ဇွန် ၁၉ ၊ ၂၀၁၅
M-Media
နှင်းဆီခင် ရေးသည်။
ဘဝမှာကြီးကြီးမားမားပြောင်းလဲရတဲ့ အဆင့်တွေ ရှိနေတတ်ပါတယ်။ မူလအခြေအနေနောက်တစ်ခုကို အလိုက်သင့် လက်ခံနိုင်တာ ပျော်ရွှင်ကြည်နူးမှု အပြည့်နှင့် လှမ်းနိုင်မလှမ်းနိုင် ဆိုတာကတော့ ကာယကံရှင် တစ်ဦးစီရဲ့ ခံယူချကပေါ် မှီနေတယ်လေ။ အပြောင်းအလဲပေါ်မှာ ကိုယ့်ရဲ့အမြင်က အဓိကကျနေတာကိုး။ ခက်ခဲပင်ပန်းလွန်းတယ်ဆိုတဲ့ အဆိုးမြင်စိတ်နှင့် ဆိုရင်တော့ ထင်ထားတဲ့အတိုင်းစိတ်ပင်ပန်းမှုဒဏ်ကို မလွဲမသွေခံစားရမှာပါ။ ဒါမှမဟုတ် ဘဝမှာအခြေအနေ တစ်ခုကနေ နောက် တစ်ခုကို ပြောင်းလဲခြင်း ဆိုတာ ကိုယ့်ကျမှထူးပြီးဖြစ်တာမျိုးမှ မဟုတ်တာ။ သူများတကာတွေလည်း ဒီလိုချည်းပေါ့။ ဒါဟာသဘာဝ တရားပဲလေလို့ ခံယူပြီးအကောင်းမြင်ကြည့်နေမယ်ဆိုရင်တော့ အဆင်ပြေမှာပါ။ စိတ်ခံစားမှုရဲ့နောက်မှာ အရိပ်လိုကပ်ပါလာတတ်တဲ့ အကျိုးဆက်တွေရဲ့ အတွန်းအတိုက်ကို ခံစားကြရမှာလည်း သေချာတဲ့ကိစ္စရပ်တစ်ခုပဲပေါ့။ ကျယ်ပြောလှတဲ့ လူမှုရေးနယ်ပယ်မှာ ကိုယ့်ဘဝလေးရှင်သန်ကြည်နူးစွာ ရှင်သန်ဖို့ကိုယ်တိုင်လုပ်ယူရမဲ့ အချက်အလက်တွေကို ပညာရှင်တွေက အဆိုပြု လမ်းညွှန်ထားကြတယ်။
ဘဝမှာမှတ်မှတ်သားသားပြောကြ စတမ်းဆိုရင် ချိုမြိန်စရာကောင်းတဲ့ အခါ သမယတွေဟာ လူတိုင်း အတွက်ရှိနေဆဲပါ။ တစ်စုံတစ်ခုသော အပြောင်းအလဲ ဆိုတာကလည်း ရုပ်ပိုင်းဆိုင်ရာထက် ရင်ထဲမှာ တစ်စိမ့်စိမ့် ခံစားရင်း မှတ်မှတ်ထင်ထင်ဖြစ်ကြရတာမျိုး။ ဘယ် အသက်အရွယ်ရောက်လို့ ဘယ်လိုပဲလောကဓံနှင့် ဇရာဖိစီးမှုကို ခံရပါစေ။ အခုတွေးကြည့်ရင် ချက်ချင်းဆိုသလို ရင်ထဲမှာ လှိုက်ခနဲကြည်နူးလာတတ်တာကိုး။
ဆိုပါစို့။ ကလေးအရွယ်မှာ အမေ့ရင်ခွင်ထဲ လုံခြုံနွေးထွေးမှု အပြည့်နှင့် သက်တောင့်သက်သာ ကလေးနေနေရာက ကျောင်းနေချိန် အရွယ်ရောက်လာတော့ သူစိမ်းသူရံ တွေကြားမှာ ရောက်သွားတာ တကယ့်ကို အပြောင်းအလဲကြီးတစ်ခုလို့ ဆိုရမယ်။ အဲဒီအခါ နေတတ်ထိုင်တတ်အောင် ကိုယ့်ဘာသာပြုပြင် ယူလိုက်ကြရစမြဲပါပဲ။ အဲဒီလိုကလေးတွေ ဘဝကနေ မမောတမ်း ခရီးရှည်ကြီးလျှောက်ရင်း ပညာတွေသင်၊ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်အောင်ကြိုးပမ်း စတာတွေနှင့် လုံးချာလိုက်နေရပြန်ပါပြီ။
ရုပ်ပိုင်းဆိုင်ရာက ဘယ်လိုပဲလှုပ်ရှား ရုန်းကန်နေတယ်ပဲထားဦး၊ နှလုံးသား ခံစားချက်ဆိုတာကိုတော့ မေ့ထားလို့မှမရတော့တာပဲ။ အဲဒီအခါ ရင်ခုန်ခံစားခြင်းဆိုတဲ့ ဘဝရဲ့အထင်ကရအဆင့်ကို လှမ်းရပြီပေါ့။ ဒါဟာလည်း ဘဝမှာထင်ရှားတဲ့ အပြောင်းအလဲ တစ်ခုဖြစ်လာပြန်တယ်။ မချစ်ဘူး မချစ်ဘူး ဆိုတော့လည်း အရူးအမူး ခံစားရလောက်ပါတယ်။ “ချစ်တယ်” ဆိုတဲ့ရိုးသားစွာတောင်း ခံလာတဲ့ (ယောင်္ကျားပျိုရဲ့) တောင်းဆိုမှုအပေါ် ချစ်သူမိန်းကလေးရဲ့ ခေါင်းညိတ်ခေါင်းခါ အဖြေတစ်ခုဟာ တစ်ဘဝစာ အရေးပါတာတော့ အမှန်ပါပဲ။ နှစ်ဖက်မိဘ ဆွေမျိုးအသိုင်းအဝိုင်း၊ ဥစ္စာ၊ ပညာ အချက်အလက်ပေါင်း များစွာပေါ်မှာ အခြေခံပြီး အလေးအနက်စဉ်းစား လက်တွဲခဲ့ကြသူတွေ ရှိကြတယ်။ ဒါပေမယ့် ခေါင်းစဉ်မည်မည်ရ မရှိပါဘူး။ နှလုံးသားချင်း နားလည်မှုလေးတစ်ခုတည်းနှင့် ချစ်သွားကြသူတွေကလည်း မနည်းမနော။ ဘယ်လို အခြေအနေကြောင့်ပဲဖြစ်ဖြစ် ရင်ခုန်လှုပ်ရှားရတဲ့ ချစ်သူဘဝဆိုတာ လူတိုင်း နီးပါးကျော်ဖြတ်ဖြစ်ခဲ့ကြတာပဲပေါ့။ အမေတို့ သဘောကျရွေးချယ်ပေးတာကို ရင်ခုန်သံအေးစက်စက်နှင့်ပဲ ဘဝတစ်ခုကို လက်တွဲလျှောက်ကြတာကတော့ ခြွင်းချက်ပေါ့နော်။
ချစ်သူဘဝရဲ့အပျော်လေးတွေမှာ လက်တွေ့ကျတဲ့ ဆန်၊ ဆီ၊ ဆား ကိစ္စတွေကို ထည့်စဉ်စားဖို့မှ မလိုတာပဲလေ။ ပျော်ရွှင်စရာနေ့ရက်တွေ ချည်းပေါ့။ လူငယ်လူရွယ်လေးတွေက စောဒကတတ်ကြတယ်။ ရည်စားဘဝရဲ့ လက်ရှိအပျော်လေးတွေကို ဘဝအမောနှင့် သောကကို ချည်းတွေးရင်း ဖျက်ဆီးပစ်လိုက်ရတော့မှာတဲ့လားတဲ့။
“ဆင်းရဲခြင်းက တံခါးခေါက်တဲ့အခါ အချစ်တို့သည် ပြတင်းပေါက်မှ ခုန်ထွက်ပြေးသွားကြသည်” ဆိုတဲ့ အဆိုအမိန့်တွေကိုချည်း ထပ်ပြန်တလဲလဲ စဉ်းစားရင်းအချစ်ရဲ့ချိုမြိန်မှုတွေကို ဥပေက္ခာပြုလိုက်ရတော့မှာတဲ့လား တဲ့။
တကယ်တမ်းပြောမယ်ဆိုရင် အမေတို့၊ အဘွားတို့တုန်းကလည်း အိုးတစ်လုံးဖျာ တစ်ချပ်နှင့်ဘဝကို ရဲရဲဝံ့ဝံ့စခဲ့ကြတာမျိုးတွေ မရှိ မဟုတ်ရှိနှင့်ပြီးသားပါ။ နောက်တော့လည်း သားတစ်ဖျာမြေး တစ်ရာရတဲ့အထိ ပျော်ရွှင်သာယာတဲ့ အိမ်ထောင်လေး တစ်ခုကို တည်ဆောက်နိုင်ခဲ့ကြတယ်။ ဒါဟာဘာကြောင့်များလဲ ဘဝရဲ့အပြောင်းအလဲတစ်ခုကု လှမ်းတဲ့အခါ ခိုင်မာတဲ့ ဘဝအခြေအနေ တစ်ခုရောက်ကို ရောက်ရမယ်ဆိုတဲ့အနေနှင့် ကျားကုန်ကျားခဲကြိုးပမ်းခဲ့ကြလို့ပေါ့။ ဇွဲနှင့်ကြံ့ခိုင်မှုဆိုတာ မရှိမဖြစ် လိုအပ်ချက်တွေဖြစ် သလို သာယာတဲ့ အနာဂတ်ဘဝကို တည်ဆောက်ဖို့ အတွက် ပညာအခြေခံ၊ အတွေးအခေါ်ရင့်သန်မှုဆိုတာတွေလည်းလိုပြန်ရော။
လောကဓံရဲ့အခိုက်အတန့်တွေကို ကြုံလာရတဲ့အခါ ခိုင်မြဲတဲ့ သစ္စာတရား၊ အချင်းချင်းနားလည်စာနာလေးမှုတွေက ပျော်ရွှင်ခြင်း တံခါးကိုရောက်ဖို့ တွန်းအားပေးနေကြတာတွေပဲပေါ့။ နှစ်ယောက်တစ်ဘဝ တည်ဆောက်ရာမှာ လူမှုကျင့်ဝတ်တွေကို မပျက်မယွင်းထိန်းသိမ်းဖို့၊ အကျင့်စာရိတ္တအရာမှာ တစ်ရွေးသားကလေးမှ အပွန်းအပဲ့မခံစေရအောင်တော့ အလေးအနက် ထားကြရမှာပါ။
တစ်ခါက ကျင်းပခဲ့တဲ့ ရွှေရတု အခမ်းအနားတစ်ခုမှာ ကာယကံရှင် အမျိုးသမီးကြီး (အထူးကုဆရာဝန်ကြီးတစ်ဦး) ကပြောဖူးတယ်။
“သမီးရေ အမေတို့အခုလို ရွှေရတုအခမ်းအနား ကျင်းပဖြစ်ဖို့ လွယ်တယ်လို့တော့ မထင်လေနဲ့။ နှစ် (၅၀) အိမ်ထောင်သက်တမ်းမှာ အဆင်မပြေတာတွေ၊ ဒေါသတွေ၊ ဝမ်းနည်းကြေကွဲရတာတွေကို တစ်လှည့်စီကြုံခဲ့ရတာပေါ့။ ဒါပေမယ့် အမေတို့က အခက်အခဲမရှိ ကျော်ဖြတ်နိုင်ခဲ့ကြတယ်။ အဲဒါ ဘာကြောင့်လဲသိလား။”
“ဟုတ်ကဲ့ ပြောပါ အမေ ဆိုတော့”
“သူရောကိုယ်ပါ ပညာတတ်၊ ရာထူးရာခံတွေနဲ့ချည်းဆိုတော့ မာနချင်းပြိုင်ဖို့ အခွင့်အလမ်းကတော်လေး များနေတယ်လေ။ ဒါပေမယ့် အမေတို့က လက်ဆွဲနှုတ်ဆက်တဲ့ သဘောမျိုးအမြဲကျင့်တယ်”
“လက်ဆွဲနှုတ်ဆက်တယ်ဆိုတာကရော”
“ဒီလိုလေ လက်ဆွဲနှုတ်ဆက်ရင် ဘယ်သူ့ ဘယ်သူ့မှ အသာစီးမရှိဘူး။ လက်ချင်းအညီထားကြရတယ်။ အထက်အောက်ထားလို့မှ မရတာ။ ဒီလိုပါပဲ အမေတို့လည်း တစ်ဦးကိုတစ်ဦးလေးစားတန်ဖိုးထားတယ် အပေဒအယူမျှအောင် ကြိုးစားတယ်။ ဒါပါပဲ” တဲ့။
လက်ဆွဲနှုတ်ဆက်ကြရင်း ကာလအရှည်ကြီးကို လျှောက်ကြရအောင်ပါ။
နှင်းဆီခင်
Comments