မေ ၂၈ ၊ ၂၀၁၅
M-Media
– တစ်ခါတစ်ရံတွင် ဘ၀က မမျှော်လင့်သော အပြောင်းအလဲများကို ဖြစ်စေပြီး ထိုအပြောင်းလဲများက ကြိုတင်စီစဉ်ထားသည့် ပုံမျိုးလားဟုပင် ထင်ရသည်။ နီပေါငလျင်ကြောင့် ခံစားခဲ့ရသော အသက် ၁၀ နှစ်အရွယ် မာယာ ဂူရန်၏ ဘ၀ကလည်း ထိုနည်းနှင်နှင်ပင်ဖြစ်သည်။
ယခုလအစောပိုင်းက မာယာကို ခတ္တာမန်ဒူ၌ ကျွန်မ သွားရောက်တွေ့ဆုံခဲ့ပြီး သူ့အကြောင်းကို မေးမြန်းခဲ့သည်။ ဧပြီ ၂၅ ရက်နေ့က ရုတ်တရတ်လှုပ်ခတ်ခဲ့သော ငလျင်တွင် သူမမှာ ဘယ်ဘက်ခြေထောက် အောက်ပိုင်း ဆုံးရှုံးခဲ့ရပြီး သူမ၏ ခက်ခဲကြမ်းတမ်းသည့်ဘ၀က ပို၍ ကြမ်းတမ်းလာခဲ့သည်။ သူမမှာ ဟိမ၀န္တာတောင်တန်းရှိ ဖွံ့ဖြိုးမှုနိမ့်ကြသော ဒေသလေးတွင် ဆင်းရဲပင်ပန်းစွာ နေထိုင်ရသူဖြစ်သည်။ ခြေထောက်တစ်ဖက်မရှိသည့် သူမ၏ ဘ၀က ဆိုးဝါးသည့် အလှည့်အပြောင်း ဖြစ်လာသည်။
ခတ္တာမန်ဒူဆေးရုံတွင် ကုသပေးသော ဆရာဝန်အနေဖြင့် ခြေတုတတ်ပေးမည်ဟု မာယာနှင့် သူမ၏ဖခင် ဘဟင် ဘဟာဒူး ဂူရန်တို့ နှစ်ယောက်စလုံးက မြင့်မားသော မျှော်လင့်ချက်များ ထားခဲ့ကြသည်။ သို့သော်လည်း ငလျင်ပြီးနောက် ဆေးရုံတွင် လူနာများဖြင့် ပြည့်ကျပ်နေကာ မာယာအနေဖြင့် ခြေတုတပ်ရန် လများစွာကြာ စောင့်ရမည်ဟု ဆရာဝန်က ဖခင်ဖြစ်သူကို ပြောခဲ့သည်။
ငွေမရှိသည့် ဂူရန်တစ်ယောက် အမျိုးသမီး ခွဲစိတ်ဆောင်ရှိ ခုတင်နံပါတ် ၄၁ တွင် ဆေးကုသမှု ခံယူနေရသော သမီးဖြစ်သူကို မ၍ ကျောတွင်ပိုးကာ ဂေါရ်ခါးခရိုင်ရှိ ၎င်းတို့၏ ကာစီဂါအွန်ရွာသို့အရောက် ခက်ခဲကြမ်းတမ်းသည့် ခရီးရှည်ကြီးကို စတင်ခဲ့သည်။
မာယာမှာ အိမ်အနည်းငယ်သာ မပြိုမလဲ ထီးထီးချည်းကျန်နေသော ရွာပျက်ကြီးကို ဇာတိအဖြစ်သတ်မှတ်၍ နေရမည်။ မိသားစုအား ကျွေးမွေးရန်နှင့် အမိုးအကာအောက်တွင်ထားရန် ရုန်းကန်နေရသည့် မိဘများအတွက် သူမက ၀န်ထုတ်ဝန်ပိုး ဖြစ်တော့မည်။ သူမအနေဖြင့် ဖခင်ဖြစ်သူ စိုးရိမ်သကဲ့သို့ အပယ်ခံဘ၀ ရောက်ရတော့မည်ဖြစ်ပြီး မည်သည့် အမျိုးသားမှ လက်မထပ်ချင်သည့် အမျိုးသမီးတစ်ဦးအဖြစ် ကြီးပြင်းရတော့မည်ဖြစ်သည်။
သို့သော်လည်း မေလ ၁၂ ရက်နေ့ နေ့လည်ပိုင်းတွင် အပြောင်းအလဲတစ်ခု ဖြစ်ပွားခဲ့သည်။
ဒုတိယမြောက်ငလျင်က ဟိမတန္တာတစ်ဝိုက်တွင် ထပ်မံလှုပ်ခတ်ခဲ့ပြီး မာယာ၏ ဘ၀လမ်းကြောင်းကို နောက်ထပ် အလှည့်အပြောင်းတစ်ခုဆီသို့ ခေါ်ဆောင်သွားလေတော့သည်။
အခွင့်အလမ်းပေါ်လာခြင်း
ပထမတစ်ကြိမ် ငလျင်လှုပ်သည့်နေ့တွင် ဟိမ၀န္တာတောင်ပေါ်မှ ဖုန်လုံးကြီးများ၊ ကျောက်တုံးများနှင့် အိမ်များက ဂေါရ်ခါးခရိုင်အပေါ်ကို လိမ့်ဆင်းလာပြီး ၎င်းတို့နေရာက ဗုံးကြဲခံရသကဲ့သို့ ဖရိုဖရဲဖြစ်ခဲ့သည်။ ကျောင်းတုံးကြီးတစ်တုံးက မာယာ၏ ဘယ်ဘက်ခြေထောက်ကို ပိသွားသည်။
၂ ရက်နီးပါးကြာမှ သူမကို ခတ္တာမန်ဒူရှိ ထရီဘူဗန် တက္ကသိုလ် သင်ကြားရေးဆေးရုံသို့ လေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြသည်။ ဆရာဝန်များက ခြေထောက်ဖြတ်ပစ်ရန်မှလွဲ၍ ၎င်းတို့တွင် မည်သည့်ရွေးချယ်မှုမှမရှိဟု ပြောကြားခဲ့သည်။ သူမကို စတွေ့စဉ်က မာယာမှာ နာကျင်မှုကြောင့် ရှုံ့မဲ့နေသည်။ မျက်ရည်ပူများကလည်း သူမ၏ ညစ်ထေးသော ပါးပြင်ပေါ်တွင် စီးကျနေသည်။
နေ့လည်ပိုင်းအချိန်တော်တော်များများကို ကျွန်မက သူမ၏ ဆေးရုံခုတင်တွင် ထိုင်ကာ ကုန်ဆုံးခဲ့ပြီး ဖခင်ဖြစ်သူနှင့် စကားပြောခဲ့သည်။ သူက မာယာ၏ သာမန်ဘ၀မှာ ဆုံးရှုံးသွားပြီဟု ၀မ်းနည်းကြေကွဲနေသည်။
ကျွန်မ နီပေါမှ ပြန်လာသည့်အခါ မာယာ၏ ဖခင်ကို ခတ္တာမန်ဒူတွင် အလုပ်လုပ်နေသည့် ဂျာနယ်လစ် အယုရှ် ခဒ်ကာမှတစ်ဆင့် ဆက်သွယ်ရန် ကြိုးစားခဲ့သည်။ မာယာမှာ ဆေးရုံးမှ ဆင်းသွားသည်ကို သိခဲ့ရပြီး ထို့နောက်တွင် သူမ၏ ဖုန်းကို ခေါ်၍ မရတော့။
ကျွန်မ အဆက်အသွယ်မရသည့်အချိန်တွင် မာယာနှင့် သူမ၏ ဖခင်တို့မှာ ရုမ်ချက် ရွာသို့ ရောက်သွားခဲ့ပြီး ဒုတိယအကြိမ် ငလျင်လှုပ်သည့်အချိန်တွင် ထိုရွာ၌ ရှိနေကြသည်။ ထိုရွာတွင် ၀ါရှန်တန်တက္ကသိုလ်မှ ဘွဲ့ရတစ်ဦးဖြစ်ပြီး ရည်ရွက်ချက်တစ်ခု ရှိနေသည့် ဂျဝါလန့် ဂူရန်က ၎င်းတို့အား တွေ့ရှိခဲ့သည်။
၂၀၀၆ ခုနှစ်အတွင်း သူ၏ MBA ပရောဂျက်တစ်ခုအတွက် ဂျဝါလန့် ဂူရန်မှာ ရိန်နီယာတောင်တွင် ရန်ပုံငွေရှာဖွေရေး တောင်တက်မှုတစ်ခုကို စီစဉ်ခဲ့ပြီး နီပေါရှိ ကျေးလက်ဒေသပညာရေးအား ထောက်ပံ့ရန်အတွက်လည်းပါသည်။ ဂူရန်မှာ 3 Summits ခေါင်းစဉ်ဖြင့် နီပေါအတွက်ပြုလုပ်သည့် ရန်ပုံငွေလှုပ်ရှားမှုမှတစ်ဆင့် အဆိုပါ တောင်တက်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုလှုပ်ရှားမှုမှ ဒေါ်လာ ၂ သိန်း ရခဲ့ပြီး နီပေါရှိ ကျေးလက်ဒေသများတွင် ကျောင်း ၆ ကျောင်း ဆောက်ပေးနိုင်ခဲ့သည်။
ဧပြီ ၂၅ ရက်နေ့ နီပေါငလျင်အတွင်း ဂူရန်မှာ နီပေါတွင်ရှိနေပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများသို့ ခြေစုံပစ်ဝင်ခဲ့သည်။ ငလျင်ဗဟိုချက်အနီးရှိ ဆင်ဂလာရွာမှာ ၎င်း၏လမ်းညွှန်များနှင့် အထမ်းသမားအမြောက်အများ နေထိုင်ရာ ရွာများထဲမှ တစ်ရွာဖြစ်ပြီး ထိုဖြစ်ရပ်ဆိုးကြီးက ၎င်းအတွက် ကိုယ်ပိုင်ပြဿနာ ဖြစ်လာခဲ့သည်။
ဂူရန်မှာ ဧပြီ ၂၅ ရက် ငလျင်ဒဏ်ကို အဆိုးဝါးဆုံး ခံခဲ့ရသည့် ဂေါရ်ခါးခရိုင်သို့ အရေးပေါ် ထောက်ပံ့ရေးပစ္စည်းများ စတင်ပေးပို့ခဲ့သည်။ တာလပတ်များ၊ ဆေးများ၊ စောင်များနှင့် ဆန်တို့ကို သယ်ဆောင်၍ ရမ်ချက်ဒေသသို့ရောက်ရန် ဂူရန်မှာ ၂ ရက်ကြာ လမ်းလျှောက်ခဲ့ရသည်။ ၎င်း၏ တကိုယ်လုံးတွင်လည်း ဖုန်များပေကျံကာ ကို့ရို့ကားယားဖြစ်နေသည်။ တစ်စစီဖြစ်နေသော အိမ်များ၊ ပြိုကျလုမတတ်ဖြစ်နေသော အိမ်များကလည်း နောက်ထပ်မြေပြိုမှုကို စောင့်နေသယောင်ယောင်။
အိမ်သို့ ခရီးကြမ်းနှင်နေသည့် ဖခင်၏ကျောပေါ်တွင် ကုန်းပိုးလိုက်လာသော မာယာကို တွေ့သည့်အခါ ကူညီနိုင်မည်ဆိုသည်ကို သူသိခဲ့သည်။ ဖခင် သို့မဟုတ် သမီးဖြစ်သူကို ခတ္တာမန်ဒူသို့ ခေါ်ဆောင်သွားပေးရမလားဟု သူက မေးခဲ့သည်။
“ကျွန်တော် သူ့ကို စောင့်ရှောက်ပေးမယ်ဆိုတာ မာယာရဲ့အဖေကို သေချာပြောခဲ့ပါတယ်။ ပြီးတော့ ကျွန်တော့်မှာ သူငယ်ချင်းဆရာဝန်တစ်ယောက် ရှိတယ်ဆိုတာကိုလည်း ကျွန်တော် သူတို့ကို ပြောခဲ့ပါတယ်” ဟု ဂူရန်က ပြောကြားခဲ့သည်။
၎င်း၏ သူငယ်ချင်း ဘီဘက် ဘန်စကိုတာက သာမန်ဆရာဝန်တစ်ယောက်မဟုတ်။ ဘန်စကိုတာ၏ ဖခင်မှာ မာယာကဲ့သို့ နီပေါရှိ ဝေးလံခေါင်သောသီဒေသများ၌ နေထိုင်သည့် ချို့တဲ့သော ကလေးငယ်များကို ကုသမှုများပေးရန် လွန်ခဲ့သည့် နှစ်များစွာကတည်းက အမေရိကမှ နီပေါသို့ ပြန်လာခဲ့သည့် အရိုးခွဲစိတ်ကု ဆရာဝန်ဖြစ်သည်။
၁၉၈၆ နှစ်တွင် သူက အကျိုးအမြတ်မယူသည့် ဆေးရုံတစ်ခုနှင့် မသန်းစွမ်းကလေးငယ်များအတွက် ပြန်လည်ထူထောင်ရေးစင်တာ HRDC ကို ဖွင့်လှစ်ခဲ့ပြီး ခြေထောက်ခွင်ခြင်း၊ ခါးရိုးမသန်ခြင်းနှင့် အခြားသော မသန်စွမ်းရောဂါများကို ခံစားနေရသည့် ကလေးငယ် ထောင်ပေါင်းများစွာကို ကူညီကုသပေးခဲ့သည်။ အဆိုပါဆေးရုံမှာ ပစ်ပယ်ခံထားရသည့် ကလေးများအတွက် အရိုးကြော ကုသမှုကိုလည်း အထူးပြုလုပ်ပေးခဲ့သည်။
ဘီဘက် ဘန်စကိုတာကလည်း ဖခင်ဖြစ်သူ၏ တိုက်တွန်းမှုကို လိုက်ခဲ့သောကြောင့် အရိုးခွဲစိတ်ကု ဆရာဝန် ဖြစ်နေပြီဖြစ်သည်။
ဘန်စကိုတာက မာယာအား ခြေတုတပ်ပေးနိုင်သည်ဆိုသည်ကို ဂျဝါလန့် ဂူရန်က သိခဲ့သည်။
“ခင်ဗျားရဲ့ဆေးခန်းကို ဒီကလေးမလေး ခေါ်လာလို့ရမလား” ဟု သူက ဘန်စကိုတာကို တယ်လီဖုန်းထဲတွင် မေးခဲ့သည်။ ခေါ်လာခဲ့ဟု အဖြေရသည့်အခါ ဂူရန်က မာယာ၏ အဖေကို စိတ်ပါလာအောင် စည်းရုံးရပြီး ခတ္တာမန်ဒူသို့ ပြန်လာခဲ့သည်။
ထိုအခြေအနေက ဘဟင် ဘဟာဒူး ဂူရန်အတွက် သီတင်းပတ်ပေါင်းများစွာ အိပ်မက်ဆိုး မက်ခဲ့ရပြီးနောက် ပျော်စရာကောင်းသည့် အိပ်မက်မျိုး ဖြစ်လာတော့မည့် အနေအထားလည်း ဖြစ်သည်။ အခုအချိန်တွင် ၎င်း၏ သမီးဖြစ်သူက လူကောင်းပုံစံမျိုး ပြန်ဖြစ်ရန် အခွင့်အရေးရတော့မည်ဖြစ်သည်။
ကံကောင်းသည့် ကြားဝင်မှု
ပြီးခဲ့သည့်သီတင်းပတ်နှောင်းပိုင်းမှ တစ်နေ့တွင် ဂျဝါလန့် ဂူရန် တည်ထောင်ထားသည့် ဆီယက်တဲလ်မြို့အခြေစိုက် Grand Asian Journeys ကုမ္ပဏီမှ လုပ်ငန်းဆောင်ရွက်ရေး ဒါရိုက်တာဖြစ်သော ပန်ပါရီ၏ ဖုန်းခေါ်မှုကို ကျွန်မ ရခဲ့သည်။ မာယာ၏အကြောင်းကို CNN မှ ဖတ်လိုက်ရပြီးနောက် ဂူရန်က ကယ်တင်ခဲ့သော မိန်းကလေးဖြစ်ကြောင်း မှတ်မိသွားခဲ့သည်။ ထိုအချိန်တွင် မာယာ၌ ကောင်းမွန်သော အနာဂတ် ရလာတော့မည်ကို ကျွန်မ သိလိုက်ရသည်။
မာယာအား ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ကုသပေးနေသည့် ဒေါက်တာ ဘန်စကိုတာကို ကျွန်မ ဖုန်းခေါ်လိုက်သည်။
မာယာအနေဖြင့် ဒူးဆစ်အောက်မှ ဖြတ်လိုက်ရခြင်းမှာ ကံကောင်းသည်ဟု သူက ကျွန်မကိုပြောသည်။ ခြေထောက်ခွဲစိတ်မှုလုပ်ငန်းစဉ်က အတော်လေးလက်ဝင်ခဲ့သည်။
“ခွဲစိတ်မှုက တော်တော်ကောင်းပါတယ်။ ဒါပေမယ့် ဖြတ်ထားတဲ့နေရာက အနာဟာ အခုမှ ကျက်နေတုန်းပါ” ဟု သူက ပြောခဲ့သည်။
ခြေထောက်အတု အံကိုက်ဖြစ်ရန်အတွက် မာယာ၏ ခြေထောက်ကို ဘန်စကိုတာက တိုင်းပြီးခဲ့ပြီ။ သို့ရာတွင် အဆင်သင့်မဖြစ်သေးသည့်အတွက် သီတင်းပတ်အနည်းငယ်တော့ သူမ စောင့်ရလိမ့်မည်။
“နီပေါ ကျေးလက်ဒေသက ကလေးငယ်အများစုရဲ့ ဘ၀တွေဟာ တော်တော်လေး ခက်ခဲကြမ်းတမ်းပါတယ်။ သူတို့မှာမရှိတဲ့ အရာတော်တော်များများကို ကျွန်တော်တို့က ဖြည့်ဆည်းပေးရပါတယ်။ ဒီလောက် ဒူပေဒါပေခံနိုင်တဲ့ ဒီကလေးတွေကို ကျွန်တော် အမြဲတမ်း အံ့သြရပါတယ်” ဟု ဘန်စကိုတာက ပြောကြားခဲ့လေသည်။
မာယာ၏ အပြုံးက လှုံ့ဆော်အားပေးမှုကို ဖြစ်စေသည်ဟု သူကဆိုသည်။ ခြေ၊ လက်များဖြတ်ထားရသည့် ကလေးငယ်အချို့အပါအ၀င် အခြားကလေးငယ်များ ပတ်လည်ဝိုင်းနေသည့် ဆေးရုံတွင် မာယာတစ်ယောက် ပျော်ရွှင်လာသည်ကို သူ မြင်ရသည်။ မသန်စွမ်းဖြစ်နေသည်မှာ သူမတစ်ဦးတည်း မဟုတ်ဟု သူမကို ဖြေသိမ့်စရာဖြစ်စေသောကြောင့်လည်း ဖြစ်မည်။
ဘန်စကိုတာ၏ ဆေးရုံအပြင်ဘက်တွင် အကူအညီလိုအပ်နေဆဲဖြစ်သော ငလျင်ဒဏ်ခံရသူများ၏ တဲတန်းများရှိနေပြီး ဧပြီ ၂၅ ရက်နေ့ကတည်းက ဆရာဝန်များမှာ တောက်လျှောက် လုပ်နေကြရသည်။ မာယာကတော့ အကြင်နာလက်များအတွင်း ရှိနေသည်ဟု ကျွန်မထင်သည်။
အခန်းတစ်ခန်းထဲရှိသည့် အိမ်၏ ထောင့်တစ်ထောင့်တွင်ထိုင်နေသော မာယာကို ကျွန်မ ဓာတ်ပုံရိုက်ခဲ့သည်။ အခုတော့ သူမတစ်ယောက် ကျောက်သားအတိပြီးသည့် တောင်ပေါ်လမ်းများတွင် တစ်ရွာဝင်တစ်ရွာထွက် ပြေးလွှားသွားနိုင်တော့မည်မဟုတ်။ ထိုကဲ့သို မမျှော်လင့်သည့် အပြောင်းအလဲအား တွေ့ကြုံသိမြင်ရသည်ကို ကျွန်မ ၀မ်းသာသည်။ ဒီနေရာတွင်ရှိနေသည့် ဇာတ်လမ်းများက ယခုကဲ့သို့ တိုးတက်မှုမျိုး သိပ်မရှိ။ သို့သော်လည်း ဆင်းရဲမွဲတေမှုကြီးမားပြီး သယံဇာတ အကန့်အသတ်ရှိသည့် ဒီလိုနိုင်ငံမျိုးတွင် အဆုံးသတ်ကို လုံးဝ ခန့်မှန်း၍ မရပေ။
သို့သော်လည်း အခုအချိန်တွင်တော့ ကြင်နာတတ်သူ လူစိမ်းများ၏ ကျေးဇူးကြောင့် မာယာတွင် မျှော်လင့်ချက် ရှိလာခဲ့ပြီ ဖြစ်လေသည်။
CNN မှ သတင်းဆောင်းပါးကို လေးမောင် ဆီလျော်အောင် ဘာသာပြန်ဆိုသည်။
Comments