မေ ၁၄၊ ၂၀၁၅
M-Media
– ဒေသအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်မှုကို မြင့်တက်လာစေသည့် လှေဖြင့်ထွက်ပြေးသူများတွင် အရေအတွက် တစ်ဟုန်ထိုး မြင့်တက်လာသော ရိုဟင်ဂျာများအား ဖိနှိပ်မှုကို ရပ်တန့်ရန်အတွက် မြန်မာနိုင်ငံကို အရှေ့တောင်အာရှနိုင်ငံများက ပြတ်သားစွာပြောရမည်ဟု မလေးရှား ဒုတိယပြည်ထဲရေးဝန်ကြီး ၀မ် ဂျူနိုက်ဒီ တူအန်ကူ ဂျာဖာရ်က ပြောကြားလိုက်သည်။
အစိုးရ၏ ခွဲခြားဆက်ဆံမှုကို ခံနေရပြီး မကြာသေးမီက ဖြစ်ပွားခဲ့သော အုပ်စုဖွဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွင် ပစ်မှတ်ထားခံခဲ့ရသည့် ရိုဟင်ဂျာများအား မြန်မာအစိုးရ၏ ဆက်ဆံမှုများကြောင့် အရှေ့တောင်အာရှတွင် ဒုက္ခသည်ပြဿနာ တိုးလာခြင်းဖြစ်သည်ဟုလည်း ဂျာဖာရ်က ထည့်သွင်းပြောကြားခဲ့သည်။
“ဒီ ရိုဟင်ဂျာပြည်သူတွေကို ဆက်ဆံတဲ့နည်းလမ်းက မြန်မာနိုင်ငံမှာ ပြဿနာရှိနေပါတယ်။ ဒါ့ကြောင့် သူတို့ပြည်သူတွေကို သူတို့ လူပီသစွာဆက်ဆံဖို့ လိုအပ်တယ်ဆိုတာ မြန်မာနိုင်ငံကို ကျွန်တော်တို့ ပြတ်ပြတ်သားသားပြောဖို့ လိုအပ်ပါတယ်။ ရိုဟင်ဂျာတွေကို လူသားတွေလို ဆက်ဆံဖို့ လိုအပ်သလို့ သူတို့ကို အရမ်း ဖိနှိပ်ချုပ်ချယ်လို့ မရပါဘူး” ဟု ဂျာဖာရ်က ဆိုသည်။
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ ပြောင်းရွှေ့အခြေချသူများကို တင်ဆောင်လာသည့် စက်လှေများ နစ်မြုပ်နိုင်သည့်အန္တရာယ် မရှိပါက မိမိတို့အနေဖြင့် အဆိုပါစက်လှေများကို ပင်လယ်ထဲသို့ ပြန်လွှတ်မည်ဟု မလေးရှားက ယခုသီတင်းပတ်တွင် ပြောကြားခဲ့သည်။ အင်ဒိုနီးရှားမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ၎င်းတို့ နယ်နမိတ်သို့ ၀င်ရောက်လာသည့် လှေစီးဒုက္ခသည်များအား ရိက္ခာများတင်ပေးကာ ပင်လယ်ထဲသို့ ပြန်လွှတ်ခဲ့သည်။
Ref: Straitstimes
Comments