၀တ္ထုကိုကျောင်းသုံး စာအုပ်အဖြစ် သင်ကြားပေးရန် အထူး လျော်ကန်သည်။
– သာမန်လုံးချင်းဝတ္ထုများကဲ့သို့ အပျင်းပြေသာမန်ကာလျှံကာဖတ်ပြီး မေ့လျော့လိုက်ရမည့် ၀တ္ထုမျိုးမဟုတ်ပါ။
– မြန်မာမွတ်စလင်များသည် အတုယူထိုက်သော ဒို့စံနမူများ ဖြစ်လာ ပေလိမ့်မည်”
စသည့် အချက်များ ဖော်ပြပါရှိပါသည်။
အလားတူပင် ဆရာကြီး ဘ၀မြှုပ်နှံကာ ကြိုးပမ်းခဲ့သော ကမ္ဘာ့အလင်း စာစောင်ကြီးသည်လည်း စာပေလောကတွင် ထိုက်ထိုက်တန်တန် နေရာ ရခဲ့ပါသည်။ ပြည်တွင်းပြည်ပမှ သောင်းသောင်းဖြဖြ အားပေးကြိုဆို ကြပါသည်။ နှစ်ပတ်လည် အထိမ်းအမှတ် စာစောင်အတွက် သ၀ဏ်လွှာ ပါးကြသူများတွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဦးဘသန်း (မြန်မာနိုင်ငံ စာနယ်ဇင်း)၊ ဇေယျကျော်ထင် ဗိုလ်ဗကို၊ စာရေးဆရာကြီး ဒဂုန်ရွှေမျှား၊ သိပ္ပံစိုးလှ(စာပေဗိမာန် တာဝန်ခံအယ်ဒီတာ)၊ ဦးစိန်လွင်လေး (စာပေဗိမာန် ပြန်ကြားရေး)၊ စာရေးဆရာဦးမြင့်ဆွေ၊ ဟာဂျီဦးတင်မောင် (ရန်ကုန်မြူ ချယ်ရာမင်) စသူတို့၏ သ၀ဏ်လွှာများ ပါဝင်ပါသည်။
ဆရာနှင့် ဇနီးသည်တို့သည် မန္တလေးမြို့၌ ၁၉၅၅-ခု ဇန်န၀ါရီလ စတင်ထုတ်ဝေသော အလင်းရောင် စာစောင်ကိုလည်း အားပေးသည်။ အလင်းရောင်စာစောင် ၁၉၅၅ ခု ဧပြီလထုတ် အတွဲ ၁၊ အမှတ် ၃ တွင်“မွတ်စလင်” ဟူသည့် ဆောင်းပါးကိုလည်းကောင်း၊ ၁၉၅၅ ခု နိုဝင်ဘာ လထုတ် အတွဲ ၁၊ အမှတ် ၅ တွင် “မြတ်နိုးသူ”၀တ္ထုကိုလည်း ကောင်း အစောပိုင်းလက်ရာများအဖြစ် တွေ့ရသည်။
မြက်နုတ်ပေါင်းသင် လန်းလန်းရွှင်အောင်၊ လုံ့လကြီးစွာအား သည်းကာ ကမ္ဘာ့အလင်းကို ပျိုးထောင်ခဲ့သော ဥယျာဉ်မှူးကြီး တစ်ဦးဟု တင်စားထိုက်သည့် တာဝန်ခံအယ်ဒီတာ ဆရာသည် ၁၉၅၆-ခု ဖေဖော်ဝါရီလ ၇-ရက်၊ ၁၃၁၃ ခု ပြာသိုလပြည့်ကျော် ၁၁-ရက် အင်္ဂါနေ့ ညနေအချိန်တွင် ရုတ်တရက် မူးဝေသော ရောဂါဖြင့် အလ္လာဟ်အရှင် အမိန့်တော်ခံယူရသည်။
လုပ်ဖော်ကိုင်ဖက် ဥယျာဉ်မှူးတစ်ဦးဖြစ်သူ အယ်ဒီတာချုပ် ဆရာနူးရ်က ဆရာကြီး ကွယ်လွန်သွားသည့် အတွက် –
“သူ ကွယ်လွန်သွားတာ ဘယ်လောက်အထိ၊ မြန်မာမွတ်စလင် တစ်မျိုးသားလုံး နစ်နာတယ်ဆိုတာ သူ့အရည်အချင်းကို သိသူတိုင်း ၀န်ခံရမှာပဲ၊ ၀ါသနာပါတဲ့ စာပေဘက်မှာ ထင်သလောက် အချိန်မသုံးလိုက်ရတာ ဟာလဲ အမျိုးသား မွတ်စလင်တို့ကံဆိုးတာဘဲ”
ဟု အသေစော၍ နှမြောလှချည့်ဟု တမ်းတရှာပါသည်။
ဤတွင် စာဆိုမောင်နှံ၏ ကမ္ဘာ့အလင်း စာစောင်ဘွဲ့နှစ်ပုဒ်ကို ဖော်ပြပါသည်။
ကမ္ဘာ့အလင်းဘွဲ့ ရှစ်ဆယ် ပေါ်
ပေါင်းစုညီညာ၊ သာသနာ့အတွက်မို့၊ ၀ါဒမဖက် ကိုယ်ကျိုး ရှောင်၊ “နှစ်ဌာန” အတွက် စုပျိုးထောင်သည်၊ အမျိုးဂုဏ်ရောင် ဆောင်ကာထူး။
ကမ္ဘာ့အလင်း ငွေစန်းယုန်ငယ်၊ ရွှေဒါန်းအစုံ ဆင်နွှဲပါ လို့ကြူး၊ လောကီ လောကုတ် စုပေါင်းချယ်ပြီ၊ ရှုကြောင်း တစ်သွယ်၊ ကွန့်ကွန့်မြူး၊ နုပြောင်းစေဖွယ်၊ ညွန့်ညွန့်ဖူးငဲ့ လွန့်လွန့်ထူးတဲ့ ဥာဏ် အမြော်၊ တိုင်းမြတ်ဇမ္ဗူ ဝေဖြာလွင့်လို့၊ တေဇာသတင့် လှိုင်ပြန့်ကာမို့ကြော်။ စာလွှာဆင့်လျက် စဉ်တစိုက်မော်တယ်၊ ၀င်မကိုဋ်တော်-မှတ်ကာစွဲသမို့ ဖတ်ပါ အမြဲ “လင်း”ပစာသဘင် မယွင်းဟဒယမှာ ကြည်လင်၊ “အစ္စလာမ်”ထူစိုက်မှောင် အမိုက်ရှောင်ကြဉ်၊ နောင်အမြိုက်ပလဒင် စံစာမည်ပလေး။
“စလာမ်”တင်ဆက် နှုတ်ခွန်းသံငယ်၊ စမုခ်ကွန်းယံ ငြိမ်းချမ်း ပါစေ့လေး။
ဒဂုန်သိန်း
သုံးနှစ်မြောက်ကမ္ဘာ့အလင်းဘွဲ့
ယနံ့လှိုင်ကြူ ထုံကြည်သင်း၊ ပုဏ္ဏမီအဆင်း၊ ၀င်းလက်ဖြာ၊ ဂုဏ်ရည်သတင်း၌ ထင်းချက်မဟာရယ်၊ “လင်း”လျက် “ကမ္ဘာ” တည်စေဖို့၊ ဘေးရန်ခပ်သိမ်း စဉ်မပြတ်ကွာစေ၊ အရှင်မြတ် ထံမလေ တောင်းဆုဆင်ပြီမို့။ သုံးနှစ်စေ့မြောက် ရွေ့ရောက် လာသည်၊ ဖေးထောက်ခါခါ ကူညီစို့၊ အဝေးရောက်သဟာဆွေ “ယုမေ”တို့ရဲ့ ခုသွေမချို့ ကလောင်နှင်၊ ပေါင်းစုညီညာ ပြုပြင် ကြပါမှ၊ တုယှဉ်မရ ၀ါဒသြမြတ်လမ်းစဉ်၊ နောင်တစ်ခေတ်တော့ ဥဒါန်းတွင် အောင်ပြုစမ်းစေချင်၊ အားသွန် ကြိုးလို့၊ ကိုယ့်အမျိုးနဲ့ သာသနာစည်ပင်၊ တည်မြဲနိုင်စေချင်၊ “ကမ္ဘာ့အလင်း”မှ တဆင့် မိတ်အများ “ခင်”ကို ဖိတ်ကြားလွှာစဉ်၊ တင်ဆက်ပါရဲ့လေး။
ပဲခူးကြည်
ဒို့စံနမူ ဝတ္ထု ဖတ်လိုလျှင် =>http://goo.gl/JCIT4t
Comments