မေ ၂၁၊ ၂၀၁၅
M-Media
– ယမန်နေ့က ကစားခဲ့သည့် လာဇီယိုနှင့် ကိုပါအီတာလီယာ ဗိုလ်လုပွဲတွင် ဂျူဗင်တပ်စ်အသင်းမှာ ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဖလားသုံးလုံးအိပ်မက် အကောင်အထည်ပေါ်ရန် နီးစပ်လာပြီဖြစ်သည်။
စတာဒီယို အိုလံပီကိုကွင်းတွင် ကစားခဲ့သည့် အဆိုပါပွဲတွင် ဂျူဗီမှာ ပွဲအစ ၄ မိနစ်မှာပင် ဦးဆောင်ဂိုး ပေးလိုက်ရသော်လည်း တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်လည်ကစားနိုင်ခဲ့ပြီး ၁၁ မိနစ်တွင် ချီလီနီက ချေပဂိုး ပြန်လည်သွင်းယူပေးခဲ့သည်။
ထို့နောက် ဆက်လက်ကစားရာ ပုံမှန်ပွဲချိန်အတွင်း ဂိုးများ ထပ်မံ မသွင်းယူနိုင်ခဲ့သောကြောင့် အချိန်ပို ဆက်လက်ကစားခဲ့ရကာ ၉၇ မိနစ်တွင် မက်တရီက အနိုင်ဂိုး သွင်းပေးခဲ့ပြီး ထိုဂိုးဖြင့် ဂျူဗင်တပ်စ်မှာ ကိုပါအီတာလီယာဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။
စီးရီးအေချန်ပီယံဖြစ်ထားသည့် ဂျူဗင်တပ်စ်အတွက် ယခုနှစ် ဒုတိယမြောက်ဖလားကို ရရှိခဲ့ခြင်းဖြစ်ပြီး ဖလား ၃ လုံးရည်မှန်းချက် ပြည့်ဝရန် ချန်ပီယံလိဂ်ဖလား ၁ လုံးသာ လိုတော့သည်။ ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီကမူ နှစ်သင်းစလုံး ကောင်းခဲ့သည်ဟု ဆိုသည်။
“လာဇီယိုက တော်တော်ကောင်းခဲ့ပါတယ်။ ဒီပွဲဟာ တန်ဖိုးရှိတဲ့ ဖိုင်နယ်ပွဲတစ်ခုဖြစ်ခဲ့ပြီး စီးရီးအေနဲ့ တူမှာမဟုတ်ဘူးဆိုတာလည်း ကျွန်တော်တို့ သိခဲ့ပါတယ်။ ကျွန်တော်တို့ ကောင်းခဲ့ပြီး သူတို့လည်း ကောင်းခဲ့ပါတယ်။ သူတို့ ၂ ကြိမ်လောက် တိုင်ထိခဲ့ပြီး ကံမကောင်းခဲ့ပါဘူး။ ကျွန်တော်တို့ကတော့ သွင်းတဲ့ဂိုးတွေထဲက တစ်ဂိုးရခဲ့တဲ့အတွက် ကံကောင်းခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။
ဂျူဗင်တပ်စ်အသင်းအနေဖြင့် ယခုကဲ့သို့ ဗိုလ်စွဲခဲ့ခြင်းမှာ ကိုပါအီတာလီယားဖလားကို ၁၀ ကြိမ်မြောက် ရရှိခြင်းလည်း ဖြစ်သည်။ အယ်လီဂရီကမူ ဇွန်လ ၆ ရက် ဘာစီလိုနာနှင့် ချန်ပီယံလိဂ် နောက်ဆုံး ဗိုလ်လုပွဲတွင် သမိုင်းရေးထိုးရန် အသင်းသားများအား တိုက်တွန်းခဲ့သည်။
“စီးရီးအေနဲ့ ကိုပါအီတလီယာဖလားကို ရဖို့ဆိုတာ မလွယ်ခဲ့ဘူးလို့ အသင်းသားတွေကို ကျွန်တော် ပြောရပါမယ်။ အခုတော့ ကျွန်တော်တို့ တတိယမြောက်ဖလားကိုရဖို့ ကြိုးစားရမှာပါ”
Ref: Goal
Comments