မေ ၃၁၊ ၂၀၁၅
M-Media
– ဘောလုံးအဖွဲ့ချုပ်အတွင်း အစိုးရက ပါဝင်ပတ်သက်မှုကြောင့် အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ် PSSI ကို ဖီဖာက ပိတ်ပင်လိုက်ပြီး ထို့ကြောင့် နိုင်ငံဘောလုံးအသင်းမှာ နိုင်ငံတကာ ပြိုင်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးမည်ဖြစ်သည်။
အင်ုဒိုနီးရှား စူပါလိဂ် ISL တွင် မည်သည့်အသင်းများကို ကစားခွင့်ပေးမည်ဆိုသည်နှင့် ပတ်သက်၍ အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ်နှင့် အားကစားနှင့် လူငယ် ၀န်ကြီးဌာနတို့အကြား ပြဿနာများ ဖြစ်ပွားခဲ့ပြီး ဘောလုံးရာသီ တစ်ရာသီ ဖျက်သိမ်းခဲ့ရသည်အထိ ဦးတည်ခဲ့ပြီးနောက် ဖီဖာက ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်းဖြစ်သည်။
ထိုပြဿနာကို ဖြေရှင်းရန်အတွက် နောက်ဆုံးရက်ကို မေလ ၂၉ ရက်နေ့ သတ်မှတ်ပေးခဲ့ပြီး ယခုအချိန်တွင် အင်ဒိုနီးရှား အသင်းအား နိုင်ငံတကာပြိုင်ပွဲများ တွင် ၀င်ရောက်ယှဉ်ပြိုင်ခြင်းမှ တားမြစ်ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ အင်ဒိုနီးရှားအသင်းမှာ ကမ္ဘာ့ဖလားဝင်ခွင့်အဖြစ် လာမည့် နှစ်ပတ်ကျော်တွင် ထိုင်ဝမ်အသင်းနှင့် ခြေစစ်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အဆိုပါ ခြေစစ်ပွဲမှာ အာရှဖလားအတွက် ခြေစစ်ပွဲလည်းဖြစ်ကာ ယခုဖြစ်ရပ်ကြောင့် ပါဝင်ကစားခွင့် ရတော့မည်မဟုတ်ချေ။
ဖီဖာက ထိုကဲ့သို့ ပိတ်ပင်ခဲ့သော်လည်း စင်ကာပူတွင် ကျင်းပပြုလုပ်နေသည့် ဆီးဂိမ်းဘောလုံးပြိုင်ပွဲတွင် အင်ဒိုနီးရှား အသင်းမှာ ဆက်လက်ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်သည်။
“အမှုဆောင်ကော်မတီက အင်ဒိုနီးရှားဘောလုံး အဖွဲ့ချုပ်ကို ချက်ချင်းသက်ရောက်စေတဲ့ ပိတ်ပင်မှုပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး ဖီဖာရဲ့ သဘောထားတွေထဲက အပိုဒ် ၁၃ နဲ့ ၁၇ တို့နဲ့ ကိုက်ညီအောင် ဆောင်ရွက်နိုင်မှု မရှိမချင်း ဒီပိတ်ပင်မှုက ရှိသွားမှာပါ” ဟု ဖီဖာ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ထိုသို့ ပိတ်ပင်ခြင်းမှာ အင်ဒိုနီးရှားဘောလုံးအဖွဲ့ အတွင်း အာဏာပိုင်များ၏ ၀င်ရောက် စွက်ဖက်မှုကြောင့် ဖြစ်သည်ဟုလည်း ထည့်သွင်းဖော်ပြထားသည်။
Ref: Goal
Comments